63-1

1K 157 5
                                    

Unicode

အခန်း - (၆၃/၁)

“ပုံမှန်အားဖြင့် ဒီမှာ ဘယ်သူနေလဲဟင်..?” နဉ်ရှီက ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် စားစရာများ အပြည့်ဖြည့်ထားပြီး အထပ်တစ်ထပ်တွင် သူမ,သောက်နေကျ နို့ဘူးများ စီစီရီရီ ထည့်ထားလေ၏။

“တစ်ခါတလေ ကိုယ် ဒီမှာ လာနေဖြစ်တယ်.. ပြီးတော့ တစ်ပတ်တစ်ခါ အချိန်ပိုင်းသန့်ရှင်းရေးသမားက ဒီနေရာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပေးတယ်..” ချန်းရှီကွေ့က ကုတ်အင်္ကျီချွတ်ကာ အင်္ကျီလက်ကို ခေါက်တင်လိုက်ရင်း.. “ကိုယ် ထမင်းချက်မလို့.. မင်း ခဏလောက် အနားယူလိုက်ဦးနော်..”

နဉ်ရှီသည် ချန်းရှီကွေ့၏ မျက်လုံးအောက်မှ အမည်းရောင်အကွက်ကို ကြည့်ပြီး မီးဖိုချောင်ထဲ လိုက်ဝင်သွားလိုက်သည်။ ချန်းရှီကွေ့က သူမ,ဝင်လာသည်ကို မြင်သောအခါ အေပရွန်ကို ဝတ်လိုက်ရင်း သူမကို ပြုံးပြလာသည်။ “ထမင်းချက်တာ သိပ်မကြာပါဘူး.. ပျင်းရင် TV ကြည့်နှင့်လေ..”

အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် အေပရွန်ဝတ်လိုက်သောအခါ ပြောမပြတတ်အောင် ဆွဲဆောင်မှုရှိနေတော့သည်။ နဉ်ရှီလည်း ဘေစင်သို့သွားကာ ဟင်းသီးဟင်းရွက်တချို့ ဆွဲယူလိုက်သည်။

“အတူတူ ချက်ပြုတ်ကြတာပေါ့..”

ချန်းရှီကွေ့က ဟင်းသီးဟင်းရွက် ကိုင်ထားသောလက်ကို လှမ်းကြည့်လိုက်သည်။ လက်ချောင်းများက ဖြူဥနုဖတ်နေသဖြင့် လက်ထဲမှ ဟင်းရွက်စိမ်းများပင် ပို၍လတ်ဆတ်လာသယောင်။ လက်ဖမိုးပေါ်မှ ရေစက်လေးများ ကျဆင်းလာပုံကိုကြည့်ရင်း ချန်းရှီကွေ့တစ်ယောက် ရုတ်ချည်း လည်ပင်းခြောက်လာသလို ခံစားလိုက်ရသည်။

“ဟုတ်ပါပြီ..”

စကားပြောရင်း ချန်းရှီကွေ့မှာ ရင်ခုန်နေတော့သည်။ သူ၏အသံက သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ တစ်မျိုးကြီး ဖြစ်နေတော့သည်။

နဉ်ရှီကတော့ ချန်းရှီကွေ့၏ မူမမှန်မှုကို သတိမပြုမိခဲ့ချေ။ သူမက ဟင်းသီးဟင်းရွက်များကို မလိုအပ်သည့်အပိုင်းများ ကျွမ်းကျွမ်းကျင်ကျင် ဖယ်ရှားကာ ဆေးကြောလိုက်သည်။ “ရှင် အလုပ်ခရီးထွက်နေတာ မဟုတ်ဘူးလား..? ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ..?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now