Part-31(Unicode)

1.7K 172 14
                                    

မီးဖိုချောင်းအတွင်းက ပျံ့နှံ့လာသည့် အမျိုးအမည်မသိရသေးတဲ့ ဟင်းရနံ့ကတစ်အိမ်လုံးကို လှိုင်လှိုင်ဝေနေသည်။ ထို့အပြင့် မီးဖိုချောင်အတွင်း ဝင်ခွင့်မရလို့ မီးဖိုချောင်အပြင်ဘက်မှာ ကုတ်ချောင်းကုတ်ချောင်းနှင့် ဖြစ်နေကြသည့် သားအဖနှစ်ယောက်လည်းရှိပါသေးသည်။

'ဖေဖေ..ဖေဖေက မေမေ့အရိပ်ကိုကြည့်နေပေး။ လင်းက အနောက်ပေါက်က ဝင်ချောင်းမယ်။ ဟိုမှာ..ဟိုမှာ ဟိုအိုးကိုတော့မြင်ရလိမ့်မယ်ဖေဖေ'

လင်းလက်ကြယ်တို့ မီးဖိုချောင်မှာ အပြင်ဘက်ခြံထဲကနေ မီးဖိုချောင်ထဲကိုဝင်နိုင်သည့် တံခါးပေါက်အပိုတစ်ချပ်ပါရှိသည်။ လင်းလက်ကြယ်က အနောက်တံခါးအနီးအနားတွင်ရှိနေသော ဟင်းအိုးကိုလက်ညိုးဖြင့် ညွှန်ကာ အဖေဖြစ်သူကို အကြံအစည်တွေ တီးတိုးပြောပြနေသည်။ ဦးထင်လင်းကလည်း အသံတိတ်အိုကေ ပုံစံပြလိုက်ပြီး ဇနီးသည်ရဲ့အရိပ်အခြေကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။
လင်းသားအဖနှစ်ယောက်လုံးက ဟင်းမြည်းရဖို့အရေးကို အရေးကြီးမစ်ရှင်တစ်ခုအတိုင်းလုပ်နေကြသည်။

ဒီနေ့မှ မေမေက ရုတ်တရက်ကြီး လင်းနှင့်ဖေဖေ့ကို မီးဖိုချောင်ထဲဝင်ခွင့်မပြု။ ရေသောက်ချင်ပါတယ်ဆိုတာတောင် မဝင်ခိုင်းပဲ ရေဘူးတွေကိုသာထုတ်ပြီး ဧည့်ခန်းထဲထားပေးသည်။ မေမေက အဲ့လိုတွေလုပ်နေလေ လင်းတို့နှစ်ယောက်ကပိုပြီး စိတ်ဝင်စားကြလေ။

'ဟိုသားအဖတွေ..အနောက်ပေါက်က တစ်လှမ်းဝင်မယ်ကြံရင် လုံးဝစားရတော့မှာ မဟုတ်ဘူးနော်။ ငြိမ်ငြိမ်လေးနေပြီး ကျွန်မချပေးတာကို စားမလား..ဒါမှမဟုတ် မစားဘဲနေမလား'

မီးဖိုချောင်ထဲက တစ်ချက်လွှတ်ရာဇသံကြောင့် လှုပ်ရွနေသည့်သားအဖနှစ်ယောက်လုံးငြိမ်ကျသွားသည်။ အခုမှအနောက်တံခါးပေါက်တံခါးမှာ ရပ်ခါစရှိသေးသည့် လင်းလက်ကြယ်က ပြတင်းပေါက်မှတစ်ဆင့် အဖေဖြစ်သူကို လက်မဇောက်ထိုးလုပ်ပြီး ခေါင်းခါပြသည်။

ဒေါ်သံသာလင်းက ယောက်မကိုကိုင်ထားရင်း ဟင်းအိုးအဖုံးကို ဖွင့်လိုက်ချိန်မှာ ဟင်းရနံ့ကထပ်၍လှိုင်တက်လာသည်။ ထိုလှိုင်တက်လာသော ဟင်းနံ့ကို လင်းနှာခေါင်းအတွင်းသို့တစ်ဝကြီးရှုသွင်းပစ်ပြီး တဂွီဂွီမြည်နေသည့် ဗိုက်ကိုပွတ်ကာ စိတ်ဖြေလိုက်သည်။

SoulWhere stories live. Discover now