Chapter 96

829 107 0
                                    

Chapter - 96
ရွာကို ပြန်လာပြီ


ကြက်အနည်းငယ် ဝိုင်းနေသော နွေးထွေးသည့် အိပ်ယာတွင် နျဲ့ပုဖန် နိုးလာသည်။ အကျွမ်းတဝင်ရှိသော လူတစ်ယောက်က ကုတင် ဘေးမှာ ထိုင်နေ၏။

“အစ်ကို ဝမ်၊ ငါတို့ ရွာကို ပြန်ရောက်ပြီလား”
နျဲ့ပုဖန်က လေးပင်စွာ မေးလိုက်သည်။

သူ နိုးလာသည်ကို မြင်တော့ ဝမ်ရှင်းချန် ၏ မျက်လုံးများသည် ရွှင်လန်းမှုဖြင့် တောက်ပလာသည်။ သူက နျဲ့ပုဖန် နဖူးကို တို့ထိလိုက်ပြီး “မဟုတ်ဘူး၊ ငါတို့ အခု ကျင်းယန် ဆိပ်ကမ်းမှာပဲ ရှိသေးတယ်” ဟု တိုးတိုးလေး ပြန်ဖြေ၏။

"ဒါဆို မင်း ငါ့ကို ပြန်ခေါ်ဖို့ ဒီကိုလာတာလား''
နျဲ့ပုဖန်၏ မျက်လုံးများသည် သမင် တစ်ကောင်၏ မျက်လုံးကဲ့သို့ ဝိုင်းစက် စိုစွတ်နေ၏။ သူ အပြည့်အဝ မနိုးသေးသော်လည်း သူ့မျက်လုံးများတွင် မျက်ရည်များ စီးကျနေသလိုပင်။

"ဟုတ်တယ် ငါတို့ မင်းကို ခေါ်ဖို့လာတာ" 
ဝမ်ရှင်းချန် သည် ဤကဲ့သို့ဖြစ်နေသော နျဲ့ပုဖန် ကိုကြည့်ကာ ဝမ်းနည်းပူဆွေးမှုမှာ မခံမရပ်နိုင်ခံစားရသည်။

နျဲ့ပုဖန် ချက်ချင်း ပြုံးလိုက်သောအပြုံး မျက်လုံးများအထိ ကွေးလာ၏။

“ကောင်းပြီ၊ ငါတို့ ဘယ်တော့ ထွက်သွားရမလဲ။  မစောင့်နိုင်တော့ဘူး။ စကားမစပ် ကျန်းကျွင်းရှီ နဲ့ ရော တခြားသူတွေရော ဒီမှာပဲလား”

“မဟုတ်ဘူး၊ သူတို့က မြို့တော်မှာ သတင်းကို စောင့်နေတုန်းပဲ”

"ဒါဆို ငါ့အသုဘကို လာဖို့ အခွင့်အရေး လက်မလွတ်ရအောင် ငါ အပြင်းအထန် ဒဏ်ရာရပြီး သေသွားပြီလို့ မင်း သူတို့ကို မြန်မြန်ပြောလိုက်"

“…..” ဝမ်ရှင်းချန် သည် တခဏမျှ တိတ်ဆိတ်သွားပြီး “ကောင်းကင်ကြီး ကွဲသွားရင်တောင် ပင်လယ်က ခန်းခြောက်သွားရင်တောင်၊ ကျောက်တုံးတွေက ဖုန်မှုန့်တွေ ဖြစ်သွားပြီး လူသားမျိုးနွယ် ဆိတ်သုဉ်းသွားပြီဆိုရင်တောင် မင်းကတော့ ဆက်ပြီး ရှင်သန်နေနိုင်ပါသေးတယ်”

နျဲ့ပုဖန် စိတ်ဓာတ်ကျသွားသည်– “တစ်ယောက်တည်းနေရတာ အထီးကျန်တယ်။  မင်း ငါ့ကို မသေနိုင်တဲ့ လူတစ်ယောက်လို ပြောနေတာက ကျိန်ဆဲနေတာနဲ့ အတူတူပဲ''

"မင်းက ကိုယ့်ကိုကိုယ် တကယ် ဂုဏ်ယူနေတာပဲ"

ဝမ်ရှင်းချန် သည် နောက်ဆုံးတွင် မတတ်နိုင်တော့ပဲ နျဲ့ပုဖန်၏ မျက်နှာကို ညှစ်လိုက်သည်။ သည်ကောင်ရဲ့ ခန္ဓာကိုယ်က ပုပ်ပွသွားရင်တောင် သူ့ရဲ့ မုန်းချင်စရာ သဘာဝကတော့ မပြောင်းလဲနိုင်ဘူးဆိုတာ သူ သိထားသင့်၏။ အစက သေခါနီး ကုတင်ပေါ်မှာ လှဲနေတဲ့ နျဲ့ပုဖန် တွေ့လိုက်ရတော့ သူ့စိတ်တွေ အေးခဲသွားခဲ့ရသည်။ သူ့ ခံစားချက်တွေကို အလကားသက်သက် ဖြုန်းတီးမိလိုက်တာပဲ ဖြစ်မည်။

