Chapter 54

1.9K 232 0
                                    

Chapter - 54
ရွှေ၊ ငွေ နဲ့ ကြေးနီပြား

ရွာသားနှစ်ဦး ဖြစ်ကြသည့် ကျန်းကျွင်းရှီနှင့် လီယီတို့ နေကောင်းပြီးနောက်တွင် ကြက်သိုက်ကျေးရွာ၏ နေ့စဉ်ဘဝသည် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိကာ တဖြည်းဖြည်း စည်းစနစ်ကျလာသည်။

နောက်ဆုံးမှာတော့ နျဲ့ပုဖန်လည်း ရွာသားတွေကို ဆေးကုသ ဝန်ဆောင်မှု ပေးရသော ဘဝမှလွတ်မြောက်လာခဲ့သည်။
စုချန်းယီ၊ ရှန်းမုလန်၊ လီဟိုက်၊ ထျန်းနွီ (နတ်မိမယ်) တို့ အသီးသီးထံ လိုက်လံ ကြည့်ရှု စစ်ဆေးနေစရာ မလိုတော့ပေ။

(ထျန်းနွီ - ဆိုတာ ကောင်းကင် မိန်းကလေး/နတ်မိမယ်ကို ပြောတာပါ၊ နောက်ပိုင်း စာထဲမှာ သည်အတိုင်း သုံးထားတာမို့ ထို အတိုင်းပဲ သုံးသွားပါမယ်)

သူတို့ အားလုံးရဲ့ ဒေါသ စိတ်၊ မောက်မာတဲ့ စိတ်နဲ့ လေးလံ ထိုင်းမှိုင်းနေပုံကို မြင်ရတာဟာ တကယ့်ကို သနားစရာ ကောင်းပေမယ့် သည်လူတွေကို ကယ်တင်ဖို့ သူ့ခန္ဓာကိုယ်ကို တကယ် စတေးဖို့ လိုအပ်တယ်ဆိုရင်တောင် တခြားနေရာကိုထွက်ပြေးပြီးပဲ နျဲ့ပုဖန် ဒုက္ခ သွားခံလိုက်တော့မှာဖြစ်သည်။
မိမိကိုယ်ကို စွန့်လွှတ်ခြင်းက သူတစ်ပါးကိုကယ်တင်ရာ ရောက်မယ်ဆိုပါလျှင် နျဲ့ပုဖန် သူတို့ကိုပဲ စွန့်လွှတ်လိုက်မှာ ဖြစ်၏။ စုချန်းယီ သူ့ကို ကိုင်လိုက်တာနဲ့ သူ ချက်ချင်း ထွက်ပြေးလာတာပဲကြည့်။

ယခု တစ်ကြိမ်တွင် ပန်းပွင့်မိန်းကလေး နှင့် ပိုးကောင်လေးတို့ကို သာမက ဝူခုံး နှင့် ရွှေခဲ ဟုခေါ်သော အနက်ရောင် အဝါရောင် ပျောက်ကျား ကြက်ကလေးတွေကို ခေါ်ဆောင်ကာ နျဲ့ပုဖန် ရွာကထွက်ပြေးလာခဲ့သည်။ ပထမနှစ်ကောင်ကို ယူဆောင်လာရခြင်းမှာ ၎င်းတို့သည် အာရုံခံမှုအားကောင်းသောကြောင့် သူ့နောက်ကိုတခြားသူများ ခြေရာခံ လိုက်လာခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်ပြီး ဝူခုံး နှင့် ရွှေခဲ တို့ကို ခေါ်လာခြင်းမှာ မပျင်းရိရစေရန် ဖြစ်သည်။

နျဲ့ပုဖန်သည် သည် ဇိမ်ခံ ဧည့်ရိပ်သာတစ်ခု ကို ရွေးချယ်ပြီး ဝင်သွားခဲ့သည်။

ဧည့်ကြိုသည် မျက်နှာပေါ်တွင် အပြုံးဖြင့် နှုတ်ဆက်သော်လည်း နျဲ့ပုဖန်၏ အသွင်အပြင်ကို မြင်ပြီးနောက် အနည်းငယ် စွန့်အသွားသည်။

