Chapter 12

2.8K 435 5
                                    

Chapter-12
ဟီးရိုး
.....................

နွေဦးရာသီသို့ ထပ်မံရောက်ရှိလာခဲ့ပြန်ပါပြီ။

''လူချမ်းသာတွေ အများကြီးပါပဲလား''

နျဲ့ပုဖန်သည် စားသောက်ဆိုင်၏ ဒုတိယထပ် ဝရံတာ၌ ရပ်၍ လမ်းတွင်ဖြတ်သွားဖြတ်လာလုပ်နေကြသော လူများ၊ ရထားလုံးများကိုကြည့်ကာ အော်ပြောလိုက်သည်။

ရှီရှန်းမြို့သို့ နတ်မိမယ်ရောက်ရှိလာမည့် သတင်းသည် မနှစ်ကတည်းက ဟိုးလေးတကျော် ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် ရှီရှန်းမြို့၌ နိုင်ငံတစ်ဝှမ်းမှ ငယ်ရွယ်၍ အရည်အချင်းရှိသော လူငယ်လူရွယ်များ စုဝေးရောက်ရှိနေသည်သာမက အချို့သော အမျိုးကောင်းသမီးလေးများသည်လည်း သင့်တော်သောကြင်ဖက်ကို ရှာဖွေနိုင်ရန် ရှီရှန်းသို့ လာရောက်ကြလေသည်။
ယခုတွင် တောင်ပေါ်မြို့ငယ်လေးမှာ ဖူးစာရေးသောနေရာလေးလည်း ဖြစ်လို့နေပါပြီ။

နျဲ့ပုဖန်သည် ကျန်းကျွင်းရှီကို လှည့်ကြည့်၍ မေးလိုက်သည်။

''မင်းတို့နတ်မိမယ်က အခုထိလူလုံးပေါ်မလာသေးဘူးလား၊ သူကကြင်ယာတော်ကို ဘယ်လိုများရွေးဖို့စီစဥ်ထားလို့လဲ''

ကျန်းကျွင်းရှီကလည်း ပြန်ရှင်းပြသည်။

''ပုထျန်းနန်းတော်သခင်မက ရှီရှန်းမြို့မှာ မြေနေရာဝယ်ပြီး အဆောက်အဦးဆောက်ဖို့လူတွေလွှတ်ထားတယ်၊ အဲ့ဒီအဆောင်အဦးနာမည်က 'ရှင်းကျောက်ယွမ်' တဲ့။ မကြာခင် သခင်မ ဝမ်မန်က မြို့မှာရှိတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ပြီး လေ့ကျင့်ရေးပြင်ဆင်ရေးတွေလုပ်တော့မှာ၊ ပွဲတက်ခွင့်အတွက်တော့ အမျိုးသမီးတွေမှာ ပွဲကဖိတ်စာရှိသရွေ့ ပွဲတတ်လို့ရပေမယ့်၊ အမျိုးသားတွေကတော့ စုစုပေါင်းလေးဆယ့်ကိုးယောက်ပဲ ပွဲတတ်ခွင့်ရမယ်။ ရွေးချယ်ခံရတဲ့သူတွေဆီမှာ နတ်မိမယ်ကပို့ထားတဲ့ ကျောက်စိမ်းတုံးလေးတွေရှိလိမ့်မယ်၊အားလုံးပေါင်းလေးဆယ့်ကိုးလုံးပေါ့။ အဲ့ဒီကျောက်စိမ်းရှိတဲ့ အမျိုးသားတွေကပဲ ပွဲတတ်ခွင့်ရမှာ''

''အဲ့လူလေးဆယ့်ကိုးယောက်ကိုရော ဘယ်လိုရွေးတာလဲ''

နျဲ့ပုဖန်က သိချင်စိတ်ထက်သန်နေပုံရသည်။

''အဲ ပြောပြဖို့တော့နည်းနည်းခက်တယ်၊ အရှင်းဆုံးပြောရရင် ရွေးချယ်သူ ယုချုံ ဆီက အလေးပေးခံရဖို့လိုတယ်။ နောက်ရုပ်ရည်နဲ့ အကျင့်စာရိတ္တ ကောင်းမွန်မှု၊ နောက်ခံအသိုင်းအဝိုင်း မျိုးရိုးတို့ကိုလည်း ကြည့်တယ်''

နျဲ့ပုဖန်က ကျန်းကျွင်းရှီနှင့် လီယီကို တစ်လှည့်စီကြည့်၍ ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။

''ကောင်းသားပဲ ငါတို့သုံးယောက်စလုံး ဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်လေ''
(T/N : ဒီနေရာမှာ နျဲ့ပုဖန်က သူ့ကိုယ်သူရွာအကြီးအကဲလို့သတ်မှတ်ထားတာပါ)

သို့ရာတွင် ကျန်းကျွင်းရှီကပြုံးလျှက် ခေါင်းအသာရမ်းလိုက်သည်။

''ရွေးချယ်ခံရတဲ့ ကျောက်စိမ်းအဖွဲ့ဝင်လေးဆယ့်ကိုးယောက်က ဖိတ်စာတွေပါတစ်ခါတည်းရထားပြီးသား၊ အဲ့ဒီလေးဆယ့်ကိုးယောက်ကလည်း  အထက်က သူတို့နဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကိုပဲရွေးမှာ၊ သာမာန် အဆက်သွယ်မရှိတဲ့လူတွေက လာအရွေးခံမယ်ဆိုရင်လည်း တစ်ခါတစ်လေတော့ လွယ်လွယ်ကူကူ ရသွားတတ်ပေမယ့်၊ မရတာကများပါတယ်။ များသောအားဖြင့် သာမာန်လူတွေက ဒီကျောက်စိမ်းအဖွဲ့ဝင်ထဲပါဖို့ တော်ရုံဝင်အရွေးမခံကြဘူးလေ၊ ဘာလို့ဆို မင်းမျိုးစိုးမျိုးကပုဂ္ဂိုလ်တွေနဲ့ သူတို့မယှဥ်နိုင်ဘူးဆိုတာ သိကြလို့ပဲ ''

