Chapter 74:(ဝိုင်ခွက်အား ပြိုင်တူ မြှောက်၍ ဆုတောင်းမင်္ဂလာပြုခြင်း)

1.2K 223 40
                                    

[Unicode]
- ဝိုင်ခွက်အား ပြိုင်တူ မြှောက်၍ ဆုတောင်းမင်္ဂလာပြုခြင်း -

နှစ်တစ်နှစ်၏ ဒုတိယမြောက် လဖြစ်သည်နှင့်အညီ ထိုလသည် ပိုးစာပင်နှင့် ဗီသွာပင်တို့ကို စိုက်ပျိုးရန် အတွက် အရေးပါသော လတစ်လ ဖြစ်လို့ နေရာ၊ ‌အရပ်ဒေသအသီးသီးတွင် ရှိသော မှူးကြီးမတ်ရာများသည် ထိုကိစ္စနှင့် ပတ်သတ်ပြီး အထက်သို့ အစီရင်ခံစာများ တင်သွင်းကြကာ၊ ရန်ပုံငွေခွဲဝေပေးရန်အတွက် ဘဏ္ဍာရေးဌာနအား သတိပေး လှုံ့ဆော်ခဲ့ကြသည်။ သို့ဖြစ်၍ ဌာနအသီးသီးမှ အရာရှိများမှာ တောင်လိုရာလို ပုံနေသော အစီရင်ခံစာများကြောင့်၊ အချိန်ပြည့် အလုပ်လုပ်နေကြရပြီး၊ နောက်ဆုံး၌ အားအင်ကုန်ခမ်းကာ ခြေကုန်လက်ပမ်းပင် ကျလာကြတော့၏။

လီကျန့်ဟန်သည် သူ၏ အမှုထမ်းများအား ဆုလာဘ်တော်နှင့် ဘွဲ့ထူးများကို အသီးသီးဆုချီးမြှင့် ခဲ့ပြီး၊ ရှောင်းချီရယ်အား တင့်တူးဟိုအမတ်မင်းဘွဲ့ ကို ချီးမြှင့်ခဲ့ကာ၊ ရှန်ဇယ်ချွမ်းကိုမူ အဆင့်တစ်ဆင့် ကျော်၍ အဆင့်သုံး ဒုတပ်မှုးအဖြစ် တိုးမြှင့်၍ ဆုချီး မြှင့်ခဲ့သည်။ သို့ဖြစ်၍ ရှန်ဇယ်ချွမ်းမှာ အဆင့် သုံး ဒုတပ်မှူးရာထူးအား လက်ခံနေရစဉ် မှာပင် မြောက်ပိုင်း ခုံရုံးအရာရှိ ရာထူးကိုလည်း လက်ခံခဲ့ရပြီး၊ တော်ဝင်အကျဉ်း ထောင်အား တာဝန်ယူ ကွပ်ကဲခဲ့ရသည်။

အတွင်းဝန်ရုံးအနေဖြင့် ထိုကိစ္စအား မူလက လုံးလုံး လျားလျား သဘောမတူခဲ့သော်လည်း၊ အမတ်ကြီး ချန်ယွိကမူ အစီရင်ခံစာတစ်စောင် တင်သွင်းကာ ထိုကိစ္စအား သဘောတူကြောင်း အခိုင်အမာ ထောက်ခံပြောဆိုခဲ့သည်။ ထိုအခါမှသာလျှင် အမတ်ကြီး ဟိုင်လျှန်ယီသည်လည်း ကပ်ရောဂါ ပြန့်ပွားနေစဉ်အတွင်း ရှန်ဇယ်ချွမ်းလုပ်ဆောင်ခဲ့သော ရှန်ဇယ်ချွမ်း၏ လုပ်ဆောင်မှုများကို ပြန်ပြောင်းအောက်မေ့လျက်၊ အမြင်ပြောင်းသွားခဲ့ကာ၊ အနှီးလူအား ရာထူးတိုးပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ရှောင်းချီရယ်သည်ကား ရှန်ဇယ်ချွမ်းအတွက် နားကပ်သေတ္တာအား ယူဆောင်လာခဲ့ပြီးပြီ ဖြစ်သည့်တိုင်၊ သူဟာ အနှီးလူနှင့် တွေ့ဆုံရန် တစ်ကြိမ်တစ်ခါမှပင် အခွင့်အရေး မရခဲ့ပေ။ အကြောင်းမှာ ရှန်ဇယ်ချွမ်းသည် တော်ဝင်အကျဉ်းထောင်သို့ နေ့စဉ်နေ့တိုင်း သွားနေရပြီး၊ နှစ်သစ်မတိုင်ခင်ကတည်းက စုဆောင်းထားသော မဖြေရှင်းရသေးသည့် အမှုများကို စုပြုံ၍ ဖြေရှင်းနေရသောကြောင့်ပင် ဖြစ်သည်။ အနှီးရှန်ဇယ်ချွမ်းသည် အလုပ်များလွန်းသဖြင့်၊ တစ်ခါတစ်ရံ၌ တစ်ညလုံး မအိပ်ဘဲ နေရပြီး၊ တစ်ခါတစ်ရံ၌မူ ထမင်းကိုပင် နပ်မှန်အောင် မစားခဲ့ရချေ။ ထို့အပြင် သူသည် သူ၏ ဆရာ ချီဟွေ့လျှန်နှင့် ကျိကန်းရှစ်ဖူးအား သူ့ဆီသို့ ပြန်ခေါ်ဆောင်နိုင်ရန်အတွက် ရှီးဟုန်ရွှမ်းအား ‌မျက်ခြေမပျတ် စောင့်ကြည့်နေရန် ချောင်ထျန်းယာအား အမြဲတ‌စေ မှာကြားနေခဲ့ရသည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now