နျဲ့ပုဖန်၏ အဝတ်အစားများသည် ကျန်းကျွင်းရှီ ဂရုတစိုက် ရွေးချယ်ပေးထားသော အဖိုးတန်အဝတ်အစားများ ဖြစ်သည်။ ဒါပေမယ့် သူ့ပခုံးပေါ်မှာ မျောက်တစ်ကောင်နှင့် ဝါးတောင်းဟောင်းကြီးတစ်တောင်းကို ထမ်းထားသည်။ သူ့တွင် ချောမောပြေပြစ်သော သခင်လေး တစ်ဦး၏ အသွင်အပြင်ရှိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူသည် လူ့အသိုင်းအဝိုင်း အပြင်ဘက်ကသူ အသွင် ပေါက်နေသေးသည်။

ဧည့်ကြိုဟာ ဖောက်သည်တွေကို နှုတ်ဆက်ပြီး ပို့နေတာ ကြာပါပြီ။ ဒါပေမယ့် သူ့လို ရုပ်ရည်အသွင်ပြင်ကို လုံးဝ ဂရုမစိုက်တဲ့ သည်လို သခင်လေးမျိုး တစ်ခါမှ မတွေ့ဖူးပါ။ သူက ဒီလူရဲ့ လက္ခဏာကို မသေချာ ဝေဖန် သုံးသပ်၍ မရဖြစ်နေသည့်တိုင် ဦးစွာ ကြိုဆိုလိုက်သည်။

“ဒီသခင်လေးကို ကြိုဆိုပါတယ်။ လက်ဖက်ရည်သောက်ချင်တာလား၊ ညအိပ်ချင်တာလား"

သည်အချိန်က ထမင်းစားချိန် မဟုတ်တာကြောင့် ဆိုင်ထဲက စားပွဲမှာ လူနှစ်ယောက်၊ သုံးယောက်သာ ထိုင်နေကြသည်။ နျဲ့ပုဖန်ကို တွေ့လိုက်သောအခါ အားလုံးက သူ့ကို ထူးဆန်းသောအကြည့်များဖြင့်ကြည့်လာကြသည်။

နျဲ့ပုဖန်ကတော့ ဘေးပတ်ပတ်လည်ကို အမှတ်တမဲ့သာကြည့်ကာ "ငါ့အတွက် အခန်းပြင်ပေးပါ'' ဟုပြောလိုက်သည်။

"ကောင်းပြီ၊ အပေါ်ထပ်က အခန်းတစ်ခန်းကို ယူလို့ရပါတယ်''  ဧည့်ကြိုက သူ့ကို ကောင်တာဆီ ခေါ်သွားကာ ဦးညွှတ်ပြုံးကာ “မင်း ဘယ်နှစ်ရက်နေဖို့ စီစဉ်ထားလဲ”

“သုံးရက်”

“သုံးရက်အတွက် ငွေသားသုံးတုံး စပေါ်ငွေ လိုအပ်ပါတယ်”

ငွေသား သုံးတုံး လား။ နျဲ့ပုဖန် ဧည့်ကြိုကို စိုက်ကြည့်လိုက်သည်။ ဤစျေးနှုန်းနဲ့ဆိုရင် ကြက်သိုက်ကျေးရွာမှာ တစ်လခွဲ နေထိုင်နိုင်၏။