နျဲ့ပုဖန်က သူ့လက်ကို မြှောက်ပြီး ကိုယ့်မျက်နှာကိုကိုယ် ပွတ်သပ်ကာ တအံ့တသြနဲ့ ...
“ဟမ်၊ ငါ ကိုယ်အလေးချိန် တော်တော် ကျသွားပုံရတယ်"

ဝမ်ရှင်းချန်၏ မျက်လုံးများတွင် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ပေါ်လာပြီး သက်ပြင်းချကာ "မင်း ၇ ရက်၊ ၈ ရက်လောက် အိပ်ပျော်နေခဲ့တာ၊ ယာဂုနဲ့ ရေ နည်းနည်းပဲ သောက်ခဲ့တယ်၊ ဒါကြောင့် ကိုယ်အလေးချိန် ကျသွားတာ ဖြစ်မယ်"

"ခုနစ်ရက်၊ ရှစ်ရက်၊ ဟုတ်လား"  နျဲ့ပုဖန် မျက်လုံးပြူးသွားသည်။

ဝမ်ရှင်းချန် က ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါ အိမ်သာ မတက်တာလည်း ၇ ရက်၊ ၈ ရက်လောက် ရှိပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား"

“…..” မင်းရဲ့ အာရုံစူးစိုက်မှုက အရမ်းထူးဆန်းနေတယ် မဟုတ်ဘူးလား။ နောက်ဆုံးတွင် ဝမ်ရှင်းချန်မှာ ဝမ်းနည်းမှု တစ်ခုနှင့်အတူ ရိုက်ချခြင်းကိုသာ ခံလိုက်ရလေသည်။

"မကောင်းတော့ဘူး၊ ငါ အာဟာရ အမြန် လိုအပ်တယ်" နျဲ့ပုဖန် က ပြောလိုက်သည်။

“အစ်ကို ဝမ်၊ နောက်ပြီးရင် အရသာရှိတဲ့ အစားအသောက်တွေ ယူလာပေးပါဦး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆုံးရှုံးခဲ့ရတဲ့ ခွန်အားတွေအတွက် ဖြည့်ဆည်းချင်တယ်”

“အင်း၊ နိုင်ငံတော်ရဲ့ပညာရှိကြီးက မင်းအတွက် ယူဖို့ သွားနေပြီ”

အခုမှပဲ နျဲ့ပုဖန်လည်း တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။

"စကားမစပ်၊ ပင်လယ်ဓားပြတွေရော ဘယ်မှာလဲ။  တခြားလူတွေကိုရော ကယ်ဆယ်ပြီးပြီလား”

"သူတို့အတွက် စိတ်ပူစရာ မလိုပါဘူး၊ မင်းစိတ်ပူရမှာက မင်းကိုယ်တိုင်ပါပဲ" 
သတိရလာလာချင်းမှာ သည်ကောင်လေးက သူ့ဒဏ်ရာတွေ အကြောင်းကို သူ ဘာစကားတစ်ခွန်းမှ မမေးခဲ့ပဲ၊ သူက သေလုမျောပါး ဖြစ်ခဲ့တယ်ဆိုတာ သူ့ကိုယ်သူ သိရဲ့လား။

"အိုး၊ ငါရော ဖြစ်သွားတာလဲ" နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါး မေးသည်။

“မင်းရဲ့ ကျောရိုး လွဲသွားတယ်။ ပြန် ချိတ်ဆက်ထားပေမယ့် ခဏကြာတဲ့အထိတော့ လှုပ်ရှားနိုင်မှာမဟုတ်သေးဘူး''

တကယ်တော့ သူ့ ဒဏ်ရာက ဝမ်ရှင်းချန်ပြောသလောက် ပေါ့ပါးတာ မဟုတ်ပါ။  ထိုအချိန်က သမားတော် စစ်ဆေးတဲ့အခါ ၎င်းက ''ကံကြမ္မာကိုသာ ပုံအပ်လိုက်ပါတော့'' ဟု လက်လျော့စွာ ပြောခဲ့သည်။

