Chapter 44

2.2K 280 1
                                    

Chapter-44
ဆန်းကြယ်သော ရတနာရှာပုံတော်
...................

နောက်ဆုံးတွင် ရတနာသိုက်ကို ဝင်နိုင်တော့မည်ဖြစ်သည်။ သို့သော် အားလုံးသည် ဝမ်းသာနေရမည့်အစား နျဲ့ပုဖန်၏ အနှောက်အယှက်ကြောင့် မျက်နှာပျက်နေကြ၏။

၎င်းတို့၏ ရတနာသိုက်တံခါးမှ သော့ပေါက်များကိုသေချာ ရှင်းလင်းလိုက်သောအခါ။
အဇူရာ နဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ ရှန်းဝူ မြွေလိပ်ရုပ်တို့ ထွင်းထုထားသော သော့ခွက်များအသီးသီးပေါ်လာ၏။ ၎င်းတို့လေးခုသည် အလယ်တွင် နေမင်းကို ဝိုင်းပတ်ထားဟန်ရှိသည်။
လီယီ၊ လီဟိုက် ညီအစ်ကိုနှစ်ဦးသည် သူတို့၏ သော့ကို နေရာတွင် အရင်တပ်ကြ၏။ထို့နောက် ရှန်းမုလန်၊ စုချန်းယီ၊ ဝမ်ရှင်းချန်တို့ကလည်း ၎င်းတို့၏ သော့များကို အသီးသီး တပ်ဆင်လိုက်ကြ၏။
နျဲ့ပုဖန်လည်း သူ့ကြက်ဥပုံ သော့ကို တပ်ဆင်ဖို့ရာတံခါး နားရောက်လာ၏။
သို့သော် သော့ပေါက်ကို မတွေ့ပေ။

''မင်း ဘာရပ်လုပ်နေတာလဲ''
လီဟိုက်က မကျေမနပ် လေသံဖြင့် မေးသည်။

''ငါ့သော့ကို ထည့်မလို့ပေမယ့် သော့ပေါက် ရှာမတွေဘူး''

''တွေ့အောင် ရှာလေ၊ ကန်းနေလား''

''ငါ ရှာနေတာပဲ၊ မင်း မတွေ့ဘူးလား၊ ဒီမှာဘာသော့ပေါက်မှ,မှ မရှိတာ''

''မင်း လက်ထဲက ကြက်ဥက သော့ရော ဟုတ်ရဲ့လား''

''မဟုတ်ရင် ဒီကြက်ဥက ဒီလောက် မာကျောနေမလားဟ''

''မင်း ကြက်ဥက ဘယ်လောက်မာမာ သော့ပေါက် မရှိရင် ထည့်မရဘူး''

နျဲ့ပုဖန်သည် သူ့လက်ထဲက ဥကို ငုံ့ကြည့်ကာရေရွတ်လိုက်သည်။

''တံခါးကို ဖွင့်ဖို့က ထင်သလောက် မလွယ်ဘူး ထင်ပါတယ်''

၎င်းတို့ကို ကြည့်နေကြသော တခြားသူများလည်း မနေနိုင်တော့ပဲ ကူညီရန် ရောက်လာကြ၏။

''အင်း၊ တံခါးမှာ တခြားစက်ယန္တရားတွေ ရှိနေလား တစ်ချက်ကြည့်ရမယ်''

ဟုဆိုကာ စုချန်းယီသည် တံခါးကို ဟိုကိုင်ဒီကိုင်လုပ်ကြည့်သည်။

အားလုံးသည် တံခါးကို စိတ်ဝင်စားစွာ ကြည့်နေကြ၏။

ထိုစဥ် ကလောက်ကလစ်ဟူသော အသံတစ်ခုထွက်ပေါ်လာကာ တံခါးမျက်နှာပြင်ရှိ အရာတစ်ချို့သည်ရွေ့လျားသွား၏။
ထို့နောက် တံခါးအလည်တည့်တည့်၌ အပေါက်ငယ်တစ်ခု ပေါ်လာလေသည်။