ကျွမ်းကျင်သော ဧည့်ကြိုက သူ့ကို အကဲခတ်ကာ မချမ်းသာသော သူဟု ထင်သွားသည်။ ၎င်းထိုသို့တွေးနေတုန်းမှာပဲ နျဲ့ပုဖန်က အိတ်ထဲမှ ဖောင်းကားနေသော ပိုက်ဆံအိတ်ကို ထုတ်လာသည်။ ပိုက်ဆံအိတ်မှာ ရွေပိုးချည်ဖြင့် ထူးထူးခြားခြား ရက်လုပ်ထားခြင်းကြောင့် ထိုပိုက်ဆံအိတ်ကို မြင်သည်နှင့် ဧည့်ကြိုမှာ စောစောက အတွေးများ အားလုံး ပျောက်ကွယ်သွားရသည်။ သည်လို ပိုက်ဆံအိတ်မျိုးကိုင်နိုင်တဲ့ လူက ထူးခြားတဲ့ နောက်ခံမျိုးရိုးတစ်ခုခုက ဖြစ်ရမယ်။

ဧည့်ကြိုခင်မျာ ပိုက်ဆံအိတ်ကနေ မျက်လုံးမခွာနိုင်သေးခင်မှာပဲ အိတ်ပိုင်ရှင်က ကြေးဒင်္ဂါးပြားများကိုအိတ်ထဲကနေ လက်တစ်ဆုပ်စာ ထုတ်ကာ ကောင်တာပေါ်၌ တစ်ပြားချင်း ရေတွက်နေသည်။

စားပွဲထိုးမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ငွေသား သုံးတုံးသည် ကြေးဒင်္ဂါး တစ်ထောင်နီးပါးနှင့် ညီမျှသည်။ သည်လူက ဘယ်လောက်ကြာကြာ ရေတွက်ဖို့ စီစဉ်ထားတာလဲ။ အဲ့ပိုက်ဆံအိတ်က အကြွေစေ့ တစ်ထောင်တောင် ဆန့်သတဲ့လား။

"ဒီမှာ သခင်လေး၊ ခင်ဗျား ပိုက်ဆံ မလောက်ရင် ညာဘက်က တည်းခိုခန်းကို သွားလို့ရပါတယ်" ဧည့်ကြိုက လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

နျဲ့ပုဖန်က သူ့ကို တစ်ချက်တောင် မကြည့်ပေ။  ပိုက်ဆံ ရေတွက်ဖို့ကိုသာ အာရုံစိုက်နေပြီး ...
“ငါ ဒီမှာပဲ နေချင်တယ်။ မနှောက်ယှက်ပါနဲ့၊ ငါပိုက်ဆံ ပြီးအောင် တွက်ပါရစေ''

စားပွဲထိုးသည် ငိုချင်သော်လည်း မျက်ရည် မကျနိုင် ဖြစ်ရ၏။ မြို့တော်ရှိ ၎င်းတို့ဧည့်ရိပ်သာ ၏ ဂုဏ်သတင်းမှာ အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ပြီး ၎င်းတို့ ဧည့်ရိပ်သာတွင် ကြေးဒင်္ဂါးကို မည်သူမျှ အသုံးမပြုကြပေ။ ဤသည်မှာ ကြယ်ငါးပွင့်ဟိုတယ်တွင် အကြွေစေ့များနှင့် ငွေပေးချေခြင်းဖြင့် တူနေသည်။ ပိုက်ဆံချင်း အတူတူဆိုပေမယ့် ပုံစံကတော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြား၏။ ဟုတ်ပါတယ်၊ နျဲ့ပုဖန်ကသာ သည်လို မိုက်မဲတဲ့လုပ်ရပ်ကို လုပ်နိုင်တဲ့ တစ်ဦးတည်းသောလူ ဖြစ်နိုင်တယ်။

သူတို့ ရှိနေသော ကောင်တာသည် တဖြည်းဖြည်း ပတ်ဝန်းကျင်မှ မျက်လုံးများ၏ ဆုံမှတ်ဖြစ်လာသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက အကြွေစေ့တွေကို ရေတွက်နေသော နျဲ့ပုဖန်ကိုသာ တိတ်တဆိတ် ကြည့်နေကြသည်။

နျဲ့ပုဖန်သည် အကြွေစေ့၂၅၀ ကို ရေတွက်ပြီးနောက်တွင် သူဆက်၍ မရေတွက်နိုင်တော့။  မျောက်ကလေး သူကို လက်ဖက်ရည်ခွက် တစ်ခွက် လာကမ်းပေးသည်။