''ဒါဆို မင်းတို့နှစ်ယောက်ရော"
နျဲ့ပုဖန်က ကျန်းကျွင်းရှီနှင့် လီယီတို့ကို တစ်လှည့်စီကြည့်၍ မေးလိုက်ပြန်သည်။

''အဲ့ဒီ ဖိတ်ကြားခံရဖို့အတွက် ဘယ်လိုလုပ်ရမလဲသိကြလား''

''ငါက ဖိတ်စာရပြီးသား''

ကျန်းကျွင်းရှီက ပြုံးပြုံးလေးပြောသည်။

''ဘယ်လိုလုပ်ပြီး ရလာတာလဲ''
နျဲ့ပုဖန် အံ့အားသင့်စွာမေးလိုက်၏။ သူသိသလောက် ကျန်းကျွင်းရှီက စီးပွားရေးသမား၊ ကုန်သည်တစ်ယောက်လေ။

''ရှင်းကျောက်ယွမ် ဆောက်မယ့်နေရာကို ပုထျန်းကုန်းနန်းတော်ဆီ ရောင်းလိုက်တာ ငါလေ''

ကျန်းကျွင်းရှီ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

''ဒါဆိုမင်းကတော့ဟုတ်ပါပြီ၊ လီယီကရော"

နျဲ့ပုဖန် လီယီကို တစ်ဖန်ကြည့်လိုက်ပြန်သည်။

လီယီသည် ဘာမှမပြောပဲ လက်ဖက်ရည်ကို ဖြေးဖြေးချင်းသောက်၍နေနေ၏။

''ငါ့အထင် ညီအစ်ကိုလီမှာလည်း ဖိတ်စာရှိပြီးပြီလို့ထင်တယ်''
ကျန်းကျွင်းရှီပဲ ဝင်ဖြေလိုက်သည်။

"လီယီကရော ဘာထူးခြား လို့ရတာလဲ။ မင်းဆွေမင်းမျိုးမို့လို့လား''

''မဟုတ်ဘူး''

ငြိမ်နေရာမှ လီယီ ဝင်ပြောလိုက်သည်။

''ငါ့မိသားစုက သာမာန်မင်းမှုထမ်းတွေပါ''

သာမာန်မင်းမှုထမ်းတဲ့လား။
ကျန်းကျွင်းရှီမှာ ပြောလိုက်ချင်သောပါးစပ် အားတပြင်ပြင် ဖြစ်နေရ၏။
လီမျိိုးနွယ် သည် နိုင်ငံတော်ကိုစတင်တည်ထောင်စဥ်ကတည်းက ယခုအချိန်အထိမျိုးဆက်အဆက်ဆက်တည်ရှိလာခဲ့သော မင်းမှုထမ်းမျိုးရိုးဖြစ်ပါသည်။ လီမျိုးနွယ်၌ ဝန်မင်းချုပ်ကြီးသုံးဦး၊ သေနပတိကြီးနှစ်ဦး၊ အခြားသော ဝန်မင်းလေးဦးတို့ရှိကြသည်။ ထို့အပြင် ပဥ္စမအဆင့် အောက်အရာရှိငယ်များ မြောက်များစွာရှိနေပါသည်။
သစ္စာရှိမှုနှင့် ပြောင်မြောက်သောအရည်အချင်းများကြောင့် လီမျိုးနွယ်ဟာ ထင်ရှားကျော်ကြားလှသည်။ နှစ်ရာပေါင်းများစွာအတွင်း တရုတ်ပြည်၏ အရေးကိစ္စအဝဝ၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့သော အမြဲစိမ်းသစ်ပင်ကြီးသဖွယ် ဖြစ်ပေသည်။

နျဲ့ပုဖန်သည် လီယီ၏အကြောင်းကို အရင်ကဂဂဏဏမသိခဲ့ပေ။ သူခဏမျှမျက်မှောင်ကြုတ်လျှက် တွေးတောနေပြီး နောက်တော့ ...

''မင်းတို့က ဖိတ်စာရပြီးသားဆိုတော့ ငါလည်း နောက်ကောက်ကျကျန်ခဲ့လို့မဖြစ်ဘူးပဲ''

''မင်းက အဖိတ်ခံရဖို့ ယုချုံကိုသွားရှာမလို့လား''

''သွားရမှာပေါ့''
နျဲ့ပုဖန်က ခေါင်းညိမ့်လိုက်၏။ ထို့နောက် လေးလေးနက်နက်ပုံဖြင့် တစ်ခွန်းထပ်ပြောသည်။
''ငါရုတ်တရက်တွေးမိတယ်၊ ဖိတ်စာကို ခိုးရင်ကောင်းမလားလို့''

''ခိုးမယ် ဟုတ်လား''
ကျန်းကျွင်းရှီက သဘောမကျသည့်ပုံဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

''ကျောက်စိမ်းတစ်လုံးအတွက် ဖိတ်စာကတစ်ခုစီပဲရှိတာ မင်းသိလား၊ ဖိတ်ကြားချက်တစ်ခုစီတိုင်းမှာ  ထူးခြားမှုရှိတာကြောင့် မင်းခိုးထားတယ်ဆိုတာ ကြည့်လိုက်တာနဲ့သိမှာပဲ၊ ဒါဆိုအခိုးခံရတဲ့ဖိတ်စာက အလိုလိုပျက်ပြယ်သွားမှာ၊ ခိုးတဲ့သူကိုလည်းအလိုလိုပယ်ချခဲ့မှာ အရည်အချင်းမပြည့်မှီမှုနဲ့''