''တံခါးက ထင်သလောက် မလွယ်ဘူးဆိုတာတကယ်ပဲ''
နျဲ့ပုဖန်သည် ပြောပြောဆိုဆိုနှင့် အပေါက်ငယ်ထဲသို့ သူ့ကြက်ဥကို ထည့်လိုက်၏။
သို့သော် တံခါးမှာ ဘာမှ မတုန့်ပြန်ပေ။ ထို့ကြောင့်ကြက်ဥကို ဟိုလည့် ဒီလှည့် လုပ်ကြည့်သည်။နောက်တွင် ကြက်ဥအား တွန်းဖိလိုက်ရာ တုံ့ပြန်မှုဖြစ်ပေါ်လာ၏။

နျဲ့ပုဖန် ဝမ်းသာသွားပြီး နောက်သို့ အနည်းငယ်ဆုတ်လိုက်သည်။

''ပညာရှိကြီး ပွားပေါင်က တော်တော် ဒုက္ခပေးတဲ့လူပဲ''
နျဲ့ပုဖန် တွေးဆဆဖြင့် ပြောလိုက်သည်။

ဒုက္ခ အပေးဆုံးက မင်းပဲဟု တခြားသူများအားလုံးစိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ထို့နောက် နျဲ့ပုဖန်က တံခါးကိုကြည့်ကာ ...

''ပွင့်တော့၊ ရတနာတွေ ပေါ်လာပါတော့''
ဟု အော်လိုက်သည်။
ထိုအသံနှင့် တပြိုင်နက် မြေကြီးသည် တုန်ခါလာ၏။

ဤအခြေအနေမှာ တံခါး ပွင့်လာတော့မည့် ရှေ့ပြေးနိမိတ်ဟု ထင်ကာ အားလုံးသည် တံခါးကိုသာ အာရုံရောက်နေကြ၏။

''သတိထားကြ''
ဘယ်သူ အော်လို့ အော်လိုက်သော အသံမှန်း မသိ။ ၎င်းတို့ အားလုံး သတိမထားမိခင်မှာပဲ ၎င်းတို့၏ ခြေထောက်များသည် လေဟာနယ်တစ်ခုတွင် ခြေချမိလျက်သား ဖြစ်ကာ၊ အားလုံး တွင်းပေါက်ကြီးထဲသို့ ပြုတ်ကျသွားကြသည်။

အဖြစ်မှာ ၎င်းတို့တွေ တံခါးကို အာရုံစိုက်နေကြသောအချိန်မှာပင် ၎င်းတို့ ခြေထောက်အောက်ရှိမြေစိုင်မြေခဲတို့သည် ရွေ့လျားကာ ရုတ်တရက်တွင်းပေါက်တစ်ခု ပွင့်လာခဲ့ခြင်း ဖြစ်သည်။
သိုင်းပညာ ကျွမ်းကျင်းသော လီယီ၊ စုချန်းယီ၊ ဝမ်ရှင်းချန်တို့ပင် ဘာမှမလုပ်နိုင်ပဲ အားလုံးနီးတူ ပြုတ်ကျကုန်သည်။
၎င်းတို့အားလုံးသည် တွင်း၏ အောက်ခြေအထိ အရှိန်အဟုတ်ဖြင့် ပြုတ်ကျနေကြသည်။
ထိုအထဲတွင် နျဲ့ပုဖန်၏ ကြက်များကလည်း မိုးစက်မိုးသီးများ ရွာသည့်သဖွယ် တဖွဲဖွဲ ပြုတ်ကျလာသည်။

''အား ... အား ...''
နျဲ့ပုဖန်သည် သူ လက်လှမ်းမီသော ကြက်တစ်ကောင်ကို ဖက်ကာ ကြောက်လန့်တကြား အော်နေသည်။
ထို့နောက် ရှေ့တွင် နောက်ထပ် တွင်းပေါက်ငယ်များကို မြင်လိုက်ရ၏။

''အား၊ ရှေ့မှာ ရေတွင်းကြီး''