“ဟေး ဒါ ငါ့လက်ဖက်ရည်ပဲ…” ခန်းမထဲက ဖောက်သည်တစ်ယောက်က အော်လိုက်သည်။

ထိုအော်သံနှင့်အတူ နျဲ့ပုဖန်မှာ တစ်ကျိုက်တည်း သောက်ပြီးသွားပြီ။

ဖောက်သည်မှာ သူ့ခေါင်းသူ ဖိ၍ တိတ်တဆိတ် နေရုံသာ တတ်နိုင်တော့သည်။ နျဲ့ပုဖန် က ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး ခွက်ကို ဝူခုံးထံ ပြန်ပေးကာ

"အခြားသူတွေရဲ့ ပစ္စည်းတွေကို မင်း ဒီလိုလက်လွတ်စပါယ် လျောက်မယူရဘူး။ သွား.. အဲ့ဦးလေးကို သွားတောင်းပန်ပြီး ကျေးဇူးတင်လိုက်''

ဝူခုံးသည် ခွက်ကိုယူကာ စားပွဲပေါ်မှ ခုန်ဆင်းသွားပြီး ခွက်ကို ထိုလူရှေ့တွင် ဂရုတစိုက် တွန်းပို့လိုက်သည်။ ထို့နောက် ၎င်းသည် ၎င်း၏ ခါးကို ၃၀ ဒီဂရီ ကွေးကာ ၎င်း၏ နောက်ကျော အမြီးရှည်အား လှပစွာကော့၍ ဦးညွှတ်ကာ တောင်းပန်ကြောင်း ပြလိုက်သည်။ ကြည့်ရတာ ပညာတတ် လူကြီး လူကောင်း တစ်ယောက်လိုပင် ဖြစ်၏။

ချက်ချင်းပင်၊ ၎င်းက အသုံးမပြုရသေးသော လက်ဖက်ရည်ခွက်ကို ယူကာ လက်ဖက်ရည်အိုးကို ကိုင်၍ လက်ဖက်ရည် ပြန်ဖြည့်ပေးလိုက်သည်။  လုပ်ငန်းစဉ် တစ်ခုလုံးဟာ ချောမွေ့ပြီး အမှားအယွင်းကင်း၏။ သူ့ရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်က လက်ဖက်ရည်ခွက်လောက်တောင် အရပ်မရှည်ပေမယ့် သူ့ရဲ့ရွှေရောင်အမွှေးလှလှတွေ မျက်လုံးကြီးတွေနဲ့ လိမ္မာပါးနပ်တဲ့ အသွင်အပြင်က လူတိုင်းရဲ့စိတ်နှလုံးကို လက်တွေ့ကျကျ သိမ်းယူနိုင်ခဲ့သည်။

"ဘယ်လောက် ထက်မြက်လိုက်တဲ့ မျောက်ကလေးလဲ" 

ဖောက်သည်က သူ့ကို ကျီစားဖို့ သူ့လက်ကို ဆန့်တန်းလိုက်၏။ သို့သော်  မျောက်ကလေးက သူ့အမြီးကို ခါယမ်းပြီး နျဲ့ပုဖန်ထံဆီသို့ ခုန်၍ ပြန်သွား လိုက်သည်။

"သခင်လေး၊ မင်းရဲ့မျောက်ကလေးကို ရောင်းမလား''  ထိုသူက မေးသည်။

"ရောင်းဖို့ မဟုတ်ပါဘူး''

နျဲ့ပုဖန်က နောက်လှည့်မကြည့်ဘဲ ပြန်ပြောသည်။

ဝူခုံးက ထိုသူအား သွားလေးဖြဲကာ ရယ်ပြလိုက်သောအခါ ၎င်းမှာ သဘောကျလွန်း၍ စွေ့စွေ့ခုန်သွားရသည်။