နျဲ့ပုဖန်မှာ တကယ် သေခါနီး သေလုနီးပါး အခြေနေဖြင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ဒါပေမယ့် သူ့ အခြေအနေဟာ မယုံကြည်နိုင်လောက်အောင်ပင် ထူးဆန်းလှသည်ဆိုရမည်။ နှစ်ရက်အကြာတွင် ထပ်မံ ကြည့်ရှု စစ်ဆေးသောအခါ နျဲ့ပုဖန်၏ ကျောရိုးရှိ ဒဏ်ရာသည် အမှန်တကယ်လျင်မြန်စွာ ပျောက်ကင်းသွားပြီး "အသက်အာမခံချက် မရှိသော အခြေအနေ" မှ "သွက်ချာပါဒ အခြေအနေ'' အဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားကာ နောက်ဆုံးတွင် အံ့ဖွယ်နည်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ချေ ရှိကြောင်း တွေ့ခဲ့ရသည်။

စင်စစ် ဤကဲ့သို့ ဘေးဆိုးကြီးအား မြေအောက်ကမ္ဘာ၏ အရှင် ယမမင်းပင် ကယ်တင် ဖယ်ရှားပေးရန် အမှန်တကယ်ပင် မလွယ်ကူလှပေ။

"မလှုပ်နိုင်သေးဘူးတဲ့လား"

“ဘယ်လောက်ကြာမှာလဲ”
နျဲ့ပုဖန် က မေးလိုက်သည်။

"ပြန်ကောင်းလာဖို့ လ အနည်းငယ် ကြာလိမ့်မယ်"

"ဘာ။ လအနည်းငယ်"
နျဲ့ပုဖန် ထိတ်လန့်တကြား အော်လိုက်သည်။ 

"လအနည်းငယ် ကြာအောင် လှဲလျောင်းနေရမယ်ဆိုတာတာက ငါ့အသက်ကို သတ်တာနဲ့ အတူတူပဲမဟုတ်ဘူးလား"

“မင်း ကုတင်ပေါ်မှာ ခဏလောက်ပဲ လှဲနေဖို့ပဲ လိုတာပါ။ ဒဏ်ရာက သက်သာလာတာနဲ့အမျှ အိပ်ရာက ထပြီး ခဏလောက် လှုပ်ရှားတာမျိုး လုပ်နိုင်ပါသေးတယ်”

ဝမ်ရှင်းချန် က ဖြောင်းဖျသည်။

"မဟုတ်ဘူး၊ ငါက အရမ်း အလုပ်များတဲ့သူလေ၊ ဒါမျိုး အချိန်မဖြုန်းနိုင်ဘူး။ ငါ ဆုံးဖြတ်ပြီးပြီ။  ငါ့ဒဏ်ရာကို ငါးရက်အတွင်း ကုစားသမယ်"

''......''

ဒါ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ့် ကိစ္စမှ မဟုတ်တာ။

ထို့နောက် နျဲ့ပုဖန် က ယုံကြည်မှုအပြည့်နဲ့ သူ့လက်သီးကို ဝှေ့ယမ်းပြီး ကြွေးကြော်လိုက်သည်။

"အရင်ဆုံး ငါ ဗိုက်ဖြည့်ရမယ်"

ထိုအချိန်တွင် ဖန်းလုံ သည် အစားအသောက်များနှင့်အတူ ဝင်လာခဲ့သည်။ သူသည် တံခါးဝတွင် အကြာကြီးရပ်နေခဲ့ပြီး နျဲ့ပုဖန်နှင့် ဝမ်ရှင်းချန် တို့နှစ်ဦး စကားစမြည် ပြောနေတာကို တိတ်တဆိတ် နားထောင်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်မိ၏။

နျဲ့ပုဖန် က သူ့ကိုမြင်တော့ “နိုင်ငံတော် ပညာရှိကြီး၊ ပင်လယ်ဓားပြတွေ ဘာဖြစ်သွားပြီလဲ။ ငါတို့ရောဘယ်လိုလုပ်ပြီး လွတ်လာတာလဲ''
ဟု ချက်ချင်း လှမ်းမေး၏။ 

“မူးယစ်ဆေးကြောင့် ပင်လယ်ဓားပြတွေအားလုံးကို ထိုက်ယန် ရဲ့လူတွေက အလွယ်တကူ ချေမှုန်းပစ်လိုက်နိုင်တယ်”

သူသည် ပင်လယ်ဓားပြများ၏ ကြေကွဲဖွယ်အဆုံးသတ်ကို အသေးစိတ် မဖော်ပြခဲ့သော်လည်း ဖြစ်စဉ်ကို ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့သည်။  ပင်လယ်ဓားပြ ခေါင်းဆောင်ကို သတ်ပြီးနောက် သူသည် ထိုက်ယန် နှင့် အခြားသူများကို ကယ်ဆယ်ရန် အဆိပ်ဖြေဆေးကို ယူဆောင်လာပြီး မူးယစ်ဆေးကြောင့် သတိမေ့သွား သော ပင်လယ်ဓားပြအားလုံးကို အလွယ်တကူ ဖယ်ရှားပစ်ခဲ့၏။

