Chapter 18

2.5K 371 2
                                    

Chapter 18
ဒီကောင်လေး က သင်ပေးနိုင်ပါတယ်
.........


ထိုသို့ ဖြစ်ပျက်ပြီးသွားသော နောက်တစ်နေ့တွင် ဖြစ်သည်။
ခြေသံပြင်းပြင်းတစ်ခုသည် တဖြေးဖြေးနီကပ်လာကာ ''ဘန်း'' ဟူသောအသံနှင့်အတူ တံခါးအား ကျိုးပဲ့သွားအောင် ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်လိုက်၏။

''နျဲ့ပုဖန်၊ ရှင့် ကြက်က.. ဘယ်လိုဖြစ်...''

ယုချုံသည် နျဲ့ပုဖန်၏ အိမ်အတွင်းသို့ ကျူးကျူးကျော်ကျော်ဝင်လာကာ အော်ကြီးဟစ်ကျယ် မေးလိုက်၏။
သို့သော် အခန်းထဲကမြင်ကွင်းကို မြင်ပြီးတဲ့နောက်မှာတော့ သူမသည် စကားကို ဆုံးအောင်ပင် မပြောနိုင်တော့ပါ။

ကြက်များသည် နျဲ့ပုဖန်၏ အိပ်ရာပေါ်တွင် ဝပ်လျှက်မဟုတ်ပဲ အလျားလိုက် လှဲလျှက် တန်းစီအိပ်နေကြသည်။
ကြက်အကောင် နှစ်ဆယ်ခန့်သည် အိပ်ရာကြီးပေါ်တွင် နျဲ့ပုဖန်အား ပတ်လည်ဝိုင်းထားလျှက် အိပ်နေကြခြင်း ဖြစ်သည်။

ဤသည်မှာ လူအုပ်ကြီးက ဝမ်ရှန်းကျောက်စိမ်းတုံးအား ဝိုင်းဝန်းစောင့်ကြပ်နေကြသကဲ့သို့ ဖြစ်သည်။

ယုချုံသည် ဤသို့စိတ်ပျက်ဖွယ် မြင်ကွင်းအား မြင်ပြီးသည့်နောက်မှာတော့ ခြေလှမ်းကို ရှေ့ပဲဆက်တိုးရမလား၊ နောက်ပဲပြန်ဆုတ်ရမလား မသိ ဖြစ်သွားသည်။
ထို့သို့တွေဝေနေသောအချိန်၌ နျဲ့ပုဖန်သည် အိပ်မှုန်စုန်ဝါးဖြင့် နိုးလာ၏။

နျဲ့ပုဖန်သည် လက်ကိုတစ်ဝက်တစ်ပျက် ဆန့်လျှက် အကြောဆန့်ကာ ယုချုံအား မကျေမချမ်းဖြင့်ပြောလိုက်သည်။

''ဘာကိစ္စရှိလို့လဲ။ နံနက်စောစောစီးစီး သူများတကာ အိပ်ကောင်းခြင်းမအိပ်ရအောင် ဖျက်စီးနေတယ်။ ခွင့်မလွှတ်နိုင်စရာပဲ''

ယုချုံသည် အစောကကဲ့သို့ စိတ်ဆိုးမာန်ဆိုးမဟုတ်တော့ပဲ လေသံကိုလျော့ကာ ခပ်တိုးတိုးမေးလိုက်၏။

''ရှင့်ကြက်က ကျွန်မအိပ်ရာပေါ်မှာ လာပတ်ပြေးနေတယ်''

''ဒါက ကြက်သိုက်ရွာပါဆိုမှဗျာ၊ ရွာကလည်း ကြက်သိုက်ပဲ၊ ကြက်သိုက်ကလည်း ရွာပဲလေ''

နျဲ့ပုဖန်သည် ရှုပ်ပွနေသောဆံပင်များဖြင့် ထထိုင်လိုက်သည်။ သူ၏အင်္ကျီမှာ လျော့တိလျော့ရဲဖြစ်နေ၍ ခန္ဓာကိုယ်ကို အတော်လေး လျစ်လှပ်ပြထားသကဲ့သို့ ဖြစ်နေသည်။

''ကျွန်မ မအိပ်ခင်မှာ တံခါးသေချာပိတ်ထားခဲ့တာ''
ကိုးဆယ့်ကိုးက အဝေးကိုကြည့်လျှက် ပြောလိုက်သည်။

''ဒါဆို ပြတင်းပေါက်တွေရော''

နျဲ့ပုဖန်က ပွထနေသောဆံပင်ကို သာမန်ကာလျှံကာသပ်၍ အဝတ်ကိုလည်း ပြန်ပြင်ဝတ်လိုက်သည်။ သူ့ပတ်ပတ်လည်မှာ ကြက်များသည် ဖတ်ထုပ်ကဲ့သို့ ပူနွေးသောအိပ်ရာပေါ်မှခုန်ဆင်း၍ အုပ်စုလိုက်ခွဲကာ ကိုးဆယ့်ကိုးအား  စူးစူးရှရှမျက်လုံးများဖြင့် ဓားဖြင့်ထထိုးတော့မည်ကဲ့သို့ ကျောချမ်းဖွယ် စိုက်ကြည့်နေကြ၏။