''အို ... ဒါဆိုလည်း ငါဖိတ်စာကို အရင်ခိုးလိုက်မယ်။  ပြီးရင်ခိုးတဲ့သူက တခြားတစ်ယောက်ပါဆိုပြီး ဇာတ်လမ်းဆင်လိုက်မယ်၊ ဒါဆို ပြဿနာအလိုလို ဖြေရှင်းပြီးသွားပြီးပဲ မဟုတ်လား''
နျဲ့ပုဖန်က ထိုကောက်ကျစ်သောစကားကို ပြော၏။
ဘယ်လိုတောင် တုံးအလိုက်တာလဲ။
ကျန်းကျွင်းရှီနှင့် လီယီတို့မှာ ပါးစပ်အဟောင်းသားနှင့် သူ့ကိုကြည့်လိုက်ကြသည်။

''မင်းခိုးတာက ခိုးတာပဲလေ''

''တော်တော့၊ မင်းတကယ်သွားချင်ရင် ငါနည်းလမ်းတစ်ခုခုရှာပြီး ကူညီပေးမယ်''

ကျန်းကျွင်းရှီသည် သူ့နဖူးသူပွတ်ရင်းစဥ်းစားကာပြောလိုက်သည်။

သို့ရာတွင် နျဲ့ပုဖန်က ခေါင်းခါ၏။

''ငါမင်းရဲ့အကူအညီကိုလိုတယ်လို့ထင်နေတာ မင်းငါ့ကိုအထင်သေးနေလို့မဟုတ်လား''

''ကဲ ဒါဆိုမင်းက ဘာလုပ်ချင်တာလဲ''
ကျန်းကျွင်းရှီက မျက်လုံးပြူး၍ ကြည့်သည်။
''တရားမဝင်တဲ့နည်းလမ်းတွေ မသုံးဖို့တော့ မင်းကိုအကြံပေးချင်တယ်''

''အမ်း မင်းတို့က ငါ့ကိုအဲ့လိုလုပ်မယ့်သူလို့ ထင်လို့လား''

ကျန်းကျွင်းရှီနှင့် လီယီကတော့ နျဲ့ပုဖန်ကို  အထင်သေးသောမျက်လုံးများဖြင့် မျက်ခုံးတွန့်၍ ကြည့်နေကြသည်။

''ယုချုံ ဆိုတဲ့လူကို ဘယ်မှာသွားရှာရမလဲဆိုတာပဲ ပြောပြစမ်းပါ''

''ဒါဆိုရင်တော့ ဟိုမှာကြည့်လိုက် အဲ့တစ်ယောက်ပဲ''

၎င်းတို့နှင့် မနီးမဝေး၌ လျှောက်လာနေသောတစ်စုံတစ်ဦးအား ကျန်းကျွင်းရှီ လက်ညိုးညွှန်ပြလိုက်၏။

နျဲ့ပုဖန်လည်း ညွှန်ပြရာသို့ကြည့်လိုက်ရာ အသက်ဆယ့်ခုနှစ်,နှစ်၊ ဆယ့်ရှစ်နှစ် မျှသာရှိသေးသောမိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရ၏။ သူမသည်ငွေမျှင်များဖောက်ထားသော အပြာရောင်လွှလွှဝတ်ရုံကိုဝတ်ဆင်ထား၏။ ဆံနွယ်များကိုလည်း  ဘာအကူအညီမှမပါပဲ ပေါ့ပေါ့ပါးပါးနှင့်မြင့်မြင့်ကလေးမြှောက်၍ စည်းနှောင်ထား၏။ သူမကိုကြည့်ရသည်မှာ သစ်လွင်တက်ကြွကာ သပ်သပ်ရပ်ရပ်ရှိပုံပေါ်နေသည်။
သည့်အပြင် သူမ၏အနောက်တွင်လည်း ဒါဇင်ထက်ကျော်သောလူအုပ်မှာ ခပ်ခွာခွာလိုက်နေသည်ကို တွေ့ရ၏။ ထိုလူများမှာ ကျောက်စိမ်းဖိတ်စာလိုချင်နေကြသော သခင်လေးအချို့၏အစေခံများဖြစ်ပုံရသည်။
ဤတွင် နျဲ့ပုဖန်သည် ရုတ်တရက်လက်မြှောက်ပြကာ လှမ်းခေါ်လိုက်လေသည်။

''မိန်းကလေး ယုချုံ ဒီကိုကြည့်ပါဦး၊ ကျုပ်တို့နဲ့အတူတူ ထမင်းစားရင်း စကားစမြည်ပြောကြမလား''

နျဲ့ပုဖန် လှမ်းအော်လိုက်သောအသံကြောင့် ဘေးပတ်လည်ရှိ လူသူများသည် သူ့ကိုလှည့်ကြည့်လာကြ၏။
ကျန်းကျွင်းရှီမှာ ရှက်ရှက်နှင့် မျက်နှာကိုအုပ်လိုက်မိသည်။
ယုချုံကို ဘယ်သူမှဒီလိုမခေါ်ဝံ့ဘူး၊ ဒီကောင်အဆင်အခြင်မဲ့ပြီး အပြောအဆိုမတတ်တဲ့ကောင်ပဲ  ဟုတွေးလိုက်မိသည်။

အောက်ထပ်က လူတွေရင်ထဲမှာတော့ သံပုရာသီးတွေ သီးသွားကြ၏။ ယုချုံကို ဒီလိုသာခေါ်လို့ရကြေးဆို သူတို့တွေ အခုလိုနောက်က တကောက်ကောက် လိုက်နေစရာမှမလိုတာ။
ဒါပေမယ့် လူတွေအားလုံး အံ့အားသင့်သွားကြရသည်မှာ ယုချုံဟာ စားသောက်ဆိုင်ဆီ တကယ်ပဲလျှောက်သွားပြီး ဒုတိယထပ်ကိုတက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

