30

1.5K 188 13
                                    

Unicode

အခန်း (၃၀)

ရွံ့ဗွက်ရေထဲ လဲလျောင်းနေသော နဉ်ရှီကိုကြည့်ရင်း ချန်းရှီကွေ့၏စိတ်ထဲတွင် နှစ်အတော်ကြာ ကွဲကွာခဲ့ပြီးနောက် ပြန်လည်ဆုံတွေ့ချိန်၌ မိုးထဲရေထဲပြေးလွှားနေသော သူမ၏ပုံရိပ်လေးကို ပြန်အမှတ်ရမိသွားသည်။

သူတို့နှစ်ယောက် ဘယ်လိုအခြေအနေ၊ ဘယ်လိုအနေအထားမျိုးမှာ ပြန်တွေ့နိုင်မလဲဟူ၍ ချန်းရှီကွေ့မှာ အမျိုးမျိုးတွေးကြည့်ခဲ့ဖူးသည်။ သူမလေး လက်ထပ်ပြီးလောက်မလား၊ ဒါမှမဟုတ် ချစ်သူမရှိလောက်သေးဘူးလားဟူ၍ တွေးခဲ့မိသည်မှာလည်း အခါခါ။ အကယ်၍ ပြန်ဆုံတွေ့ခဲ့လျှင် တောက်ပကြည်လင်သော မျက်နှာမျိုးဖြင့် “ဟယ်လို.. ကိုယ်က ချန်းရှီကွေ့ပါ.. ဟိုလေ ကိုယ်ပြန်ရေးပို့ခဲ့တဲ့ ရည်းစားစာကို မှတ်မိသေးလား..?” ဟုပြောရန် စဉ်းစားထားခဲ့သည်။

နောက်ဆုံးတော့ သူမလေးနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ scene လေးတစ်ခု ရိုက်ကူးနိုင်ရေးအတွက် မိုးရေထဲ ပြေးလွှားနေသည်ကို မြင်လိုက်ချိန်ဝယ် သူ စကားတစ်ခွန်းမျှ မဆိုနိုင်တော့၊ သူမလေးအတွက် ထီးမိုးပေးရန်၊ မိုးထဲလေထဲမှ ကာကွယ်ပေးရန်၊ ထိုအတွေးများသာ ကျန်ရှိတော့၏။

သူမလေး၏လက်ရှိပုံစံက လွန်ခဲ့သောခုနစ်နှစ်ကနှင့်ယှဉ်လျှင် အတော်လေး ပြောင်းလဲသွားသည်။ အပြစ်ကင်းစင်ပြီး ရိုးအသော အငွေ့အသက်များ လျော့နည်းသွားသလို ချစ်ဖို့ကောင်းသော ခပ်လုံးလုံးပုံစံလေးလည်း ကွယ်ပျောက်သွားချေ၏။ သို့သော် တစ်ချက်ကြည့်ရုံမျှဖြင့် သူ့နှလုံးသားထဲမှ အသံတစ်ခုက ‘ဒါက နဉ်ရှီပဲ.. ဒီနှစ်တွေထဲ မင်းအမြဲတမ်း စိုးရိမ်နေရတဲ့၊ မင်းချစ်ခဲ့ဖူးတဲ့ မိန်းမငယ်လေးပဲ..’ ဟူ၍ သူ့အား ပြောပြနေသယောင် သူမလေးကို ချက်ချင်းမှတ်မိခဲ့သည်။

ဤနှစ်များအတွင်း နဉ်ရှီကို ဘာအတွက်စိုးရိမ်နေမိမှန်း သူကိုယ်တိုင်ပင် နားမလည်ပါချေ။ ငယ်ရွယ်စဉ်က မလိမ်မိုးမလိမ္မာ ခံစားချက်များကြောင့်လော၊ သို့တည်းမဟုတ် ထိုနှစ်က မိဘနှစ်ပါးလုံး ဆုံးရှုံးလိုက်ရသည့် သူမအပေါ် စိတ်မကောင်းဖြစ်နေမိခြင်းလော။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now