91

7.8K 1.4K 39
                                    

Unicode

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို သူ့ရဲ့ရင်ခွင်ထဲ ထွေ့ပွေ့ထားလိုက်တယ်။ သူ့နှလုံးသားထဲမှာ ခိုအောင်းနေတဲ့ လူသတ်ငွေ့တွေလည်း ထိန်းချုပ်လို့မရအောင် ထွက်ပေါ်လာပြီး သွေးပင်လယ်ငရဲကြားမှာ လမ်းလျှောက်နေတဲ့ မိစ္ဆာကောင်အလား အေးစက်နက်ရှိုင်းလွန်းတဲ့ မျက်ဝန်းအစုံက သွေးနီရောင်လွှမ်းလာခဲ့တော့တယ်။ အေးစက်ထက်ရှတဲ့ ထိုမျက်ဝန်း​တွေက ခန္ဓာကိုယ်ထဲကနေ စိမ့်ထွက်လာတဲ့ လူသတ်ငွေ့တွေနဲ့ ပေါင်းစပ်လိုက်တော့ အရာအားလုံးကို ပိုင်းဖြတ်ပစ်တော့မယ့် သွေးဆာနေတဲ့ ဓားတစ်လက်အလား ထင်မှတ်ရစေတယ်။

ဟော်လင်းယွင်က ရင်းဆုယဲ့ရဲ့ပြောင်းလဲမှုကို ရုတ်တရက် သတိမထားမိခဲ့ဘူး။ သူ့ရဲ့စိတ်ထဲမှာ လက်စားချေနိုင်ရေးသာ တွေးတောနေခဲ့တယ်။ ထို့ကြောင့် ရင်းဆုယဲ့ကို အရင်ဆုံးရှင်းပစ်ပြီး ရွှယ်ယို့ရှန်းကို ဖမ်းဆီးနိုင်ရန် ကြိုးစားလိုက်တယ်။

ဟော်လင်းယွင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ကွက်ကို ခံစားမိလိုက်တာနဲ့ ရင်းဆုယဲ့ရဲ့ အရှိန်အဝါက ရုတ်ချည်း ပြောင်းလဲသွားပြီး ကြီးမြတ်သောဘုရင်တစ်ပါးရဲ့ ဖိအားအရှိန်အဝါက ဟော်လင်းယွင်ထံကို ဦးတည်ပျံ့နှံ့သွားခဲ့တော့တယ်။

ဟော်လင်းယွင်ရဲ့ တိုက်ကွက်က ရင်းဆုယဲ့အနားတောင် မရောက်လိုက်ရှာဘူး။ ပြင်းထန်လွန်းတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပြီးနောက် ထိန်းချုပ်ခံလိုက်ရလေတယ်။ ထိုဖိအားက သူ့ရဲ့အတွင်းအားကို ဖိနှိပ်ပစ်လိုက်ရုံသာမက ဝိဉာဉ်စွမ်းအားကိုပါ ဖိနှိပ်လာခဲ့တယ်။

ကြီးမားလွန်းတဲ့ ဖိအားအရှိန်အဝါကို ရင်ဆိုင်လိုက်ရသူတိုင်း မျှော်လင့်ချက် ပျက်သုန်းရလိမ့်မယ်။ ဟော်လင်းယွင်လည်း ခြေတစ်လှမ်းတောင် မလှုပ်နိုင်တော့တဲ့အပြင် ‘Pause’ ခလုတ် နှိပ်လိုက်သလိုမျိုး ရပ်တန့်သွားခဲ့တယ်။

ယခုအချိန်ထိ ဘာမှမလုပ်ရသေးသလို မောက်မာထောင်လွှားစွာ မတ်တပ်ရပ်နေတဲ့ ထိုအမျိုးသားကို ဟော်လင်းယွင်က ကပျာကယာ မော့ကြည့်လိုက်တယ်။ အကြည့်တစ်ချက်နဲ့တင် လူတိုင်း တုန်လှုပ်ချောက်ချားသွားရလောက်တဲ့ အန္တရာယ်တစ်ခုကို ခံစားလိုက်ရလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now