"ဟားဟား" ထိုလူက တခစ်ခစ်ရယ်ကာ “သခင်လေး၊ သူ့ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ၊ နည်းလမ်းလေး နည်းနည်းလောက် ပြောပြနိုင်မလား'' 

နျဲ့ပုဖန်က မျက်မှောင်ကြုတ်ကာ မကျေမနပ်နဲ့ ခေါင်းခါလိုက်၏။

“မင်း နှောင့်ယှက်လိုက်တာ၊ ငါရေတွက်နေတဲ့ နေရာကို မေ့သွားပြီ”

"ဘာလို့ ရေတွက်နေမှာတုန်း" 

အဲ့လူက သူ့ အိတ်ကပ်ထဲက ငွေတုံးတစ်ချို့ကိုကောင်တာပေါ် ပစ်ချကာ ...
“မင်းအတွက် ငါ ရှင်းပေးမယ်” လို့ ပြောလိုက်သည်။

ဧည့်ကြိုလည်း အရမ်းပျော်ရွှင်သွားကာ ငွေတုံးတွေကိုယူလိုက်၏။ နောက်ဆုံးတော့ သူ အကြွေစေ့တွေရေတွက်တာကို စောင့်စရာ မလိုတော့ဘူး။

ဒါပေမယ့် ဘယ်သူမသိလဲ၊ နျဲ့ပုဖန် ငြင်းလိမ့်မယ်လို့ ...

"ငါ တခြားသူတွေရဲ့ ငွေကို မလိုချင်ပါဘူး၊ ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်''

''ငွေစလေး သုံးတုံးတည်းကိုကွာ။ ထမင်းတစ်နပ်စာဖိုးပဲရှိတယ်။ စိတ်မပူပါနဲ့၊ ငါ ဘာမှမလိုချင်ပါဘူး မင်းနဲ့ သူငယ်ချင်း လုပ်ချင်တယ်''

နျဲ့ပုဖန်က ခဏလောက် စဉ်းစားပြီး ဧည့်ကြိုကို ချက်ချင်း ပြောလိုက်သည်။

"ဒီသခင်လေးရဲ့ပိုက်ဆံ ငါ့ကိုပေး"

ဧည့်ကြိုလည်း ရပြီးသား ပိုက်ဆံ ပြန်ပေးရ၍ တွန့်ဆုတ်နေသည်။
နျဲ့ပုဖန်က ငွေတုံးတွေကို သူ့အိတ်ထဲထည့်ပြီး ပိုက်ဆံ အိတ်ထဲက ကြေးဒင်္ဂါးစေ့တွေကို အကုန်သွန်ချပေးလိုက်၏။

''ဒီကြေးပြားတွေကို ရေကြည့်လိုက်။ ငွေစ သုံးတုံးတန်ဖိုးထက်တောင် ပိုနေဦးမယ်၊ ပိုနေရင် ပြန်အမ်းစရာမလိုဘူး။ ကျန်တာ အားလုံး မင်း ယူထားလိုက်''

တကယ်တမ်းတွင် အိတ်ထဲက ကြေးပြားများအရေအတွက်ကို နျဲ့ပုဖန် ခန့်မှန်းမိပြီးသားဖြစ်သည်။ ကျသင့်ငွေထက် အနည်းငယ်သာ ပိုကောင်း ပိုနေနိုင်သလို၊ လိုကောင်းလိုနေနိင်လိမ့်မည်။ သို့သော် ကြေးပြား အနည်းငယ်ကြောင့် ဧည့်ကြိုလည်း သူ့ကို လာရှာမှာ မဟုတ်ဟု သူတွေးမိ၏။

ဧည့်ကြို၏ အမူအရာမှာ ချက်ချင်းပင် တင်းမာသွားသည်။

"ဟားဟားဟား..." ဘေးမှ သူနဲ့ စကား လာပြောတဲ့ ဖောက်သည်က ကျယ်လောင်စွာ ရယ်လိုက်၏။

အခြားလူများကလည်း ရယ်ချင်သည့် အမူအရာများကို ပြသကြသည်။

''ငါ့ကို အခန်း ပြင်ပေးထားဖို့ မမေ့နဲ့။ ငါ အနားယူဖို့လိုနေတယ်''