လူတွေအားလုံးနေရာမှာ တင်တောင့်တောင့်ကြီးဖြစ်သွားကြရသည်။

''မိန်းကလေး ဒီမှာထိုင်ပါခင်ဗျ''

နျဲ့ပုဖန်သည် ယုချုံအား ပြုံးရယ်လျှက်နှုတ်ဆက်ကာ ထိုင်ဖို့ထိုင်ခုံကိုဆွဲပေး၏။

ယုချုံသည် သူမဘေးက အမျိုးသားသုံးဦးအား တစ်ချက်ဝှေ့ကြည့်ကာ အကဲခတ်လိုက်၏။ တစ်ဦးက ယောကျ်ားပီသကာ ကျက်သရေရှိသည်။ တစ်ဦးက တည်တည်ကြည်ကြည်၊ နောက်တစ်ဦးမှာ နွေဦးလေပြေနှင့်တူ၏။

''ဒီက မိန်းကလေးကို နာမည်ဘယ်လိုခေါ်ရမလဲ ခင်ဗျ''
နျဲ့ပုဖန်က ယဥ်ယဥ်ကျေးကျေးမေးလိုက်သည်။

''ကျွန်မတို့လို ကျောက်စိမ်းပိုင်ရှင်ရွေးချယ်ရတဲ့မိန်းကလေးတွေမှာ နာမည်သီးသီးသန့်သန့်မရှိပါဘူး၊ ကိုးဆယ့်ကိုး လို့ပဲခေါ်ပါ၊ ဒါနဲ့ ဒီကလူကြီးမင်းတို့ရော ဘယ်လိုခေါ်ကြသလဲ''

''ကျုပ်က နျဲ့ပုဖန် ပါ''
နျဲ့ပုဖန်က လက်ကိုကမ်းပေးလိုက်သည်။

''ကျန်းကျွင်းရှီ''

''လီယီ''

ယုချုံ မျက်ခုံးပင့်သွား၏။
သူမသည် ကိုးဆယ့်ကိုးအဖြစ် တာဝန်ပေးအပ်ခြင်းခံရကတည်းက ယခုကဲ့သို့ ရိုးရှင်းသောမိတ်ဆက်မှုမျိုးကို တစ်ခါမှမကြုံခဲ့ရဖူးပေ။
သို့ပေမယ့် ၎င်းအမျိုးသားသုံးဦး၏ အသွင်အပြင်တွေကို ကြည့်လိုက်ရုံမျှနဲ့ ၎င်းတို့ရဲ့မိသားစုနောက်ခံအသိုင်းအဝိုင်းဟာ ကွဲပြားနေတယ်ဆိုတာကိုသိသာစေပါသည်။

''ရှင်တို့ထဲမှာ ကျွန်မဆီက ဖိတ်စာလိုချင်တဲ့သူ ဘယ်သူလဲ''
ယုချုံသည် တည့်တည့်မေးလိုက်၏။

''ကျွန်တော်ပါ''
နျဲ့ပုဖန်သည် စိတ်လှုပ်ရှားစွာ လက်ထောင်ပြလိုက်သည်။

ယုချုံသည် ပြုံးလျှက် နျဲ့ပုဖန်ကို တည့်တည့်ကြည့်ကာပြောလိုက်၏။

''ဒါဆို ဖိတ်စာကို ဘယ်လိုလုပ်ရင်ရနိုင်မယ်လို့ လူကြီးမင်းထင်ပါသလဲ''

''စာပေ ပညာစစ်ဆေးတာတို့၊ သိုင်းစွမ်းရည်စစ်ဆေးတာတို့လုပ်ရမယ်ထင်ပါတယ်၊ ဒါပေမယ့်မိန်းကလေးယုချုံရဲ့ သဘောထားကပိုအရေးကြီးပါတယ်''

နျဲ့ပုဖန်လည်း ခပ်အေးအေးပင်ပြန်ဖြေ၏။
နျဲ့ပုဖန် ဆီမှ ထိုသို့သောအဖြေကိုကြားလိုက်ရသောအခါ ကျန်းကျွင်းရှီနှင့် လီယီတို့မှာ မျက်လုံးပြူးသွားကြသည်။

''ကျွန်မအမြင်မှာတော့ လူကြီးမင်းဟာ ယဥ်ကျေးသိမ်မွေ့မှုရော၊ သိုင်းပညာစွမ်းရည်ရော ရှိမနေဘူးပဲ''

ယုချုံသည် ကျန်းကျွင်းရှီနှင့် လီယီတို့၏ ဖြစ်ပျက်သွားသော အမူအရာများကို ဂရုမစိုက်ပဲဆက်ပြော၏။

''အခုကိစ္စမှာ လူကြီးမင်းရဲ့ ပညာအရည်အချင်းတို့၊  သိုင်းစွမ်းရည်တို့ ရှိတာ၊ မရှိတာ ကျွန်မဂရုမစိုက်ဘူး၊ ဒါပေမယ့် ကျွန်မ မေးခွန်းတစ်ခုပေးမယ်''

''ဟုတ်ကဲ့ ပြောပါခင်ဗျ''

နျဲ့ပုဖန်က တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်သည်။

''ကျွန်မ စောစောက စျေးထဲကိုဖြတ်လျှောက်လာတုန်း ကျွန်မရဲ့လက်ကိုင်ပုဝါလေး ကျပျောက်သွားတယ်၊ အဲ့ဒါကို လူကြီးမင်းက အမွှေးတိုင်တစ်တိုင်ကုန်တဲ့အချိန်အတွင်းမှာ ရအောင်ပြန်ရှာပေးရမယ်''

''မိန်းကလေးရဲ့လက်ကိုင်ပုဝါက ဘယ်လိုပုံပန်းရှိတယ်ဆိုတာကို သိပါရစေ''