ဒါကို အားလုံး မြင်လိုက်ကြရသည်။
ထူးဆန်းသည်မှာ ရေတွင်းများသည် သုံးခုရှိနေခြင်းဖြစ်၏။
ဤသို့ဖြင့် လီညီအစ်ကိုနှင့် ဝမ်ရှင်းချန်တို့က တစ်တွင်း၊ စုချန်းယီနှင့် နျဲ့ပုဖန်တို့က တစ်တွင်း၊ရှန်းမုလန်ကတော့ တစ်ယောက်တည်း တစ်တွင်း၊ အသီးသီးကျသွား၏။

၎င်းတို့နည်းတူ ကြက်များလည်း ရေတွင်းထဲ ကျလာလေသည်။

''ဟေး...မြန်မြန် ကယ်ကြပါဦး။ ငါ့ ကြက်တွေက ရေသိပ် မကူးတတ်ဘူး''

နျဲ့ပုဖန်သည် ရေထဲမှာ ရက်ကန်ရက်ကန်ဖြင့် ကြက်များကို လိုက်ဆယ်ကာ အော်နေသည်။

ကျောက်နံရံတွေ ခြားထားပေမယ့်လည်း တခြားတစ်ဖက်မှ လူများသည် သူ့အသံကို ကောင်းကောင်းကြားရ၏။

''အားလုံး အဆင်ပြေကြရဲ့လား''

တစ်ဖက်မှ ရှန်းမုလန်က လှန်းမေးသည်။

''အဆင်ပြေပါတယ်''
ဟု လီယီက ပြန်ဖြေကာ သူ့ ရေတွင်းသို့ ကျလာသော ကြက်များကို လိုက်ဆယ်နေ၏။

လီဟိုက်မှာ အတော်ကို စိတ်မသက်မသာဖြစ်နေသည်။

''ပညာရှိကြီး ပွားပေါင်က တော်တော်လိမ္မာပါးနပ်တဲ့လူပဲ၊ အသုံးမဝင်တဲ့ တံခါးပေါက်ကိုလည်း ဟန်ပြထားသေးတယ်၊ တကယ့် ဝင်ပေါက်က မြေအောက်လှိုဏ်ခေါင်း ဖြစ်နေတယ်''

''ဟေး၊ အဲ့ဒါက သူ့ရဲ့ထူးချွန်မှုပဲလေ''
နျဲ့ပုဖန်က ဂုဏ်ယူဝင့်ကြွားစွာ လှမ်းပြော၏။

''ငါ ပြောမယ် နျဲ့ပုဖန်၊ မင်းကတော့ ပညာရှိကြီးရဲ့ အဖိုးတန် မြေးမြစ်လေး ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်''

လီဟိုက်သည် လှောင်လိုက်၏။

''မင်းက အရူးပဲ၊ ငါသာ သူ့ မြေးဆိုလို့ကတော့ မင်းတို့ ရတနာတွေ မြင်လိုက်ရမယ်တောင် မထင်နဲ့''

လီဟိုက်သည် စိတ်ဆိုးကာ စကားဆက် မပြောတော့ပေ။

''ကြက်တွေကို ကယ်ပေးဖို့ မမေ့ကြနဲ့ဦး''

နျဲ့ပုဖန်က ထပ်အော်ကာ သတိပေးလိုက်၏။

လူတွေ အားလုံး စွံ့အ,သွားကြသည်။ သူတို့၏ ပထမ ဦးစားပေး အလုပ်မှာ ရတနာရှာဖို့ မဟုတ်ပဲ ကြက်ကယ်ဖို့ ဖြစ်နေသည်လေ။

ထိုထက် ထူးဆန်းသည်မှာ ၎င်းကြက်များကလည်းလူတွေအား သူတို့ကို ကယ်နေသည်ကို သိသည့်အလား ရန်ပြုခြင်း မပြုပဲ အသာတကြည် အကိုင်ခံကြသည်။
တစ်ချို့မှာ သူတို့ဘာသာ ရေကူးနေကြသည်၊ မသိပါက ၎င်းတို့ဟာ ရေကူးချန်ပီယံများလား မှတ်ရသည်။ ၎င်းတို့သည် ရေထဲတွင် ဆော့ကစားကာ ပျော်ရွှင်နေကြသည်။