ထိုအချိန်က ဖန်းလုံ တွေးနိုင်သမျှသည် နျဲ့ပုဖန် မှာ အသက် အန္တရာယ် ရှိနေပြီဟူသော အတွေးတစ်ခုသာရှိ၍ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းကာ ကုသရန် ဘေးကင်းသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ စိတ်ဒဏ်ရာ၏ နောက်ဆက်တွဲအဖြစ် သူ့လုပ်ဆောင်ချက် မှန်သမျှသည် သူ့ ခန္ဓာကိုယ်မှ တခြားစရိုက် တစ်ခုက ပေါ်ထွက်လာပြီး အဆုံးထိ တွန်းပို့ခဲ့သလိုမျိုး သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင် ဖြစ်ခဲ့သည်။

ထိုပင်လယ်ဓားပြ အများစုသည် သူ့ လက်ချက်ဖြင့် သေဆုံးသွားကြပြီး ၎င်းတို့၏ သေဆုံးမှု အခြေအနေမှာလည်း အလွန် ဆိုးရွားလှသည်။

ထိုတွင် နျဲ့ပုဖန် က တခစ်ခစ်ရယ်လိုက်ပြီး

"အန္တရာယ်ကနေ လွတ်မြောက်လာတော့၊ ပင်လယ်ကြီးကလည်း လှပပြီး ကောင်းကင်က လည်းတောက်ပနေမှာပဲ''

ဖန်းလုံမှာ အတွေးလွန်နေသော အမူအရာဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ပေ။

"ကောင်းပြီ။ တစ်ခုခု အရင် စားလိုက်ပါ"
ဝမ်ရှင်းချန်က နျဲ့ပုဖန်ကို ဂရုတစိုက် ကူညီပေး၏။

"စားမယ်၊ စားမယ်" နျဲ့ပုဖန်က လက်ကို မြှောက်လိုက်ပြီး "ထမင်း တစ်နပ်ကို သုံး ပန်ကန် စားရမယ်။ ငါးရက်အတွင်း ငါ သေချာပေါက် ခုန်ပေါက်နေနိုင်ရမယ်" ဟု ကတိပြု ကြွေးကြော်လိုက်သည်။

ယခုအချိန်တွင် ဖန်းလုံနှင့် ဝမ်ရှင်းချန်တို့သည် ဤကြေငြာချက်ကို ဟာသ တစ်ခု အဖြစ်သာ မှတ်ယူခဲ့ကြသော်လည်း ဤလူသား၏ ခန္ဓာကိုယ်သည် သာမန် အသိပညာဖြင့် အကဲဖြတ်၍ မရနိုင်ကြောင်း ဖြစ်ရပ်မှန်များက သက်သေပြခဲ့သည်။

ငါးရက် အကြာတွင် နျဲ့ပုဖန်သည် သူ့ဘာသာသူ ထနိုင်ထိုင်နိုင်လာသည်။

ခုနစ်ရက် အကြာတွင်၊ ဝမ်ရှင်းချန်  သို့မဟုတ် ဖန်းလုံ တစ်ဦးဦး၏ အကူအညီဖြင့် ရိုးရှင်းသောခြေထောက် လေ့ကျင့်ခန်းများကို စတင်ပြုလုပ်နိုင်ခဲ့သည်။

ဆယ်ရက်မြောက်နေ့တွင် သူသည် လမ်းလျှောက်တတ်စကလေးများကဲ့သို့ တိုတောင်းသော အကွာအဝေးကို လွတ်လပ်စွာ လမ်းလျှောက်နိုင်ခဲ့၏။

ဆယ့်လေးရက်မြောက်နေ့တွင် ကြက်သိုက်ရွာသို့ပြန်ရန် လှေပေါ်တက်ခဲ့ကြသည်။

"အိုး၊ အပြာရောင် ကောင်းကင်ကြီး၊ တိမ်ဖြူတွေ၊ ပင်လယ်ပြင် ကျယ်ကြီး၊ ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံကြပြီ" နျဲ့ပုဖန်က ကုလားထိုင်ပေါ် ထိုင်ကာ သူ့လက် နှစ်ဖက်ကို ကျယ်ကျယ် ဖွင့်လျှက် အော်လိုက်သည်။

