104 - Extra (1)

768 85 1
                                    

Translated by Lazy_Meow_Cherron

Unicode

အခန်း - (၁၀၄)

“ကျူးမိုလီ၊ ဧည့်လာတွေ့တယ်!”

အပ်ချုပ်စက်နှင့်အင်္ကျီချုပ်နေသော ကျူးမိုလီက ဤစကားကို ကြားလိုက်ချိန်ဝယ် စက္ကန့်အနည်းငယ်မျှ အတွေးတို့ရှုပ်ထွေးသွား၏။ ပြီးမှ စက်ကိုပိတ်ကာ ထောင်မှူးကို ထုံထိုင်းလေးတွဲ့စွာဦးညွှတ်ပြီး သူ့နောက်မှလိုက်သွား၏။ 

သူမထောင်ကျနေတာ လအနည်းငယ်ရှိခဲ့ပြီ။ စကင်းကဲထုတ်ကုန်များ၊ ကျွမ်းကျင်မိတ်ကပ်အဖွဲ့သားနှင့် စတိုင်လစ်တို့်မရှိသဖြင့် ကျူးမိုလီဟာ ဖုန်အလိမ်းလိမ်းကပ်နေသော ပုလဲဟောင်းတစ်လုံးပမာ ယခင်ကဲ့သို့ ဂုဏ်ရှိန်ဂုဏ်ဝါ တောက်ပမှုများ မရှိတော့ပေ။ 

သူမ တွေ့ဆုံခန်းဆီ လျှောက်သွားတော့ မှန်ပြတင်းတစ်ဖက်ရှိ မျက်တွင်းချောင်ကျနေဟန်ရသော သူမ၏မိဘနှစ်ပါးကို တွေ့လိုက်ရသည်။ သူမခုံပေါ်ထိုင်ပြီး ဘေးနံရံပေါ်ရှိ မိုက်ခွက်ပါဖုန်းကိုယူလိုက်သည်။ 

“မိုလီ”

Headset မှတဆင့် ပျံ့လွင့်လာသောအသံက မူရင်းအတိုင်းပင်။ ကျူးမိုလီက သူမ စကားမပြောသေးခင်မှာပင် ငိုနေပြီဖြစ်သော သူမအမေကို နှုတ်ဆိတ်လျက် ကြည့်နေ၏။

“မိုလီ၊ နည်းနည်းထပ်ပြီး တောင့်ခံပေးအုံးနော် သမီးလေး၊ နောက်နှစ်ဝက်လောက်ဆို သမီး ဒီကထွက်လာရမှာပါကွယ်..” သူမသမီးက သူမ၏ဒီလိုပုံစံကို တွေ့ပြီး စိတ်မကောင်းဖြစ်သွားမှာစိုး၍ထင်ပါရဲ့၊ အမေကျိုးက မျက်ရည်သုတ်ပြီး ပြောလိုက်သည်။ “ပြီးခဲ့တဲ့လက မေမေပို့ပေးလိုက်တဲ့စောင်က အဆင်ပြေရဲ့လား?”

ကျူးမိုလီခေါင်းညိတ်လိုက်သည်။ “မေမေ၊ သမီးကိုစိတ်မပူပါနဲ့၊ သမီးအဆင်ပြေပါတယ်”

သူမက ပြင်းထန်သောရာဇဝတ်မှုအတွက် စွဲချက်တင်ခံရတာမဟုတ်သည့်အပြင် အပြုအမူကောင်းမွန်သဖြင့် အလုပ်နှင့်တကွ ထောင်ဒဏ်နှစ်နှစ်သာ ချမှတ်ခံလိုက်ရသည်။ သူမက ပုံမှန်အားဖြင့် လက်မှုပညာတချို့ကိုသာလုပ်ရပြီး စနေ၊တနင်္ဂနွေရက်များတွင် နားချိန်ပင်ရသေးသည်။ အစားအသောက်က မကောင်းလှပေမဲ့လည်း အနည်းဆုံးတော့ သူမဗိုက်ဝသေးသည်ပင်။ ယခုချိန်တွင် အဖြစ်အပျက်များကို ဤသို့ဖြစ်လာခဲ့ပြီဆိုမှတော့ သူမအနေနှင့် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲပြီး ထောင်ထဲမှလွတ်သည်နှင့် ကောင်းကောင်းမွန်မွန် ရှင်သန်သွားရန်မှတစ်ပါး တခြားဘာမှမတွေးနိုင်တော့ပေ။ 

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now