၎င်း ကြက်အုပ်ကို ကြည့်လိုက်သည်နှင့် မကယ်ပဲ သူ့တို့ဘာသာ ထားလိုက်လျှင်လည်း အဆင်ပြေပုံပေါ်ပါသည်။ ၎င်းတို့၏ ပမာမခန့် သက်သောင့်သက်သာဖြစ်နေပုံမှာ နျဲ့ပုဖန်၏ ကိုယ်ပွားတွေများလား မှတ်ရ၏။

ထိုအချိန်မှာပဲ မြေပြင်ပေါ်၌ ကျန်ခဲ့သော ကျန်းကျွင်းရှီ၏ အသံကို ကြားလိုက်ရ၏။

''မင်းတို့ အဆင်ပြေကြလား။ ဘာဖြစ်သွားသေးလဲ။ ထိခိုက်ဒဏ်ရတဲ့သူရှိလား''

''အားလုံး အဆင်ပြေပါတယ်၊ မင်းသာ ကြိုးတွေပြင်ဆင်ထားပြီး ဒီက အခြေအနေကို စောင့်ကြည့်နေ''
စုချန်းယီက အကျိုးအကြောင်း ပြန်ပြောလိုက်၏။

''ကောင်းပြီ၊ အားလုံးပဲ သတိရှိကြပါ''

ဤသို့ဖြင့်များ အားလုံးနီးပါးကို ကယ်ကာ တစ်ဖက်ကမ်းစပ်ပေါ်သို့ တင်ပေးပြီးချိန်တွင် ရေကူးနိုင်သော တစ်ချို့သာ ရေထဲဆော့ကစားရင်းကျန်ခဲ့၏။

ကြက်အကောင် အရေအတွက်မှာ ရာနှင့်ချီများနေ၍ ပြုတ်ကျလာသော တွင်းပေါက်သည်သေး၏။ ထို့ကြောင့် ၎င်းတို့အားလုံး ပြုတ်ကျလာသည်ဆိုသည်မှာ မဖြစ်နိုင်။

''ဒါနဲ့ နေပါဦး''
စုချန်းယီသည် ကမ်းစပ်ပေါ်က ကြက်များကို ကြည့်ကာ မေးခွန်းပေါ်လာ၏။

''အပေါ်က ငါတို့ ကျလာတဲ့အပေါက်က သေးသေးလေးလေ၊ ဒီလောက် ကြက်တွေ အများကြီး ပြုတ်ကျလာနိုင်ပါ့မလား''

''သူတို့ဘာ သူတို့ လိုက်ခုန်ချလာကြတာနေမှာပေါ့''
နျဲ့ပုဖန်လည်း ရေထဲက တက်လာရင်း ပြောလိုက်သည်။

''ဘာလို့ ခုန်ချတာလဲ"

''သူတို့မှာလည်း သူတို့အသိလေးတွေနဲ့ သူတို့ရှိကြတယ်၊ သူတို့က အတူတူ စားတယ်၊ အတူတူ ကစားတယ်၊ အတူတူ အိပ်ကြတယ်၊ အခုလည်း ရှေ့ကကောင်တွေ ပြုတ်ကျတာ မြင်တော့ လိုက်ခုန်ချလာကြတာနေမယ်''

''........''
စုချန်းယိနှင့် လူအားလုံးမှာ ပြောစရာမရှိအောင် ဖြစ်သွားကြသည်။

''ကဲ၊ ငါတို့ သွားရအောင်''

နျဲဲ့ပုဖန်သည် ပြောပြောဆိုဆိုနှင့် သူ့အဝတ်မှ ရေများကို ညှစ်ပြီးနောက် ရှေ့ဆုံးက ထွက်သွား၏။
နောက်မှ စုချန်းယိလည်း ခေါင်းတခါခါဖြင့် လိုက်လာခဲ့သည်။