ဖန်းလုံက သူ့ဘေးနားက ဝမ်ရှင်းချန်ကို လှည့်ကာမေးလိုက်၏။

"သူက နတ်ဆိုး တစ်ကောင်ကောင် ဒါမှမဟုတ် ဝိညာဉ် တစ်မျိုးမျိုးကနေပြီး လူပြန်ဝင်စားတယ်လို့ မင်းထင်လား"

ဝမ်ရှင်းချန် တိတ်ဆိတ်သွားသည်။

သည်လူဟာ သာမန်လူတွေ မဖြစ် မြောက်နိုင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံးလုပ်ဆောင်နိုင်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။ အချိန်အတော်ကြာအောင် မတ်တပ် မရပ်နိုင်သေးသော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် မဝေးတော့သည်မှာ ထင်ရှားသည်။

ရက်အတော်ကြာအောင် လေ့ကျင့်ခန်းတွေ ဆက်လုပ်နေပြီး ခွန်အားတွေပြည့်နေတဲ့ နျဲ့ပုဖန်အတွက် အခက်အခဲတွေ အားလုံးက သူ့ ရှေ့မှာ မြူမှုန်လောက်တောင် အရာမထင်သလိုပင်။ သူ့ကမ္ဘာတွင် ဝမ်းနည်းမှုနှင့် စိတ်ပျက် အားငယ်မှုတို့ မရှိ၊ ရယ်မောခြင်းသာ အတိဖြစ်သည်။

သို့သော် လေ့ကျင့်ခန်း လုပ်နေချိန်မှာ နာကျင်စွာ ရှုံ့တွနေပြီး အေးစက်နေတဲ့ ချွေးတွေ ထွက်နေတာကို မြင်တော့ ဝမ်ရှင်းချန်က စိတ်ပူကာမေးခဲ့သည်။

"ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ။ ဖြည်းဖြည်းချင်း လုပ်လို့ရပါတယ်''

“ငါ မစောင့်နိုင်တော့ဘူး၊ ငါ ရွာကို မြန်မြန်ပြန်ချင်တယ်”

နျဲ့ပုဖန်က မဆိုင်းမတွ ပြန်ဖြေ၏။

သူ ဒီလို ပြောတဲ့အခါ မျက်လုံးထဲမှ သူ့အပြုံးက ပုံမှန်နဲ့ မတူချေ။ အဓိပ္ပါယ် တစ်ခုခုရှိရမည်။ ဝမ်ရှင်းချန်လည်း ယခုအချိန်တွင် ထပ်မမေးတော့ဘဲ သူတကယ် နားလည်လာချိန်အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

တောင်းပန်စိတ်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုသော ထိုက်ယန် သည် ၎င်းတို့အား ပြန်လည်ပို့ဆောင်ရန် သင်္ဘော တစ်စီးကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ခဲ့သည်။

အခန်းတွင်းမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ထူးဆန်းသည့် အသံများမှ လွဲ၍ ခရီးစဉ်သည် အေးဆေး ငြိမ်သက်နေ၏။

နားလည်မှု မလွဲလိုက်ပါနဲ့ဦး...
နျဲ့ပုဖန်က လက်ရှိအချိန်မှာ တစ်ယောက်တည်း အပြင်းအထန် လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်တဲ့အတွက်၊ ဖန်းလုံနဲ့ ဝမ်ရှင်းချန်တို့က ဝိုင်းဝန်း ကူညီပေးနေရတာပါ။

သူတို့က နျဲ့ပုဖန်နဲ့ အတူတူ အခန်းထဲမှာ အိပ်ချင်တဲ့အတွက် ဒီလို အတူတူနေတဲ့ နည်းနဲ့ ပြုစုရတာ ပိုအဆင်ပြေတယ်လို့ အကြောင်းပြချက်ပေးကြသည်။

စင်စစ်တွင် တစ်ဦးက ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဖြစ်လာပါက ကျန်တစ်ဦးက တားဆီးရမည်ဖြစ်သည်။
ယခုကဲ့သို့ အိုနာကျိုးကန်း အခြေအနေမှာတောင် နတ်ဆိုးကောင်ဟာ တစ်ဖက်သား၏ ဆန္ဒကို နှိုးစွဖို့စွမ်းဆောင်နိုင်လွန်းတာကြောင့် စိတ်မထိန်းနိုင်ပဲ ပြဿနာ ဖြစ်လာပါက ခဏတာ အလိုရမ္မက်ကြောင့် နျဲ့ပုဖန် အခြေအနေ ပိုမို ဆိုးရွားကာ အသက်အန္တရာယ် ထိခိုက်မှာကို သူတို့ စိုးရိမ်ကြ၏။
နျဲ့ပုဖန် ဒဏ်ရာက မသေးသည့်အတွက်ကြောင့်လျစ်လျူရှု၍ မရပါ။

