9

1.8K 236 6
                                    

Unicode

အခန်း (၉) - ပထမဆုံးအကြိမ် တွေ့ဆုံခြင်း။

“ဒီဘက်လှည့်လိုက်..! ဟုတ်တယ်.. လှလှလေး ပြုံးထားမယ်..! ပိုပြီး ဆွဲဆောင်မှုရှိရှိလေး..!”

ကြော်ငြာရိုက်ကူးရေး ဒါရိုက်တာသည် Screen ပေါ် မျက်စိဒေါက်ထောက်ကြည့်ရင်း နဉ်ရှီကို အော်လန်မှတဆင့် ညွှန်ကြားပေးနေခဲ့သည်။

“Okay.. အဆင်ပြေသွားပြီ..” နဉ်ရှီ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပင်ကိုပါရမီကြောင့် ဒါရိုက်တာလည်း ကျေနပ်နေတော့သည်။ “ပင်လယ်နား သွားကြရအောင်.. လေမှုတ်တဲ့လူတွေ အသင့်ပြင်ထား..”

မလိုင်နှစ်သဖွယ် ဖြူဝင်းနေသော ခြေသလုံးသွယ်သွယ်လေးနှင့် ကျယ်ပြောသော ပင်လယ်ပြင်ကြီး၊ ဆွဲညှို့နိုင်စွမ်းပြင်းသော အနီရောင်ဂါဝန်လှလှလေးတို့ ပေါင်းစပ်လိုက်သောအခါ.. ထိုမြင်ကွင်းကား ညွှန်းဆို၍မရအောင် လှပလွန်းနေခဲ့ပါ၏။

ဒါရိုက်တာက ‘Cut!” လို့ အော်လိုက်ခါမှ နဉ်ရှီလည်း ပင်လယ်ရေထဲမှ ခုန်ထွက်ကာ ခြေကုန်သုတ်ပြေးတော့သည်။ သူမ၏ ညှို့ဓာတ်ပြင်းလွန်းခဲ့သော ပုံရိပ်လေးလည်း ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ကျန်းချင်းယွင်သည် တဘက်ထူထူတစ်ထည်ယူ၍ နဉ်ရှီကို ကပျာကယာ ခြုံပေးလိုက်သည်။ ကုတ်အင်္ကျီတစ်ထည်ကိုလည်း ပုခုံးပေါ်မှ ထပ်ခြုံပေးလိုက်သည်။ ရှောင်ယန်က လက်ဖက်ရည်ပူပူတစ်ခွက် ကမ်းပေးလာသည်။ နဉ်ရှီလည်း လက်ဖက်ရည်ခွက်ကို အေးစက်စက်လက်များဖြင့် လှမ်းယူလိုက်ရင်း ထိုင်ခုံပေါ်မှာ တစ်ကိုယ်လုံးမြုပ်နေအောင် ထိုင်ချလိုက်လေ၏။

ယနေ့ ကင်မရာရှေ့ ကြည့်ကောင်းနေစေရန်အတွက် ပုံမှန်နေ့များထက် မိတ်ကပ်ပိုထူနေ၍သာ တော်သေးသည်။ မဟုတ်လျှင် နှုတ်ခမ်းနီအရောင်ကြောင့် Screen ပေါ်တွင် လူထူးဆန်းပုံ ဖြစ်နေချေတော့မည်။

နဉ်ရှီတစ်ယောက် လေပူပူများ မှုတ်ထုတ်ရင်း နီရဲနေသော နှာခေါင်းလေးကို Tissue ဖြင့် အသာပွတ်လိုက်၏။ ပြီးနောက် ကျန်းချင်းယွင်ကို လှမ်းမေးလိုက်သည်။

“အစ်ကိုကျန်း.. ညီမ ထပ်ရိုက်ရဦးမှာလား..?”

ကြော်ငြာထုတ်လွှင့်ချိန်တွင် နဉ်ရှီ၏ Scene က များများစားစား မပါဝင်နိုင်သော်လည်း အနည်းငယ်သာ ရိုက်ကူးပေးရမည်ဟူသော သဘောမဟုတ်ပါချေ။ ကြော်ငြာအရည်အသွေး ပိုမိုကောင်းမွန်စေရန် ဒါရိုက်တာက အမျိုးမျိုးသော စိတ်ကူးများဖြင့် ရိုက်ကွက်ပေါင်းများစွာ ရိုက်ကူးခိုင်းလိမ့်မည်။ ထိုရိုက်ကွက်များထဲမှ အကောင်းဆုံးကို ရွေးချယ်ကာ ကျိုးကျန်းချွမ်အား လိုက်ဖက်ညီထွေအောင် ရိုက်ကူးစေလိမ့်မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now