97

663 93 0
                                    

Unicode

အပိုင်း - (၉၇)

ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရသည်မှာ သိပ်မလွယ်ကူပါချေ။ နဉ်ရှုလီသည် ထိုနေရာတွင် ရက်အနည်းငယ်ခန့်သာ နေရသေးသော်လည်း ‌တောင့်မခံနိုင်တော့ပေ။ စားကောင်းသောက်ဖွယ်များနှင့် လားလားမျှ မအပ်စပ်တော့၊ တစ်ယောက်အိပ် သံခုတင်ကျဉ်းကျဉ်းလေးနှင့် ရင်းနှီးဖော်ရွေတတ်ဟန်မရှိသည့် အခန်းဖော်များ… ထိုအရာများကြောင့် နဉ်ရှုလီမှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေတော့သည်။

ထောင်မှူးထံမှ သူမကို ဧည့်လာတွေ့ကြောင်း ကြေညာသံကြားလိုက်သည်နှင့် ဘယ်ဆွေမျိုးသားချင်းက သူမအတွက် အင်္ကျီ၊ အစားအသောက် လာပို့သလဲ စိတ်ကူးယဉ်ကာ ခြေချစရာနေရာပင်မရှိသော အခန်းကျဉ်းလေးထဲမှ အမြန်ဆုံး ပြေးထွက်လာခဲ့သည်။

သို့သော် ဧည့်တွေ့ခန်းထဲသို့ ရောက်သွားချိန် သူမ၏ယောက်ျားနှင့် အကြီးဆုံးအစ်ကို၊ တတိယအစ်ကိုလည်း ထိုနေရာတွင် ရောက်နေကြောင်း တွေ့လိုက်ရသဖြင့် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။ သူတို့လေးယောက်ကို အတူတူဧည့်တွေ့ရန် တာဝန်ရှိသူများက အဘယ်ကြောင့် လက်ခံပေးသနည်း။ သူတို့လေးယောက် တရားရုံးတွင် ထွက်ဆိုရန် စကားကြိုညှိသွားမှာကို မစိုးရိမ်ဘူးလော။

သူမ၏စိတ်ထဲတွင် သံသယဝင်နေသော်ငြား ထုတ်မပြောရဲပေ။ ထိုင်ခုံတွင်သာ အတုန်တုန်အယင်ယင်ဖြင့် ဝင်ထိုင်လိုက်သည်။ အစကတော့ အနားမှာထိုင်နေသည့် သူမ၏ယောက်ျားကို မေးချင်ခဲ့သော်လည်း ထောင်မှူးက သူမကို စောင့်ကြည့်နေသဖြင့် ရှိစုမဲ့စု သတ္တိလေးပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ယောက်ျားက သူမကို မော့ကြည့်လာသည်။ ထိုအကြည့်ထဲတွင် အပြစ်တင်မုန်းတီးခြင်းများအပြည့်။ နဉ်ရှုလီလည်း မကျေမနပ်ဖြစ်သွားပြီး ချက်ချင်း အကြည့်လွှဲကာ သူမ၏ယောက်ျားကို လျစ်လျူရှုထားလိုက်သည်။

မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် တံခါးမကြီးက လေးလံစွာ ပွင့်ဟလာသည်။ ထို့နောက် အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦး ဝင်လာသည်ကို မြင်လိုက်ရလေသည်။ နဉ်ရှုလီသည် ထိုအမျိုးသားကို နဉ်ရှီ၏ချစ်သူမှန်း ချက်ချင်း မှတ်မိလိုက်၏။ နဉ်ရှီ နာမည်ကြီးလာကတည်းက သူမ၏စိတ်ထဲတွင် ရင်တထိတ်ထိတ်ဖြစ်နေသဖြင့် နဉ်ရှီနှင့်ပတ်သက်သည့် သတင်းများကို ပိုမိုအလေးထားပြီး ဖတ်ခဲ့မိသည်။ တစ်ခါက အနုပညာသတင်းတစ်ခုတွင် ထိုအမျိုးသား၏ ဓာတ်ပုံကို မြင်ခဲ့ဖူးပြီး ထိုအမျိုးသားဟာ ချမ်းသာကြွယ်ဝ၍ ဩဇာအာဏာကြီးမားကြောင်း၊ သူ့ကို ရန်စစော်ကားရဲသူ အနည်းငယ်သာရှိကြောင်း ဖော်ပြထားသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now