ယခုအချိန်တွင် ဖန်းလုံသည် နျဲ့ပုဖန်၏ အမည်ရင်းကို သိထားပြီး ဖြစ်သော်လည်း အံ့သြမှုတစ်စုံတစ်ရာကိုမူ ဖော်ပြခြင်း မရှိပေ။ နောက်ဆုံးတော့ ဤယောကျ်ားဟာ ဧကရာဇ်မင်းကိုတောင် လိမ်ညာဖို့တောင် ဝံ့ရဲတဲ့သူဖြစ်တဲ့အတွက် ကျန်တာတွေက သူ့အဖို့ ကြီးကြီးမားမားတော့ မဟုတ်တော့ပါ။

ပင်လယ်ဓားပြ အဖြစ်အပျက်ပြီးနောက် ဖန်းလုံ၏ မသိစိတ်ထဲတွင် ကိန်းအောင်းနေသော နတ်ဆိုးသည် ဆိုးသွမ်းသော မျက်လုံးများဖြင့် နိုးကြားလာပုံရပြီး နျဲ့ပုဖန်အပေါ် သူ၏ ပိုင်ဆိုင်လိုသော ဆန္ဒမှာလည်း လက်တွေ့ကျကျ သရုပ်ပေါ်လာကာ လျှို့ဝှက်ထားခြင်း မရှိတော့ပေ။

သို့သော် ဝမ်ရှင်းချန် သည် သူ့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းသည် ထိန်းသိမ်းမှူနှင့် ငြိမ်သက်ခြင်းကို အချိန် အတော်ကြာအောင် ကျင့်ကြံထားသောကြောင့် ဖန်းလုံ၏ ဆိုးသွမ်းသော အမူအကျင့်များကို မနှစ်မျို့ခဲ့ချေ။

'ဖြောင့်မတ်ခြင်းနှင့် မကောင်းမှု' ဟူ၍ နှစ်မျိုးလုံး၏ အငွေ့အသက်သည် မီးနှင့် ရေကဲ့သို့ဖြစ်နေသည်။

နျဲ့ပုဖန်သည် ၎င်းတို့၏ တိုးတိတ်သော တိုက်ခိုက်မှုများကို လုံးဝ မသိလိုက်ပေ။ သူသည် အရိပ်အကဲ မသိ၊ မပါးနပ်သည့်အလျောက် အနီးနားက လူတွေကြားထဲ မည်သို့ပင် ပြဿနာတွေ ဖြစ်နေပါစေ သူက ရိပ်စားမိမည် မဟုတ်ပေ။

ဤသို့ဖြင့် ခရီးလမ်းကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။

သင်္ဘော မဆိုက်ကပ်ခင်မှာ နျဲ့ပုဖန်က ရွာကိုရောက်ဖို့ မစောင့်နိုင်တော့သလို ဆိုက်ရောက်မယ့်အချိန်ကို နေ့တိုင်းနီးပါး မေးလေသည်။

ဝမ်ရှင်းချန်နှင့် ဖန်းလုံက ရော သူ့ရဲ့ မူမမှန်တဲ့ အမူအရာတွေကို သတိမထားမိကြဘဲ ခရီးပင်ပန်းနွမ်းနယ်မှုနဲ့ မကျန်းမာတဲ့ ဒဏ်တွေကြောင့် ဖြစ်ရတာလို့ ထင်နေခဲ့၏။

သူတို့သည် ရှီရှန်း မြို့မှ မိုင် သုံးရာကျော်သာ ဝေးသော ယွမ် မြို့၌ ဆင်းသက်ခဲ့ကြသည်။ လှည်းရထား စီးပြီးနောက် တစ်ရက်၊ နှစ်ရက်လောက် ကြာမှ ရှီရှန်းကို ရောက်မည် ဖြစ်သည်။

သို့သော်လည်း နျဲ့ပုဖန်အား ပြန်လည် သက်သာလာစေရန်အတွက် ယွမ်မြို့တွင် ခေတ္တ နေထိုင်ရန် စီစဥ်လိုက်ကြသည်။
ဤနေရာတွင် ဝမ်ရှင်းချန်နှင့်အတူ ကျန်းကျွင်းရှီ နှင့် အခြားသူများပါ ရောက်ရှိလာပြီး ပူးပေါင်းပါဝင်လာသောကြောင့် နျဲ့ပုဖန်က မကန့်ကွက်ခဲ့ပေ။

လက်ရှိတွင် နျဲ့ပုဖန် အနား၌ ကျန်းကျွင်းရှီ၊ ဝမ်ရှင်းချန်၊ ဝေဒီနှင့် ထိုက်ပိုင်တို့ ရှိနေကြသည်။