''ပြတင်းပေါက်လား''
ကိုးဆယ့်ကိုးက တွေးတွေးစစဖြင့် ပြောသည်။
''ပြတင်းပေါက်တွေပါ ပိတ်ထားရမှလား''

''ကြက်ရွာပါဆိုမှ ကြက်တွေက နေရာတကာ လျှောက်သွားနေမှာပဲလေ ''

နျဲ့ပုဖန်သည် ကြက်တွေ တက်အိပ်ထား၍ ကြေမွနေပြီဖြစ်သော သူ၏အပေါ်ထပ်ဝတ်ရုံကို ဝတ်လိုက်၏။ ထို့နောက် သူဘောင်းဘီကို ပြန်ဝတ်ဖို့ ပြင်လိုက်ကာမှ တစ်ခုခုမှားနေကြောင်း သတိပြုမိတော့သည်။

''ဒီမယ် နတ်မိမယ်။ ဘာဖြစ်ဖြစ် ခင်ဗျားကမိန်းမသားတစ်ယောက်လေ။ ဘာလို့ ယောကျ်ားတစ်ယောက်ရဲ့အခန်းထဲကို ကျူးကျူးကျော်ကျော် ဝင်လာရပြီး ကိုယ်တုံးလုံးချွတ်နီးပါးဖြစ်နေတဲ့ ငါ့ကိုဘာလို့စိုက်ကြည့်နေတာလဲ''

ပြောပြောဆိုဆိုနှင့် နျဲ့ပုဖန်သည် သူ၏လှပသော ခြေတံရှည်ကြီးကို ကုတင်ပေါ်မှာ ထိုင်နေလျှက် ဆန့်ထုတ်လိုက်၏။

''အား'' 
ထိုအခါမှ ယုချုံလည်း မျက်နှာကိုလက်ဖြင့် ဝှက်လျှက် အော်၍ ပြေးထွက်သွားလေ၏။

ကိုယ်လက်သန့်စင်၍ နံနက်စာပူပူလေး ချက်ပြုတ်ပြီးချိန်၌ ကိုးဆယ့်ကိုးသည် မိန်းကလေးနှစ်ယောက်နှင့်အတူတစ်ဖန် ပြန်ရောက်လာ၏။

''ဒီမှာ လာစားကြပါဦး''
နျဲ့ပုဖန်သည် ၎င်းတို့ကို ဆန်ပြုတ်ပူပူလေးနှင့်  ကြက်ဥပြုတ်များ ချကျွေး၏။
ယုချုံသည် ထိုအစားအသောက်များကို ဂရုပင်မစိုက်ပဲ အေးတိအေးစက်မျက်နှာထားဖြင့် စကားစလိုက်၏။

''နျဲ့ပုဖန်၊ နောက်ရက်တွေကျရင် ကျွန်မ ကျီဝေါ်ရွာမှာ အရေးကြီးတဲ့ရှာဖွေမှုလုပ်ရလိမ့်မယ်။ ရှင့်ရဲ့အိမ်ကိုလည်း ရှာဖွေရလိမ့်မယ်၊ ခွင့်ပြုပေးမယ် မလား''

''အင်း'' 
နျဲ့ပုဖန်သည် ဆန်ပြုတ်ပူပူလောလောကို ပါးစပ်ထဲပလုတ်ပလောင်းမျိုချလျှက် ဗလုံးဗထွေးနှင့် ပြန်ဖြေလိုက်သည်။
''ကြိုက်သလိုလုပ်''

''ကောင်းပါပြီ''

ယုချုံသည် နျဲ့ပုဖန်၏ပူးပေါင်းပေးမှုကို အတည်ပြုလိုက်နိုင်၍ ကျေနပ်သွားသည်။
''ကျွန်မ ရှာချင်တာသာကို အေးအေးဆေးဆေးရှာလို့ရရင် ရှင့်ကိုလည်း ဘာအနှောက်အယှက်မှပေးမှာ မဟုတ်ပါဘူး''

''စိတ်ချမ်းသာသလို လုပ်ပါ''

နျဲ့ပုဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။

''ကောင်းပြီ၊ ဒါဆိုဖြေးဖြေးချင်းဆက်ပြီး သုံးဆောင်လို့ရပါပြီ''

စကားစမြည်ပြောပြီးသည့်နောက်တော့ ယုချုံသည်  သူမ၏ နောက်လိုက်မိန်းကလေးနှစ်ဦးနှင့်အတူထ၍ ထွက်သွားဖို့ပြင်၏။

''ဟေ့။ ခင်ဗျားတို့ ဘာမှစားမသွားကြတော့ဘူးလား''
နျဲ့ပုဖန်သည် ထွက်သွားသောလူများကို လှမ်းအော်လိုက်၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now