ထို့နောက် သူ ကျေးဇူးတင်ကြောင်းပြောရန် အစောက ဖောက်သည်၏ စားပွဲ၌ အတူတူ ထိုင်လိုက်သည်။

ထိုလူက “ဘာလို့ ကြေးဒင်္ဂါးပြားတွေ အများကြီး သယ်လာတာလဲ။ သယ်ရတာ ဝန်မလေးဘူးလား''

"အဲဒါ အဆင်မပြေတာကြောင့် ငါ အကုန် သုံးလိုက်တာ"
နျဲ့ပုဖန်က သဘာဝကျကျ ပြန်ဖြေလိုက်သည်။

ထိုလူက ရယ်ပြန်၏။ ထိုလူက မုတ်ဆိတ်မွေးတွေ အပြည့်ရှိပြီး အရပ်လည်း အရမ်းရှည်သည်။ ပထမတော့ နျဲ့ပုဖန် သူ့ကို အသက် သိပ်မငယ်ဘူးလို့ ထင်ခဲ့ပေမယ့် အနီးကပ် ကြည့်လိုက်တဲ့အခါမှာ တကယ်တမ်း အသက် နှစ်ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် နှစ်ဆယ့်ရှစ်နှစ်ပဲ ရှိလောက်ဦးမည်။ သူသည် သပ်ရပ်စွာ ၀တ်စားဆင်ယင်ထားပြီး အလွန်ပင် လိမ္မာပါးနပ်သူ ဖြစ်ဟန်ပေါ်သည်။

"ငါက ချင်ပေါ်အာ ပါ၊ ဒီ သခင်လေး က ဘယ်လိုခေါ်လဲ မသိဘူး"

"ဒွမ်ယု"  နျဲ့ပုဖန်သည် အပြင်ထွက်သောအခါတွင် နာမည်အတု သုံးရသည်မှာ အလေ့အထဖြစ်လုနီးပါး ဖြစ်၏။ 

"ဒွမ် သခင်လေး''
ချင်ပေါ်အာက ပြုံးပြီး မေး၏။

"မင်း ဝါးခြင်းတောင်းကရော ဘာအတွက် သယ်လာတာလဲ ငါ သိပါရစေ''

ခရီးဆောင်အိတ်အဖြစ်တော့ ဝါးခြင်းတောင်းကို အသုံးမပြုလောက်ပါဘူး။ သူ့အဝတ်အစားနဲ့ အနေအထိုင်ကို ကြည့်ရတာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာပုံ မပေါ်ပေမယ့် သူ့မှာ နောက်လိုက်နေတဲ့ အစေခံတစ်ယောက် နှစ်ယောက်တောင် မပါတာက တကယ့်ကို ထူးဆန်းနေ၏။

နျဲ့ပုဖန်သည် ဝါးခြင်းတောင်းကို သေသေချာချာ ချလိုက်ပြီး “လျှို့ဝှက်ချက်” ဟူသော စကားတစ်ခွန်းဖြင့်သာ တုံ့ပြန်ခဲ့သည်။

ချင်ပေါ်အာသည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သော်လည်း သူ့ နားများက လှုပ်ရှားနေသောအသံတချို့ ကြားလိုက်ရသည့်အတွက် ဝါးတောင်းထဲတွင် သက်ရှိများနှင့် ပြည့်နေမှန်း သိလိုက်သည်။  နျဲ့ပုဖန် ပခုံးပေါ်က မျောက်လေးကို ကြည့်လိုက်ပြီး ဝါးတောင်းထဲမှာလည်း တခြား အိမ်မွေးတိရစ္ဆာန်လေး ပါနေသလားလို့ သူတိတ်တဆိတ် တွေးမိသည်။

