80

7.9K 1.5K 97
                                    

Unicode

“နေဦး..”

လူသတ်ဖို့လုပ်နေတဲ့ ရင်းဆုယဲ့ကို ရွှယ်ယို့ရှန်းက ကပျာကယာ တားဆီးလိုက်တယ်။

ရွှယ်ယို့ရှန်းရဲ့ အသံကြောင့် ရင်းဆုယဲ့မှာ တစ်ခဏတုံ့ဆိုင်းသွားရပြီး ရင်းဝူရွှမ်ရဲ့ လည်ပင်းနဲ့ ထိကပ်နေပြီဖြစ်တဲ့ သူ့ရဲ့ဓားလည်း ရပ်တန့်သွားခဲ့တယ်။ ထို့‌နောက် ရွှယ်ယို့ရှန်းကို နားမလည်နိုင်တဲ့ အကြည့်နဲ့ လှည့်ကြည့်လာခဲ့တယ်။

သူ့ကိုယ်သူသေပြီလို့ သေချာပေါက် ထင်မှတ်နေခဲ့တဲ့ ရင်းဝူရွှမ်က သေဘေးကနေ လွတ်မြောက်သွားတာကြောင့် ရွှယ်ယို့ရှန်းကို ကယ်တင်ရှင်ကြီးအလား လှည့်ကြည့်လာတယ်။ သူ့ရဲ့အကြည့်က အရင်ကထက်တောင် စိတ်အားထက်သန်နေတော့တယ်။

“ရင်းဝူရွှမ်သေလို့မဖြစ်သေးဘူး..!”

ရင်းဆုယဲ့သာ ရင်းဝူရွှမ်ကို အခုချိန်မှာသတ်ဖြတ်လိုက်ရင် ရင်းအိမ်တော်နဲ့ ရန်သူဖြစ်သွားနိုင်တဲ့အပြင် မြို့တော်ရဲ့ အာဏာပိုင်တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်။ ဒီအတိုင်းဆက်သွားနေရင် အနှေးနဲ့အမြန်ဆိုသလို တစ်ကမ္ဘာလုံးရဲ့ ဘုံရန်သူ ဖြစ်သွားလိမ့်မယ်.. ဟူး..! အဲ့တော့ ဘာမဟုတ်တဲ့ ရင်းဝူရွှမ်အတွက်နဲ့ ပြဿနာတွေကို လက်ယပ်မခေါ်တာပဲ ကောင်းတယ်။ လုံးဝမတန်ဘူးလေ..!

ပြီးတော့ ရင်းဆုယဲ့က ဘယ်လောက်ပဲစွမ်းအားကြီးပါစေ၊ သူတစ်ယောက်တည်းနဲ့ လူအများကြီးကို တစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာ တကယ်မလွယ်ဘူး။ ဒီအကြောင်းပြချက်တွေကြောင့် လူသတ်ဖို့လုပ်နေတဲ့ ရင်းဆုယဲ့ကို တားဆီးလိုက်ရတာ ဖြစ်တယ်။

ရှေးလူကြီးတွေ ပြောခဲ့သလိုပေါ့ 'ယောက်ျာကောင်းတစ်ယောက်က ၁၀ နှစ်ကြာလည်း လက်စားချေဖို့ နောက်မကျဘူး..!'

“စိတ်ပူစရာမလိုဘူး..”

တစ်ချက်ကြည့်လိုက်ရုံနဲ့ ကောင်လေးက သူ့ကို ဘာလို့ဟန့်တားနေသလဲဆိုတာ ရင်းဆုယဲ့ နားလည်သွားခဲ့တယ်။ အကြောင်းအရင်းက သဘောထားကြီးလို့မဟုတ်ပဲ သူ့အတွက် စိုးရိမ်နေလို့ပဲ။

ထိုအတွေးကြောင့် ရင်းဆုယဲ့ရဲ့ နှလုံးသားထဲ လွတ်လပ်ပေါ့ပါးလာတယ်။ တစ်ချိန်တည်းမှာပဲ ရင်းဝူရွှမ်ကို သတ်ဖြတ်ချင်စိတ်က ပိုမိုတိုးပွားလာခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now