105 - Extra (2)

584 74 1
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း (၁၀၅)

ရှီဖန်းတစ်ယောက် ဒီတလော စိတ်အခြေအနေမကောင်းနေပေ။ သူက အနုပညာလောက၏ ရွှေဇာတ်ပို့သရုပ်ဆောင်တစ်ယောက် ဖြစ်သည့်အလျောက် လူငယ်တွေ လေးစားအားကျခံရသည့် အိုင်ဒေါလ်တွေကဲ့သို့ ဖန်အမြောက်အမြားမရှိသော်လည်း ဖြတ်သွားဖြတ်လာဖန် အတော်အသင့်တော့ရှိလေ၏။ ဤအခေါက်တွင် သူက ရင်းနှီးမြှုပ်နှံသူတွေ ဆွဲသွင်းလာပေးသည့် ဇာတ်လိုက်သရုပ်ဆောင်တစ်ယောက်နှင့် ရင်ဆိုင်နေရ၏။ ထိုအမျိုးသားဇာတ်လိုက်၏ မျက်နှာအမူအရာက တောင့်တောင့်ကြီးဖြစ်နေသည်မှာ မျက်နှာဖုံးဝတ်ထားသည့်အတိုင်းပင်။ ပြီးတော့ သူက ကင်မရာအရိပ်အခြေပင်မသိပေ။ ရှီဖန်း သူနှင့်အတူ ရုပ်ရှင်ရိုက်ရတိုင်း ငရဲကျနေသလို ခံစားနေရ၏။ သို့ပေသိ တစ်ဖက်လူကတော့ သူ၏ချမ်းသာကြွယ်ဝပြီး အင်အားကြီးသောနောက်ခံကို အားကိုးကာ ရိုက်ကွင်းတွင် အမောက်တထောင်ထောင်ဖြစ်နေတတ်၏။ ထို့ပြင် ရိုက်ကူးရေးရလဒ်က စိတ်တိုင်းကျလောက်စရာမဟုတ်သည်မှာ သူနှင့်လုံးဝမသက်ဆိုင်ဘဲ တခြားသူတွေ၏အမှားပဲ ဖြစ်နေသည့်အလား သူက တခြားသူတွေကို တစ်ခါတလေ ဝေဖန်လေကန်တတ်သေးသည်။ ဤအခြေအနေက လဝက်ကျော်ကြာ ဒီအတိုင်းပဲဆက်ဖြစ်နေခဲ့ရာ ရှီဖန်းတစ်ယောက် မည်မျှပင် စိတ်ရှည်သဘောကောင်းတတ်သူ ဖြစ်နေပါစေ တစ်နေ့ပြီးတစ်နေ့ သူ့မျက်နှာက မှောင်မိုက်လာတော့သည်။ 

ရိုက်ကူးရေးအဖွဲ့သားများက သူစိတ်အခြေအနေမကောင်းမှန်းသိသဖြင့် သူတို့က သူ့ကို တိတ်တိတ်လေးလာရှာကာ ကောင်းကောင်းမွန်မွန်စကားပြောပြီး လူသစ်ကိုတွဲခေါ်ပေးရန် တောင်းဆိုလာကြ၏။ ရှီဖန်းခမျာ ဒေါသဖြင့် ပေါက်ကွဲလုမတတ်ပင်။ သူက ပုံမှန်လူသစ်တွေကို ကူပေးနိုင်မဲ့ ဒီတစ်ယောက်ကိုတော့ ဘယ်သူမှကူပေးနိုင်မည်မဟုတ်ပေ။

သို့သော် သူ့အနေနှင့် ရိုက်ကူးရေးအခြေအနေကို အလွန်အမင်း ကြည့်ရဆိုးစေ၍မဖြစ်ပေ။ သူက ရုပ်ရည်မချောမောသဖြင့် သူသရုပ်ဆောင်နိုင်သည့် ဇာတ်ကောင်တွေက အကန့်အသတ်ရှိပေ၏။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရုပ်ရည်ကြည့်မကောင်းပေမဲ့ ဟာသဉာဏ်ရွှင်သော ကြယ်ပွင့်ပေါင်းများစွာ ပေါ်လာခဲ့သည်။ အနှီကြယ်ပွင့်များ နာမည်ရလာပြီးနောက်ပိုင်း သူတို့က သရုပ်ဆောင်နယ်ပယ်ထဲသို့ စွန့်စားလာကြသည်။ သူတို့၏သရုပ်ဆောင်ရာလမ်းကြောင်းက ဆင်တူနေပြီး ဒါရိုက်တာတွေကလည်း သရုပ်ဆောင်ရှာရာတွင် ရွေးချယ်စရာပိုများလာနိုင်သောကြောင့် ယင်းက သူ့အတွက်တော့ ခြိမ်းခြောက်မှုတစ်ခုပင်။ 

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now