''အဖြူရောင်ပိုးသား လက်ကိုင်ပုဝါလေးပါ။ ထောင့်မှာ ဇီးပွင့်နှစ်ပွင့်ပုံလေး ပါ,ပါတယ်''

''ကျွန်တော် ရှာတွေ့ရင် ဖိတ်စာရမယ်ပေါ့''

''ကျွန်မ စိတ်တိုင်းကျမှပါ''

''ကောင်းပြီလေ၊ ဒါဆိုလည်း မိန်းကလေးလက်ကိုင်ပုဝါကို ကူရှာပေးရမှာပေါ့''

နျဲ့ပုဖန်က လက်ခံလိုက်သည်။

ယုချုံ အံ့သြသွား၏။ တစ်ဖက်လူမှာ တော်တော်လေးယုံကြည်မှုရှိပုံ ရနေသည်။ ပျောက်သွားသော လက်ကိုင်ပုဝါကိုရှာဖို့ဆိုသည်မှာ ကောက်ရိုးပုံထံအပ်ပျောက်ရှာရသလိုပင် ဖြစ်သည်။ ဒီလူက ရှာဖို့ကို ဘာကြောင့်များ ဒီလောက်သေချာနေရတာလဲ ဟုတွေးမိသည်။

နျဲ့ပုဖန် လက်ခုပ်တီးလိုက်သည်။ ချက်ချင်းဆိုသလို အမွှေးအတောင်ပေါ်၌ ပန်းပွင့်ပန်းကွက် သဏ္ဍာန်များရှိသော ကြက်ဖနှစ်ကောင် ရုတ်ချည်းထွက်လာ၏။
၎င်းတို့အနက် တစ်ကောင်မှာ သဘာဝဆန်ဆန်လှပါသော သစ္စာကြီးမားသည့် ပန်းပွင့်မိန်းကလေးဖြစ်ပြီး၊ တစ်ကောင်မှာတော့ ကျီဝေါရွာ၏ အဖွဲ့ဝင်အသစ်လေး 'ဟီးရိုး' ဖြစ်၏။
၎င်းတို့မှာ အရောင်အသွေးစုံလင်ကာ လှပကြ၍  ကြက်များအကြား၌ အတော်လေး ဂုဏ်ယူဝံ့ကြွားရသော ကြက်မောင်နှံ ဖြစ်သည်။
လတ်တလောတွင် ၎င်းတို့မှာ စိတ်ဓာတ်ကျကာ စိတ်ရှုပ်နေကြပုံပေါ်သောကြောင့် နျဲ့ပုဖန်က လမ်းလျောက်ထွက်ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ယုချုံမှာ အရောင်အသွေးစုံ၍ လှပသောကြက်များကို မြင်လိုက်ရသည့်အခါ၌ တအံ့တသြဖြစ်သွား၏။

''ဒါ ဘာတွေလဲ''

''ကျွန်တော့် သက်တော်စောင့်တွေလေ''

နျဲ့ပုဖန်သည် အတော်လေးကျေနပ်နေဟန်ဖြင့် ပြောလိုက်၏။

''အိုး ... သူတို့ကတော်တော်လှတာပဲ''
ကြက်များကို ခပ်ကြာကြာစိုက်ကြည့်နေပြီးနောက် ယုချုံ ထံမှ ထိုစကားထွက်လာ၏။

''ဒါဆို ခဏစောင့်နေပေးပါဦး မိန်းကလေးယုချုံ၊ လီယီ ကျန်းကျွင်းရှီ ... မင်းတို့မိန်းကလေး ယုချုံကို အဖော်ပြုပေးထားကြဦး၊ ပြန်လာလို့ မင်းတို့နှစ်ယောက်ကို နေရာမှာမတွေ့ရင် တူးတူးကို မင်းတို့နဲ့အတူတူအိပ်ဖို့လွှတ်လိုက်မယ်''

တူးတူးဆိုသည်မှာ တစ်ကိုယ်လုံးဖြူစွတ်နေသော ကြက်တစ်ကောင်ဖြစ်ပါသည်။ ၎င်း၏အမွှေးများက မာကျော၍ စူးရှစေတတ်ပါသည်။ ထို့အပြင် ၎င်း၏ မနှစ်မြို့ဖွယ် ထူးခြားသောအနံ့တစ်မျိုးလည်း ရှိသေးသည်။
ကျန်းကျွင်းရှီ နှင့် လီယီတို့သည် မနှစ်မြို့သလိုမျက်နှာများဖြစ်သွားကြ၏။

ထို့သို့ မှာကြားပြီးသည့်နောက် နျဲ့ပုဖန်သည် ကြက်နှစ်ကောင်နှင့် အတူတူထွက်သွား၏။
အပြင်သို့ရောက်သောအခါ၌ နျဲ့ပုဖန်က ဒူးထောက်ထိုင်ချကာ တိုးတိုးလေးကပ်မေးလိုက်သည်။

''မင်းတို့ အနံ့ သေချာခံလာကြရဲ့လား''

ပန်းမိန်းကလေးသည် ခေါင်းကိုထောင်ကာ ယုံ့ကြည်မှုအပြည့်အဝရှိနေပုံရသည်။

''ဟုတ်ပြီ၊ ဒါဆိုဟီးရိုးကို ဦးဆောင်ပြီး အတူတူသွားရှာကြ၊ မင်းတို့မြန်မြန်ရှာတွေ့ရင် ဆုချီးမြင့်တဲ့အနေနဲ့ အင်အားသုံးခွင့်ပြုပေးမယ်''

ပန်းမိန်းကလေးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် တစ်ချက်တွန်မြည်ကာ ဟီးရိုးနှင့်အတူတူ ပြေးထွက်သွားလေ၏။

