44

1.2K 164 32
                                    

Unicode

အခန်း  - (၄၄)

နဉ်ရှီ ထွက်သွားတာကို မြင်သည်နှင့် သတင်းထောက်များက သူမနောက် အပြေးလိုက်တော့သည်။ သို့သော် ရှောင်ယန်က သတင်းထောက်အားလုံးကို အတင်းပိတ်တားလိုက်ပြီး နဉ်ရှီအား အနှောင့်အယှက်ကင်းကင်း ကားထဲဝင်နိုင်အောင် လုပ်ပေးခဲ့သည်။

ကားထွက်လာမှ ရှောင်ယန်လည်း သက်ပြင်းချနိုင်တော့သည်။

“အဲ့သတင်းထောက်တွေ ရူးနေတာလား.. အစ်မရှီရှီ.. သူတို့စကားကို စိတ်ထဲမထားနဲ့..”

အဲ့သတင်းထောက်တွေရဲ့ အတွေးက လိုက်မမီနိုင်အောင်ပဲ။ ပြစ်မှုကျူးလွန်တဲ့လူကို အပြစ်တင်ရမယ့်အစား အစ်မရှီရှီနား လာဝိုင်းနေကြတယ်။ ဦးနှောက်ချောင်နေတာများလား..?

“သူတို့ မရူးပါဘူး.. ငါပါ ပြဿနာထဲ ဆွဲသွင်းခံလိုက်ရတော့ လူအုပ်ကြီးရဲ့အာရုံကို ဆွဲဆောင်နိုင်တာပေါ့..” နဉ်ရှီက ဖုန်းဖွင့်ကာ ခပ်လှောင်လှောင် ရယ်လိုက်သည်။ “ပြောရရင် ဒါလည်း တစ်မျိုးကောင်းတာပဲ.. ဒီလိုမျိုး ပွက်လောရိုက်နေရင် လူတွေလည်း ဒီပြဿနာကို ပိုပြီးစိတ်ဝင်စားလာကြမှာပဲ..”

“ဒါပေမဲ့ အစ်မရှီရှီအတွက်ကျ မတရားဘူးလေ..” ရှောင်ယန်က မကျေမနပ်ပြောလာသည်။ “အဲ့လူတွေက ဘာကိုကြည့်ပြီး ဒီလိုမျိုးတွေ ပြောနေကြတာလဲ..?”

“လူတော်တော်များများက အကျိုးအမြတ်ကလွဲရင် တရားမျှတမှုဆိုတာကို ဂရုမစိုက်ကြဘူး..” နဉ်ရှီက Browser ဖွင့်ကာ Page တစ်ခုထဲ ဝင်လိုက်သည်နှင့် ‘နာမည်ကြီးမင်းသမီးက စိတ်သဘောထား သေးသိမ်လိုက်တာ.. ပရိသတ်တွေ စံထားလောက်တဲ့ ကိုယ်ကျင့်တရားမျိုး မရှိဘူး..’ ဟူသည့်ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတစ်ခု ပေါ်လာခဲ့သည်။

လူတွေက တရားမျှတမှုကို လိုလားကြပေမယ့် အမြင်မတူရင် ရန်သူဆိုပြီး သတ်မှတ်တတ်ကြတယ်မလား..?

သူတို့တစ်ယောက်ချင်းစီက တရားမျှတမှု၏ ဘက်တော်သားအဖြစ် ရပ်တည်နေကြသော်လည်း တကယ်တမ်းတွင် တစ်ပါးသူ၏ နာကျင်ခံစားမှုကို အသုံးချကာ သူတို့ကိုယ်သူတို့ ဖြောင့်မတ်မှန်ကန်မှု၏ ပြယုဂ်အဖြစ် လူသိများထင်ရှားလာအောင် ပြုမူနေကြခြင်းသာ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now