သွားရင်းဖြင့် ရှေ့တွင် ကျောက်လှေကားတစ်ခုကိုမြင်လိုက်ရသောအခါ ကြက်အုပ်သည် ရပ်သွား၏။

''ကလေးတွေ သတိထားကြနော်၊ ထူးဆန်းတာတစ်ခုခုတွေ့ရင် လှမ်းအော်လိုက်ကြားလား''

နျဲ့ပုဖန်သည် ၎င်း၏ ကြက်အုပ်အား စိုးရိမ်စွာမှာ၏။
ကြက်များကလည်း နားလည်သည့်အလား ခေါင်းညိတ်ကာ အလျိုလျို ထွက်သွားကြသည်။

''.....''
သည်နေရာမှာ နျဲ့ပုဖန်က တစ်မူထူးနေတာ မဟုတ်ရင် မိမိကပဲ စိတ်ဖောက်ပြန်နေသလားဟု စုချန်းယီတွေးမိသည်။
နျဲ့ပုဖန်နှင့် ၎င်း ကြက်အုပ်ကို တွေ့ပြီးချိန်မှစ၍ သူ့ဘဝကြီးသည်လည်း ပုံမှန် မဟုတ်တော့သည်မှာကြာပါပြီ။

''အစ်ကိုစု၊ တိတ်လှချည်လား၊ စကားလေး ဘာလေးလည်း မပြောဘူး''

နျဲ့ပုဖန်က ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာမေးသည်။

မင်းနဲ့ စကားပြောရင် ငါပါ ရူးသွားလိမ့်မယ် သောက်ရူးရ ...
စုချန်းယီ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပေမယ့် အပြင်မှာတော့ တည်ငြိမ်ဟန်ဖြင့်သာ နေနေသည်။

''ငါ အခု ပတ်ဝန်းကျင်ကို အခြေအနေကို စောင့်ကြည့်နေရလို့လေ''

''ထူးခြားတာ တစ်ခုခု တွေ့မိလား''

''ဒီမှာတော့ ဘာမှထူးဆန်းတာ မရှိဘူး''

လှိုဏ်ဂူသည် အောက်ခြေတွင် မြေအောက်မြစ်ကြောတစ်ခုရှိ၏။ လမ်းတစ်လျောက်တွင် ဂူနံရံ၌ ထူးဆန်းသော သတ္တုရိုင်းများ မြုပ်နေပြီး ၎င်းတို့၏ ပြိုးပြိုးပျက်ပျက်သော အရောင်တို့က မြေအောက် စမ်းချောင်း ရေမျက်နှာပြင်၌ ထင်ဟပ်ကာ ထူးခြားသော အလင်းများ တောက်ပနေ၏။

''အဲ့ဘက်မှာ အခြေအနေ ဘယ်လိုလဲ ဟေ့''

တစ်ဖက် လှိုဏ်ဂူမှ လီဟိုက်၏ လှမ်းမေးသံကို ကြားရ၏။

''ဘာမှမထူးဘူး၊ လှေကား အဆုံးထိ ဘာမှ ထူးဆန်းတာ မရှိဘူး''

ရှန်းမုလန်က ပြန်ဖြေသည်။

''ငါတို့ဘက်လည်း ဘာမှမရှိဘူး''

စုချန်းယိလည်း ပြန်ဖြေလိုက်၏။

ထိုအချိန်တွင် ခပ်လှန်းလှန်းမှ ကြက်အော်သံကိုကြားလိုက်ရလေသည်။

နျဲ့ပုဖန်သည် မျက်လုံးများ အရောင်တောက်ကာ ''တစ်ခုခု တွေ့လို့နေမယ်'' ဟု ရေရွတ်၍ စိတ်လှုပ်ရှားစွာ ပြေးသွား၏။

သူ့နောက်ကို စုချန်းယိလည်း အမြန်လိုက်လာရသည်။
တစ်ချက်တွင် နျဲ့ပုဖန်သည် ဘာမှန်းမသိသောအရာတစ်ခုကို ခလုတ်တိုက်ကာ ခြေလွတ်လက်လွတ်ဖြစ်သွားခြင်းကို ခံစားလိုက်ရသည်။ ထို့ကြောင့် ဆွဲမိဆွဲရာ အနီးရှိ စုချန်းယီကိုပါ လှမ်းဆွဲလိုက်၏။
သူသည် စုချန်းယီကိုပါ အတူတူဆွဲခေါ်မိသလို ဖြစ်သွား၏။