ထို့နောက် နျဲ့ပုဖန်မှာ ကိစ္စတစ်ခုပြီးမြောက်သွားသကဲ့သို့ လက်ကိုနောက်ပစ်လျှက် သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါက်ဆွဲဆိုင်ဆီ လှည့်သွားကာ ခေါက်ဆွဲတစ်ပွဲမှာ၍ အေးအေးဆေးဆေးစားနေသည်။ သို့ရာတွင် သူ့၌ ယခုကဲ့သို့ ခေါက်ဆွဲစားနေဖို့ အချိန်မရှိဘူး ဆိုပေမယ့်လည်း ဗိုက်သည်တားမရအောင် ဆာနေပြီဖြစ်သောကြောင့် ဖြစ်ပါသည်။

သူ ခေါက်ဆွဲနှစ်ပွဲ စားပြီးသောအချိန်၌ ပန်းမိန်းကလေးမှာ ပါးစပ်ထဲ၌ တစ်စုံတစ်ရာကို ကိုက်ချီကာ ပြေးလာသည်ကို တွေ့လိုက်ရ၏။
နျဲ့ပုဖန်သည် မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

''ဒီဟာမဟုတ်ဘူးလေ၊ ဇီးပန်းပွင့် သိတယ်မလား၊ ဇီးပန်းပွင့်''

ဟုဆိုကာ တူဖြင့် မြေကြီးပေါ်တွင် ဇီးပန်းပွင့်ပုံဆွဲပြလိုက်သည်။ ထိုအခါ၌ ပန်းမိန်းကလေးမှ ခေါင်းညိမ့်ကာ ထပ်၍ပြေးထွက်သွားပြန်သည်။

ခဏကြာသောအခါ အခြားလက်ကိုင်ပုဝါတစ်ထည်ကို ကိုက်လျှက် ပြန်ရောက်လာသည်။
ထိုဟာ၌ ဇီးပန်းပွင့်ပါပေမယ့် အဖြူရောင်ဖြစ်မနေပါ။
ထို့ကြောင့် နောက်တစ်ခေါက် သွားခိုင်းလိုက် ပြန်သည်။
တတိယအကြိမ်၌ ဇီးပန်းပွင့်ပါသော ခါးစည်းကြိုးကို ယူလာပြန်သည်။
ထို့နောက် အခေါက်ခေါက်အခါခါ လာပြလိုက်ပြန်သွားလိုက်လုပ်ပြီးနောက် နောက်ဆုံးမှာတော့  လိုချင်နေသောအရာကို ရှာတွေ့ခဲ့လေသည်။

အနားသတ်၌ ဇီးပန်းပွင့်လေးနှစ်ပွင့်ပါသော အဖြူရောင်ပိုးသား လက်ကိုင်ပုဝါတစ်ထည်ကို တွေ့လိုက်ရတယ်ဆိုရင်ပဲ နျဲ့ပုဖန် ကျေကျေနပ်နပ် ပြုံးလိုက်သည်။

သူသည် အောင်ပွဲခံလျှက် စားသောက်ဆိုင်ဆီသို့ပြန်သွားကာ လက်ကိုင်ပုဝါအား ယုချုံကို ပေးလိုက်၏။

လက်ကိုင်ပုဝါကိုရသောအခါ၌ ယုချုံသည် ထူးထူးဆန်းဆန်းကြည့်ကာ တုံ့ဆိုင်းနေ၏။
ထို့နောက် နျဲ့ပုဖန်ကို မေးလိုက်သည်။

''လူကြီးမင်း ဒါကိုဘယ်ကတွေ့ခဲ့တာလဲ''

''စျေးထဲကလေ''

ယုချုံသည် သက်ပြင်းအရှည်ကြီး ရှူသွင်းလိုက်၏။ အမှန်တွင် သူမ၏လက်ကိုင်ပုဝါမှာ ပျောက်ဆုံးခြင်းမရှိခဲ့ပါ၊ သူမ၏ အိပ်ခန်းထဲ၌ ထားခဲ့ခြင်းဖြစ်ပါသည်။ လက်ကိုင်ပုဝါပျောက်သည့်အကြောင်းအရင်းကို သုံးလိုက်ခြင်းမှာ တစ်ဖက်လူ၏ တုံ့ပြန်ပုံကို သိချင်၍ သက်သက်ဖြစ်ပါသည်။

ဒီပုဂ္ဂိုလ်ဟာ သူမရဲ့လက်ကိုင်ပုဝါကို အမှန်တကယ်ရှာတွေ့ခဲ့ခြင်းဖြစ်ပါက ထိုသူသည် သူမအိပ်ခန်းထဲကိုခိုးဝင်ခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

ယုချုံသည် အပြင်ထွက်သည့်အခါတိုင်း ပုထျန်းကုန်း၏ ပစ္စည်းများကို သေချာနေရာပြောင်းကာ ထားခဲ့လေ့ရှိပါသည်။ လက်ရှိတွင် သူမနေထိုင်သောနေရာကို သိသူမှာ အနည်းငယ်သာရှိပါသည်။

ဒီလူကဘယ်လိုလူလဲ။ ငါ့အခန်းထဲက လက်ကိုင်ပုဝါ ခိုးတတ်ရုံလောက်လေးနဲ့ ရမယ်လို့ထင်နေတာလား။ လှည့်စားခံလိုက်ရပြီပဲ။

''ဘာဖြစ်လို့လဲခင်ဗျ''
ယုချုံ၏ အမူအရာထူးဆန်းနေသောကြောင့် နျဲ့ပုဖန်မေးလိုက်သည်။
''တစ်ခုခုမှားနေလို့လား။ ဒါကမိန်းကလေးရဲ့ လက်ကိုင်ပုဝါ မဟုတ်လို့လား''

''ဟုတ်တယ် ကျွန်မ လက်ကိုင်ပုဝါပါ''
ယုချုံ အံကြိတ်ကာ ပြောလိုက်သည်။

''ဒါဆို ကောင်းတာပါ့''
နျဲ့ပုဖန် ပြုံးလိုက်သည်။
''ကျွန်တော် ဖိတ်စာရနိုင်ပြီလား''

အိပ်မက်မက်မနေစမ်းပါနဲ့။ ယုချုံသည် စိတ်ထဲကနေ ကြိတ်ဆဲလိုက်ပေမယ့် အပြင်မှာတော့အပြုံးမျက်နှာလေးလုပ်ကာ ...