နျဲ့ပုဖန်သည် အလွန် ပျော်နေပြီး တစ်ယောက်ပြီး တစ်ယောက်ကို ပွေ့ဖက်ရန် ပြေးသွားကာ မဆိုင်းမတွပင် ချိုမြိန်သော အနမ်းများ ပေးလိုက်သည်။  ဝေဒီ၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းနေသည်က လွဲ၍ ကျန်လူများသည် နျဲ့ပုဖန်လွမ်းဆွေးသော အကြည့်များဖြင့် တသသကြည့်နေကြလေသည်။

"နောက်ဆုံးတော့ မင်း ပြန်လာဖို့ ဆန္ဒရှိသွားပြီပေါ့" လီရီကတော့ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

နျဲ့ပုဖန်သည် တခစ်ခစ်ရယ်ကာ ဆိုဖာပေါ်တွင် ကိုယ်လုံး တစ်ဝက်ကို လှဲလျောင်းလျှက် လူတိုင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

''မင်း ပြန်လာတာ အကောင်းဆုံးပဲ။ နောက်ဆိုထွက်ပြေးဖို့ မစဥ်းစားနဲ့၊ ငါတို့ ဒီထက်ပိုပြီး အသက်မတိုချင်တော့ဘူး''

ကျန်းကျွင်းရှီက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

နျဲ့ပုဖန်က သူ့ လက်ကို မြှောက်လိုက်ပြီး "ကောင်းပြီ၊ ငါ နောက်ဆို ထွက်မပြေးတော့ဘူး၊ ကြက်သိုက်ရွာမှာပဲ သေတဲ့အထိ နေမယ်လို့ ငါ ကတိပေးတယ်"

"မင်း အသုံးအနှုန်းတွေကို ဆင်ဆင်ခြင်ခြင် ပြောစမ်း''

လီယီက မနှစ်သက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

နျဲ့ပုဖန်ကတော့ သူ့ကို ပခုံးတွန့်ပြ၏။

နောက်တော့ တခြားလူတွေကလည်း သူ့အပေါ် မကျေနပ်မှုတွေ ဒေါသတွေကို တစ်ယောက်ပြီး တစ်ယောက် ဖော်ပြကြလေသည်။

နျဲ့ပုဖန်သည် ဤအပြစ်တင်မှာများကို နှိမ့်ချစွာ လက်ခံခဲ့ပြီး ယခင်ကဲ့သို့ ခွန်းတုန့်ပြန်ငြင်းဆန်ခြင်းများလည်း မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် လူတိုင်းက အလွန် ထူးဆန်းသည်ဟု ခံစားမိကြ၏။

ကျန်းကျွင်းရှီက မေးလိုက်သည်။

''ပုဖန်၊ မင်း နေလို့ကောင်းရဲ့လား''

"ကောင်းပါတယ်'' 

နျဲ့ပုဖန်က ဖြေသည်။

''မင်းတို့ အားလုံး ငါ့ကို စကားတွေ အများကြီး ပြောနေကြတာကို နားထောင်ရတာ ကြိုက်တယ်၊ အခုကတည်းက ပြောချင်တာတွေ အားလုံး အကုန်လုံးပြောထားကြပါ၊ နောက်ဆို မင်းတို့ပြောတာတွေကိုငါနားထောင်ဖို့ အခွင့်အရေး မရှိတော့ရင် ဘယ်လိုလုပ်မလဲ''

''မင်း...ဘာတွေ ပြောနေတာလဲ''

ကျန်းကျွင်းရှီက မျက်မှောင်ကြုတ်ကာ

''မင်း ဘာလို့ နားထောင်ဖို့ အခွင့်အရေး မရှိရမှာလဲ၊ ငါတို့ အခု ကြက်သိုက်ရွာကို အတူတူ ပြန်နေကြတာလေ''

"အင်း၊ ငါသိတယ်၊ မင်းတို့ ငါ့ကို ပြန်ခေါ်သွားဖို့လာကြတယ် ဆိုတာ ငါသိပါတယ်" နျဲ့ပုဖန်က ပြုံးလိုက်သေးသည်။

"နျဲ့ပုဖန်၊ မင်းက အရမ်းထူးဆန်းနေတယ်၊ မင်း ဘာတွေ ဉာဏ်များဖို့ ထပ်ကြံစည်နေတာလဲ''

လီယီက သူ့ကို စိုက်ကြည့်နေသည်။

နျဲ့ပုဖန်ကတော့ ဘာမှ မဖြစ်သလို သူ့ နှာခေါင်းကိုသူ ပွတ်သပ်လိုက်၏။

"မင်းတို့ အားလုံးကို ငါ ပြောစရာရှိတယ်"

''ဘာလဲ"

"ငါ မကြာခင် သေတော့မယ်"

“…..”

