156

4.5K 912 5
                                    

Unicode

“ရင်းဆုယဲ့.. မင်းကလည်း မြန်လိုက်တာကွာ.. ငါ့မှာ မျက်ခြေပြတ်တော့မလို့..!”

လူရိပ်မမြင်ရသေးပေမယ့် ဟွမ်ပေ့ချန်ရဲ့ ပွစိပွစိရေရွတ်သံကို လူတိုင်း ကြားလိုက်ရတယ်။

ရင်းဆုယဲ့က ဆွေးနွေးနေရာကနေ ရုတ်တရက် ထထွက်သွားတာကြောင့် ဟွမ်ပေ့ချန်လည်း အနောက်ကနေ လိုက်လာခဲ့တယ်။ ဟွမ်ပေ့ချန်က ရင်းဆုယဲ့ သူ့အပေါ် အမြင်မကြည်မှန်း သိနေပေမယ့် ဒီလောက်အနေအထားထိ ညှိနှိုင်းနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ အဲတာကြောင့် လက်မလျော့ချင်ခဲ့ဘူး။ ပြီးတော့ ရင်းဆုယဲ့က ဘာကိုမှဂရုမစိုက်ဘဲ ပြေးထွက်သွားတာကြောင့် ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်ပျက်နေမှန်း သဘောပေါက်လိုက်တယ်။ တကယ်လို့ ရင်းဆုယဲ့မှာသာ ပြဿနာတစ်ခုခုရှိခဲ့ရင် သူ့လို ဘုရင်တစ်ပါးကပဲ ကူညီပေးနိုင်လိမ့်မယ်။

တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းကို ရင်းဆုယဲ့က ပြန်ပြင်ထားခဲ့တာကြောင့် ဟွမ်ပေ့ချန်လည်း ထွေထွေထူးထူး ပြင်ဆင်စရာမလိုဘဲ ဝင်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ရင်းဆုယဲ့နောက်လိုက်ရင်း တားမြစ်နယ်မြေထဲ ရောက်သွားတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူငယ်အိမ်တောင် ပြူးကျယ်သွားရတယ်။

“ဟွမ်ထျန်..?!”

စိတ်ပြင်ဆင်ထားတာတောင် ဟွမ်ထျန်ရဲ့ ရင့်ကျက်တည်ကြည်တဲ့ အသွင်အပြင်ကိုမြင်ပြီး ဟွမ်ပေ့ချန်ရဲ့ မျက်နှာထားက အေးစက်သွားရတယ်။ ရင်းဆုယဲ့က အကြည့်တစ်ချက်တည်းနဲ့ ရွှယ်ယို့ရှန်းမဟုတ်မှန်း သိလိုက်သလို ဟွမ်ပေ့ချန်ကလည်း အရင်ဘဝတုန်းက သူ့ကိုသတ်ခဲ့တဲ့ လူသတ်သမားမှန်း သိလိုက်တယ်။

“ဟွမ်ပေ့ချန်.. မတွေ့တာကြာပြီနော်..”

ဟွမ်ထျန်ကတော့ စိတ်အေးလက်အေး မတ်တပ်ရပ်နေဆဲ။ သူ့ရဲ့အမူအရာကြောင့် ဟွမ်ပေ့ချန်နဲ့သူက ရန်သူတွေမဟုတ်ပဲ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းရင်းချာတွေလို့ ထင်ရတယ်။

“ခင်ဗျားလည်း ပြန်မွေးဖွားလာတာလား..?”

ဟွမ်ပေ့ချန်ရဲ့မျက်နှာက ပိုပြီးတောင် မည်းမှောင်လာခဲ့တယ်။ အရင်ဘဝအတိုင်းသာဆိုလျှင် ချိပ်ပိတ်ခံရပြီး မေ့မျောနေတာကြောင့် လက်ရှိအချိန်မှာ ဟွမ်ထျန်က သူ့ကို သိမနေသင့်ဘူး။ ဒါပေမဲ့ အခုတော့ ဟွမ်ထျန်ရဲ့အမူအရာက သူနှင့်ရင်းနှီးသိကျွမ်းနေသလိုလို ‘မတွေ့တာကြာပြီနော်’ လို့တောင် ပြောလာတယ်။ ထိုအပြုအမူက သူ့ကို အတွေးများစေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now