သူ့ ခန့်မှန်းချက်မှာ အတော်အတန် မှန်သင့်သလောက် မှန်နေသော်လည်း ၎င်း အိမ်မွေးတိရစ္ဆာန်ဟု ခေါ်သောအရာမှာ ကြက်တစ်ကောင်ဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။

"ဘာပဲဖြစ်ဖြစ် မင်းရဲ့ စေတနာအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ မင်းကို လက်ဆောင်တစ်ခု ပေးမယ်" နျဲ့ပုဖန်က သူ့အိတ်ထဲက ကြက်ဥတစ်လုံးကို ထုတ်ပြီး ချင်ပေါ်အာကို ပေးလိုက်၏။

ချင်ပေါ်အာသည် သူ့ရှေ့တွင် ပုံမှန်မဟုတ်သော အာလူးနှင့်တူသည့်  ကြက်ဥကို ကြည့်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိပေ။ အရင်က သူ သည်လိုထူးခြားတဲ့ လက်ဆောင်မျိုး မရခဲ့ဖူးပေ။

ထို့နောက် နျဲ့ပုဖန်က လေးနက်စွာ သတိပေးလိုက်သည်။

''သူ့ကို ကောင်းကောင်း စောင့်ရှောက်ပါ''

“အိုး…” ကြက်ဥတစ်လုံးအတွက် ဘယ်လိုစောင့်ရှောက်မှုမျိုး လိုအပ်လို့လဲ။

နျဲ့ပုဖန်၏ စူးစူးရဲရဲ မျက်လုံးအောက်တွင် ချင်ပေါ်အာသည် ဘာမှမပြောနိုင်ပဲ ကြက်ဥကို အိတ်ကပ်ထဲသို့ ဖြည်းညှင်းစွာထည့်လိုက်သည်။

ဤအခိုက်တွင် မြင်းများ၊ အော်သံများနှင့်အတူ အပြင်မှ အသံများထွက်ပေါ်လာပြီး အစေခံကဲ့သို့ ၀တ်ဆင်ထားသော လူတစ်ယောက် ဝင်လာကာ စားပွဲထိုးအား ပြောလိုက်သည်။

“အပေါ်ထပ်အခန်း တစ်ခန်းနှင့် အလယ်ခန်း ရှစ်ခန်းကို ပြင်ဆင်ထားပါ။ ကျွန်တော်တို့ အဖွဲ့မှာ လူ ၁၂ ယောက်ပါတယ်။ ဆယ်ရက်နေမယ်''

"ကောင်းပြီ၊ ခဏစောင့်ပါ။"  စားပွဲထိုးက များပြားသည့် ကြေးဒင်္ဂါးပြားများကို မရေတွက်တော့ဘဲ ခြင်းတောင်းသေးသေး တစ်ခုထဲသို့ စုပြုံထည့်လိုက်သည်။ ထို့နောက် လူသစ်များအတွက် နေရာထိုင်ခင်း စီစဉ်ပေး၏။

စနစ်တကျ စီစဉ်ပြီးနောက် ဧည့်ခန်းထဲမှ ပြန်ထွက်သွားသည်။ တည်းခိုခန်း အပြင်ဘက်တွင် ရထားတစ်စင်း ရပ်လျှက်ရှိပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရထားပေါ်မှ ဆင်းလာခဲ့သည်။

ထိုအမျိုးသားသည် အသက် နှစ်ဆယ့်လေးနှစ် သို့မဟုတ် နှစ်ဆယ့်ငါးနှစ်ခန့်ရှိကာ ချောမောသောမျက်နှာ၊ မျက်လုံးအစွန်းက အပေါ်သို့အနည်းငယ်တက်နေသည်။ ညာဘက် မျက်လုံးအောက်တွင် မှဲ့တစ်ခု ရှိပြီး ပါးလွှာသော နှုတ်ခမ်းနှင့် အလွန်အကျွံ အေးစက်နေသော ခံစားမှုမျိုးကို ပေးစွမ်းနိုင်သည်။ထိုလူသည် ဧည့်ခန်းမထဲသို့ ပေါ့ပေါ့ပါးပါးနဲ့ ဝင်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် ခံစားချက်များ ကင်းမဲ့နေ၏။