လူတိုင်းသည် ချက်ချင်း ကျောက်ရုပ်များ ဖြစ်သွားသကဲ့သို့ တုံ့ပြန်ကြသည်။

နျဲ့ပုဖန်က သူတို့ကို စိုက်ကြည့်ပြီး မကျေမနပ်နဲ့ ပြောလိုက်၏။

"ငါ မင်းတို့ကို ဒီလောက် လေးနက်တဲ့ ကိစ္စ ပြောပြနေတာကို၊ မင်းတို့က ဘာမှလည်း ပြန်မပြောကြဘူး''

လီယီ၏ မျက်နှာသည် မှောင်ကုပ်လျှက်ရှိကာ

''မင်း ဘာစကားပြောတာလဲ။ မင်း တကယ် အလေးနက် ပြောနေတာ ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား''

''ငါတို့ အားလုံး သေသွားရင်တောင် မင်းက သေနိုင်မယ့်ကောင် မဟုတ်ဘူးလေ''

ကျန်းကျွင်းရှီကလည်း အားလုံးရဲ့စိတ်ထဲက စကားတွေကို ကိုယ်စားအနေနဲ့ ပြောလိုက်၏။

“ဒါဆိုလည်း အဆင်ပြေတာပေါ့''

နျဲ့ပုဖန်က သူ့ နှာခေါင်းကို သူ ပွတ်သပ်လိုက်ပြန်သည်။

ထို့နောက် ရုတ်တရက် သူ့ မျက်လုံးတွေ တောက်ပလာပြီး ပြတင်းပေါက်ကို ညွှန်ပြကာ “ကြည့်စမ်း၊ နှင်းတွေ ကျနေတယ်” လို့ အော်လိုက်၏။

အားလုံးက တစ်ချိန်တည်းမှာပဲ ခေါင်းတွေ လှည့်ကြည့်လိုက်ကြသည်။ အမှန်ပင် ပြတင်းပေါက် အပြင်ဘက်၌ နှင်းဖြူဖြူများ လွင့်ကျနေသည်ကို တွေ့လိုက်ရသည်။ 
သူတို့ မသိလိုက်ဘဲ၊ ဆောင်းရာသီကိုတောင် တစ်ဖန်ပြန် ရောက်လာပြီ။

"အင်း၊ အချိန်တွေက အရမ်းမြန်တယ်" နျဲ့ပုဖန်က တည်ငြိမ်တဲ့ အသံနဲ့ဆို၏။

“ဒီကို လာရတာ အရမ်းပျော်တယ်။ ဒီဘဝမှာ မင်းနဲ့တွေ့ရတာက ဒီတစ်သက်တာအတွက် တကယ်ကိုတန်ဖိုးရှိတာပဲ..."

''မင်း စကားကို အတည်ပေါက်ကြီးနဲ့ လက်လွတ်စပါ် မပြောစမ်းနဲ့''

လီယီ ဒေါသတကြီး အော်ငေါက်လိုက်ပေမယ့်၊ နျဲ့ပုဖန်က ပျားရည်ကဲ့သို့ ချိုမြိန်သော အပြုံးနှင့်အတူ မျက်လုံးများ အေးချမ်းစွာ မှိတ်ထားသည်ကို တွေ့လိုက်ရလေ၏။

''မင်း ခရီးပန်းနေတာလား''

သူက ညင်သာစွာ ထပ်မေးသည်။

နျဲ့ပုဖန်က မတုံ့ပြန်ဘဲ အသက်ကို ဖြည်းဖြည်းချင်းရှုနေ၏။

''မင်း အိပ်ချင်နေပြီ မဟုတ်လား''

ကျန်းကျွင်းရှီကလည်း သူ့ ဘေးနားကို လျှောက်လာကာ တိုးညင်းစွာ ပြောလိုက်သည်။

''အကြာကြီး ခရီးနှင်လာရတာဆိုတော့ ပင်ပန်းနေရောပေါ့။ ဒါဆို မင်း အနားယူလိုက်ပါ''

လီယီကလည်း သူ့ကို အိပ်ရာထဲ ပို့ကာ စောင်ခြုံပေးလိုက်၏။ ထို့နောက် တခြားသူများ အားလုံးအတူ ထွက်သွားကြပြီး နျဲ့ပုဖန်အား အေးအေးဆေးဆေး အိပ်စက်စေခဲ့သည်။

"ကောင်းကောင်းအိပ်ပါ။ အိပ်မက်လှလှ မက်ပါစေ ပုဖန်"

သို့သော် နောက်တစ်နေ့တွင်မူ သူ နိုးထ မလာခဲ့တော့ပေ။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now