''စိတ်မကောင်းပါဘူးရှင့်၊ လူကြီးမင်း ကျွန်မရဲ့စမ်းသပ်မှုကို မအောင်မြင်ပါဘူး''
ဟုပြောလိုက်သည်။

''ဘာလို့လဲ။ ကျွန်တော် ခင်ဗျားရဲ့လက်ကိုင်ပုဝါကိုလည်း ရှာတွေ့ခဲ့တာပဲကို''
နျဲ့ပုဖန်က ညည်းညည်းညူညူ ပြန်ပြောသည်။

''ဟမ် ... ဒီလက်ကိုင်ပုဝါကို ဘယ်ကရှာတွေ့ခဲ့သလဲဆိုတာ ရှင့်ကိုယ်တိုင်သိနေတာပဲ။ ကျွန်မက ဘာအကြောင်းပါဆိုပြီး ထပ်ပြောစရာလိုသေးလို့လား''

''ဘာကိုလဲ ကျွန်တော်မသိဘူးလေ''
နျဲ့ပုဖန်းက မဆိုင်းမတွပြန်တုံ့ပြန်၏။
''ခင်ဗျားတောင် ခင်ဗျားရဲ့လက်ကိုင်ပုဝါ ဘယ်မှာကျခဲ့မှန်းမသိတာ၊ ကျွန်တော်က ဘယ်သိမှာလဲ''

''ရှင် ရူးချင်ယောင်ဆောင်မနေပါနဲ့"

ယုချုံ၏ သိမ်မွေ့ဟန်လုပ်ယူထားသော အမူအရာလေးမှာ ချက်ချင်းဆိုသလို ဒေါသထွက်နေသော မိန်းကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။

''ဒီလက်ကိုင်ပုဝါက ဘယ်တုန်းကမှမပျောက်ခဲ့ဘူး''

နျဲ့ပုဖန်သည် ကြက်သေသေသွား၏။ ထို့နောက်ချက်ချင်းပဲ စကားတစ်ခွန်း ပြန်ပြောလိုက်သည်။
''ဒါဆို ခင်ဗျားရဲ့လက်ကိုင်ပုဝါက ခင်ဗျားရဲ့အိပ်ခန်းထဲမှာပဲရှိနေခဲ့တယ်လို့ ပြောချင်တာလား''

''ရှင် ဘယ်လိုလုပ်သိသွားတာလဲ''
ယုံချုံသည် စိုးထိတ်သွား၏။

''ကျွန်တော်လည်းဘယ်သိမလဲ။ ဒီတိုင်းတွေးကြည့်လိုက်တာ၊ ကျွန်တော်က ခင်ဗျားလက်ကိုင်ပုဝါ တစ်ယောက်ယောက်က ကောက်သွားတယ်ပဲ ထင်နေတာ၊ ဘယ်လိုလုပ် ခင်ဗျားအခန်းထဲမှာရှိနေတယ်လို့ ထင်မှာလဲ''

''ရှင်လိမ်ရဲတယ်။ ရှင်သာ ဒီပစ္စည်း ဘယ်နေရာမှာရှိတယ် မသိပဲနဲ့ ဘယ်လိုလုပ် အခုလိုမြန်မြန်ရှာတွေ့ပါ့မလဲ''

''ခင်ဗျားစကားလွန်နေပြီ၊ ငါဘယ်တော့မှလိမ်မပြောဘူး''

နျဲ့ပုဖန် ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။

လိမ်တယ်၊ ဘေးမှကြည့်နေသော လီယီနှင့် ကျန်းကျွင်းရှီတို့ နှစ်ယောက်စလုံး၏ ခေါင်းထဲတွင် အကြံတစ်ခုပြိုင်တူပေါ်လာ၏။

''ရှင့်ပုံစံနဲ့ ရှင့်အပြုအမူကိုကြည့်ပြီး ရှင်ကမလိမ်ဘူးပြောတာကို ယုံရမှာတဲ့လား''

''ဒါဆို ခင်ဗျားကဘာဖြစ်ချင်တာလဲ၊ ငါ့ရဲ့ ကိုယ်ရေးကိုယ်သွေးကို တခြားလူက ပေါပေါပဲပဲစော်ကားတာမျိုး ငါခွင့်မပြုနိုင်ဘူး''

နျဲ့ပုဖန်လည်း စိတ်ရှိတိုင်းပြောလိုက်သည်။

နျဲ့ပုဖန် ပြောတဲ့ သူ့ကိုယ်ရေကိုယ်သွေးဟာ ဘယ်လိုမျိုးလဲဟု ကျန်းကျွင်းရှီနှင့် လီယီတို့ နှစ်ယောက်သား တီးတိုးရေရွတ်ရင်းတွေးမိကြသည်။

ယုချုံကတော့ အရှက်ကြီးစွာဖြင့် စကားလွန်သွားပြီဖြစ်လေသည်။

''ရှင့်ရဲ့ရိုးသားမှုကို သက်သေပြချင်ရင်၊ ရှင့်ရဲ့ကြက်အစုတ်အပြတ်တွေကို စကားပြောတတ်အောင်အရင်လုပ်လိုက်ပါဦး။ ကျွန်မက ရှင့်ကိုဘယ်တော့မှ ဖိတ်စာပေးမှာမဟုတ်ဘူး''

''ငါ့ ကြက်တွေစကားပြောတာကို တကယ်တွေ့ချင်တာ သေချာလား''