နှစ်ယောက်သား ပျော့ပြောင်း၍ ဖုန်ထူသောကြမ်းပြင်ပေါ်သို့ ကျရောက်သွားလေသည်။

စုချန်းယီသည် ဖုန်မှုန့်များကြောင့် ချောင်းဆိုးပြီးသည့် နောက်တွင်နျဲ့ပုဖန်အား အင်္ကျီလည်ပင်းမှ ဆွဲလိုက်သည်။

''မင်း ဘာလုပ်တာလဲ၊ မင်းဟာမင်း တစ်ယောက်တည်း ပြုတ်ကျတာ အားမရလို့ ငါ့ကိုပါ သေအောင် အတူတူဆွဲခေါ်တာလားကွ''

နျဲ့ပုဖန်က ခေါင်းခါ၏။

''ဒါပေမယ့် အခု မသေဘူး မလား''

''မတော်လို့ အန္တရာယ်ရှိတဲ့ စက်ယန္တရား တစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲကွ''

စုချန်းယီသည် နျဲ့ပုဖန်ကို အတော်စိတ်ဆိုးနေသည်။ သူ့ ဘဝသည် နျဲ့ပုဖန်နှင့်မတူ၊ အလွန်အဖိုးထိုင်တန်ပေသည်။

ထိုအခါ နျဲ့ပုဖန် သက်ပြင်းချလိုက်သည်။

''အစ်ကိုကြီးစု၊ တကယ်တော့ ငါက သေမှာမကြောက်ဘူး၊ အထီးကျန်နေရမှာကိုပဲ ကြောက်တာ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ အခုလို အဖော်တစ်ယောက်ရှိနေတာ အရမ်းဝမ်းသာတယ်''

နျဲ့ပုဖန်က စုချန်းယီ၏ ကျောကို ပုတ်ပေးလိုက်၏။
စုချန်းယီ ဒေါသထွက်သွားသည်။ သည်ကောင်ရဲ့အရှက်မရှိတဲ့ စကားတွေကို ငါ သည်းမခံနိုင်တော့ဘူး။

''အစ်ကိုစု၊ မင်း နည်းနည်းလောက် လှည့်ကြည့်သင့်တယ် ထင်တယ်''

ထိုသို့ဆိုကာ နျဲ့ပုဖန်သည် မလှုပ်မယှက် တစ်နေရာရာကို စိုက်ကြည့်နေသည်။
စုချန်းယိလည်း သံသယစိတ်ဖြင့် နျဲ့ပုဖန်အတိုင်းကြည့်လိုက်သည့်အခါ သူ့ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဤ လိုဏ်ဂူထဲတွင် စင်တစ်ခုရှိနေသည် ထိုပေါ်၌ ပန်းအိုးများ၊ ကြွေထည်များ၊ ပေစာလိပ်များနှင့်ကျောက်စိမ်းများ အပါအဝင် တခြားသောအသုံးအဆောင်တို့ဖြင့် ပြည့်နှက်နေ၏။
၎င်းတို့တွင် ထူးခြားသော အရည်သွေးများ ရှိကြပုံမှာ ပေါ်လွင်နေသည်။
သူတို့ ရှေ့ကို တိုးလာလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။

''ဒါ တကယ့် ရတနာသိုက်ကြီးပဲ၊ ဒီထဲက တစ်ခုလေး ယူလိုက်ယုံနဲ့တင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိတယ်''

''ဒါက ဘာလဲ''
နျဲ့ပုဖန်သည် သူ့ရှေ့မှ အလွှာအထပ်ထပ်ဖြင့်ထုပ်ပိုးထားသော အရာတစ်ခုကို တွေ့လိုက်၏။