သူ့နောက်တွင် ခေါင်းငုံ့ထားကာ နိမ့်ချသော မျက်လုံးများ ရှိ၍ ရုပ်သေးနှင့် တူသော မျက်နှာအမူအရာဖြင့် နောက်လိုက် အစေခံမိန်းကလေး တစ်ဦးပါရှိသည်။ သူမသည် ကြောင်တစ်ကောင်ကို လက်ထဲတွင် ပိုက်ထားကာ ၎င်းမှာ ဆူဖြိုးသောကြောင့် ဧရာမ ခူကောင်နှင့် တူပြီး ၎င်းသည် သူ့သခင်နှင့် တူစွာ မာနကြီးဟန်ရှိပြီး မျက်လုံးများကိုမှိတ်ကာ တသ်လောကလုံး သူ့လုပ်စာ ထိုင်စားနေဟန်ဖြင့် ဖြစ်သည်။

နျဲ့ပုဖန် မကြိုက်ဆုံးကတော့ အဲ့လိုလူပါပဲ။ ထိုသူ့ကိုမြင်ရခြင်းက စုချန်းယီနဲ့ စတွေ့တုန်းက ပုံစံကိုသတိရစေသည်။

၎င်းတို့  လူအုပ်စုသည် နျဲ့ပုဖန် ရှိရာနေရာကို ဖြတ်သွားစဉ်၌ပင် အစေခံ၏လက်ထဲမှ ကြောင်သည် ရုတ်တရက် ထရပ်ကာ အမွှေးများ ထောင်၍ နျဲ့ပုဖန်၏ ခြေရင်းရှိ ဝါးခြင်းတောင်းအား ကြည့်ကာအော်လိုက်၏။

ထို့ကြောင့် ရှေ့က လမ်းလျှောက်နေတဲ့ လူသည် ရပ်လိုက်ပြီး လှည့်ကြည့်၏။
"ဘာဖြစ်လို့လဲ''

သူ့ကို အစေခံလေးက ဦးညွှတ်ပြီး ...
"ချွမ်ကျွင်း၊ ထိတ်လန့်နေတဲ့ပုံပဲ" ဟု ပြောလိုက်သည်။

“ငြိမ်သွားအောင် လုပ်လိုက်''

ထိုလူဟာ နျဲ့ပုဖန်ကိုပင် မကြည့်ဘဲ အပေါ်ထပ်သို့တက်ရန် လှည့်ပြန်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် မည်သည့်နေရာကမှန်း မသိ ရှိုက်ကြီးတငင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကြောင်သည် ထိုအသံကြားပြီး ရုတ်တရက် ထခုန်က အစေခံ မိန်းကလေး လက်ထဲမှ ခုန်ဆင်းပြီး ရှေ့က သူ့သခင် အနောက်သို့ အမြန်ပြေးလိုက်သွားလေသည်။

ထိုလူက ကြောင်ကို သူ့လက်နဲ့ ဂုတ်ကနေ ဆွဲမြှောက်လိုက်ပြီး နျဲ့ပုဖန်တို့ ရှိရာဆီသို့ အေးစက်သော အမူအရာဖြင့် ကြည့်လာသည်။

သူ့နောက်မှာ အစောင့်တွေလည်း များစွာပါလာပြီး၊ ၎င်းတို့အားလုံး တညီတညွတ်တည်း သပ်သပ်ရပ်ရပ်နဲ့ ညီညီညာညာ တန်းစီကာ ထို့သူ့အားစောင့်ကြပ် ကြည့်ရှုနေကြသည်။

ဒါက သပ်သပ် ချဲ့ကားနေတာ မဟုတ်ပေဘူးလား။

နျဲ့ပုဖန်ကတော့ ဘာမှမသိသော ခရီးသွား တစ်ဦးကဲ့သို့ လက်ဖက်ရည်ခွက်ကို ကစားနေခဲ့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now