နျဲ့ပုဖန် လေးလေးနက်နက်ဖြင့် မေးလိုက်သည်။

''တွေ့ချင်တယ်''

ယုချုံသည် မြေပြင်ပေါ်က ကြက်နှစ်ကောင်အားလက်ညိုးထိုးကာ ပြောလိုက်သည်။

''မင်းတို့စကားပြောတတ်ရင် မင်းတို့သခင်ရိုးသားကြောင်း သက်သေပြကြလေ''

နျဲ့ပုဖန်သည် ဟီးရိုးကို ကောက်ယူကာ ငြိုးငယ်သောအသံဖြင့် ဆို၏။
''မင်းရဲ့သခင်ကို တခြားသူတွေက စွပ်စွဲနေကြတယ်၊ ဘာလုပ်သင့်တယ်လို့ ထင်လဲ''

ဟီးရိုးသည် နျဲ့ပုဖန်၏ စကားကို နားမလည်သလိုမျက်လုံးလေးက လယ်ကလယ်ဖြင့် မော့ကြည့်၏။

ယုချုံက လှောင်ကြည့်ကြည့်ကာ ...
''တော်ပါတော့၊ သနားစရာကောင်းချင်ယောင်ဆောင်မနေပါနဲ့၊ ရှင်နဲ့ကျွန်မကိစ္စ ဒီလောက်နဲ့ပြတ်ပြီမို့ ကျွန်မ ရှင်တို့နဲ့ဆက်မနေနိုင်တော့ဘူး''

ထိုသို့ပြောဆိုပြီး ယုချုံ လှည့်ထွက်မည်အပြုတွင်  နောက်မှ အသံစူးစူးဖြင့် အော်လိုက်သောစကားကို ကြားလိုက်ရ၏။

''ဖြေးဖြေးသွားပါ မိန်းကလေး"

ယုချုံသည် ဟီးရိုးကို လက်ညိုးထိုးကာတုန်တုန်ယင်ယင်ဖြင့် ...
''မင်းက စကားပြောတတ်တယ်လား'' ဟုဆိုသည်။

ဟီးရိုးသည် သူ၏အတောင်များကို တဖျတ်ဖျတ်ခပ်ကာ ထပ်ပြောသည်။
''ဟုတ်ပါတယ် မိန်းကလေး၊ မင်း အကူညီလိုသေးလား''

ဤအချိန်၌ တအံ့တသြဖြစ်နေသည်မှာ ယုချုံတစ်ဦးတည်းမဟုတ်ပဲ ကျန်းကျွင်းရှီနှင့် လီယီတို့မှာလည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းကာ စွံ့အ နေကြရသည်။

ထို့နောက် ယုချုံ အခန်းထဲမှထွက်သွားပြီး ခဏကြာသည်အထိ နျဲ့ပုဖန်မှာ ဖိတ်စာအား စိတ်ဝင်တစားစိုက်ကြည့်နေခဲ့လေသည်။

ကျန်းကျွင်းရှီ နှင့် လီယီတို့မှာတော့ တစ်ယောက်နှင့်တစ်ယောက် အပြင်အလှန်ကြည့်ကာ စကားပြောသော ကြက်အကြောင်း နျဲ့ပုဖန်အား မေးဖို့ စကားစချင်နေကြသည်။

နျဲ့ပုဖန်သည် ၎င်းတို့အား မထီသလို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
''မင်းတို့ ကျီဝေါရွာမှာ လာနေကြတာ ကြာပြီဆိုပေမယ့် မင်းတို့သိထားတဲ့ ကျီဝေါရွာအကြောင်းတွေက အပေါ်ယံလောက်ပဲ ရှိပါသေးတယ်''
နှစ်ဦးသားမှာ ဆိတ်ဆိတ်နေ,နေကြ၏။

''ကျီဝေါရွာမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ အရာအားလုံးဖြစ်နိုင်တယ်''

တကယ်ပဲ ကြက်တွေတောင် စကားပြောတတ်ပါတယ်ဆိုနေမှတော့ မဖြစ်နိုင်တာဘာရှိသေးလို့လဲ။

ထိုအချိန်၌ပင် နျဲ့ပုဖန် ရေရွတ်၍ ပြောသောစကားကို ကြားလိုက်ရပြန်၏။
''ဒီ ဖိတ်စာကို လေလံတင်ရင် စျေးဘယ်လောက်ရနိုင်သလဲ''

ကျန်းကျွင်းရှီ နှင့် လီယီတို့ နှစ်ဦးမှာ မိန်းကလေးယုချုံနှင့် သူ၏ဆရာသခင်အပေါင်းအား ရုတ်တရက်သနားမိသွားလေသည်။

တစ်ဖက်၌ ယုချူံသည် အိမ်သို့ပြန်ရောက်သောအခါ သူ့အခန်းမှာ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ ဗီဒိုနှင့်သေတ္တာတို့မှာ ဟောင်းလောင်းပွင့်လျှက်၊ အဝတ်အစားနှင့်ပိုးထည်တို့မှာ ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲလျှက်ရှိနေသည်။
တချို့နေရာတွင် ကြက်ခြေရာများနှင့် ကြက်မွှေးများကိုတွေ့ရပြီး ကြက်မွှေးတို့မှာ အရောင်စုံတောက်ပကာနေလေသည်။
ဒီထက် ပိုစိတ်တိုစရာကောင်းသည်မှာ ထိုးဆိတ်ခံထားရသော သူမ၏ခါးပတ်ကြိုးလေးကို မြင်လိုက်ရခြင်း ဖြစ်သည်။ ခါးပတ်ကြိုးလေး ...

စောက်ကျိုးနည်း နျဲ့ပုဖန် ... နောက်တစ်ခါထပ်မတွေ့ပါရစေနဲ့တော့ ...



Zawgyi

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now