စုချန်းယိလည်း သူ့ အနား အလျင်အမြန် ရောက်လာကာ အလွှာများကို လှန်လှော၍ ဖွင့်ကြည့်၏။

''ဒါ အကောင်းဆုံး ပိုးသားစပဲ။ ဒါပေမယ့် ဆွေးနေပြီ''
စုချန်းယီက ပြောသည်။
''ဒါပေမယ့် အထဲမှာ တစ်ခုခုကို ထုပ်ပိုးထားသလိုပဲ။ ဖွင့်ကြည့်ကြည့်မယ်''

စုချန်းယိသည် ထိုအရာကို ဖွင့်နေစဥ် အထဲမှ ဖုန်မှုန့်များ ထွက်လာသောကြောင့် နျဲ့ပုဖန် ခပ်ဝေးဝေးရှောင်နေလိုက်သည်။

မကြာခင်မှာပင် အထဲ၌ သုံးပေပတ်လည် အမြင့်ရှိသော စတုရန်းပုံ သေတ္တာတစ်ခု ထွက်လာလေသည်။
စုချန်ယီသည် ထိုသေတ္တာကို ဂရုတစိုက် ဖွင့်လိုက်သည့်နောက်တွင် အတွင်း၌ မြင်လိုက်ရသောအရာကြောင့် သူမျက်လုံးများ တောက်ပသွား၏။
၎င်းမှာ ရွှေပိုးမျှင်ဖြင့် ရက်လုပ်ထားသော ရွှေပိုးထည်စ ဖြစ်နေသည်။

''ဒါ လုံးဝ မမျှော်လင့်ထားတဲ့ ဒဏ္ဍာရီလာ ရွှေပိုးထည် ဖြစ်ရမယ်။ တကယ် ရှိနေတာပဲ၊ ဒီ လက်ရာမြောက်ပြီး ထူးထူးခြားခြား ရက်လုပ်ထားတဲ့ ပုံစံကို ကမ္ဘာမှာ ဘယ်အရာမှ ယှဥ်နိုင်မှာ မဟုတ်ဘူး၊ ဒါကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သတ်မှတ်လို့ရတယ်"

စုချန်းယိမှာ တအံတသြဖြစ်နေ၏။

ထိုစဥ်မှာပဲ သူ့နောက်မှ အရိပ်မဲများသည် ထိုပိုးထည်အဝတ်ပေါ် အုပ်မိုးကျရောက်လာသည်။
ရုတ်တရက်မှာပဲ ထိုအရိပ်များသည် ကွဲသွားကာပိုးထည်သည် လုယူခြင်း ခံလိုက်ရ၏။

စုချန်ယိခမျာ ထူပူကာ ဘာမှမလုပ်တတ် မကိုင်တတ်သော အမူအရာဖြင့် သူ့ရှေ့မှ ပိုးထည်စကို ချီသွား၍ ဆော့ကစားနေကြသော ကြက်များကို လက်ညိုးထိုးကာ စွေ့စွေ့ခုန်နေသည်။

ကြက်များသည် ၎င်း ပြောင်လက်နေသော ပိုးထည်စအား လုယက်ကြ၊ တက်နင်း ဆော့ကစားကြဖြင့် ၎င်းဂန္တဝင်တွင်သော ပြည်တော်တန် ရတနာမှာ စက္ကန့်ပိုင်းအတွင်း အစိတ်စိတ် အမွှာမွှာ ပျက်စီးခြင်းသို့ရောက်သွားရရှာလေသည်။

နျဲ့ပုဖန်ကတော့ အသည်းများ တစစီ ဖဲ့ခြွေခံလိုက်ရပုံပေါ်သည့် စုချန်းယီအား ပုခုံးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

''စိတ်မကောင်းပါဘူးကွာ''

စုချန်းယီ၏ စိတ်ထဲမှာတော့ သကောင့်သား နျဲ့ပုဖန်နှင့်တကွ ၎င်း၏ မေတ္တာတုံး ကြက်များကို နုပ်နုပ်စင်းကာ ကြက်စင်းကော လုပ်ပစ်ချင်နေ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now