Chapter 70

2.3K 237 2
                                    

Chapter - 70
သက်တော်စောင့် အစ်ကိုကြီး


ထန် ပြည်နယ်၏ မြို့တော် ရန်ရှန်းသည် လူဦးရေတစ်သန်းကျော် ရှိပြီး ထန်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး ဗဟိုချက် ဖြစ်သည်။

ဝေဒီ၏ တုန်းရှန်းရှောင်းဖူ သည် မိုင်ဆယ်ချီရှည်လျားသော ၎င်း၏ နယ်မြေဖြစ်ပြီး ရန်ရှန်း မြို့အပြင်ဘက် ချိုင့်ဝှမ်းတွင် တည်ရှိ၏။ ထို့အပြင်၊ သူသည် ရန်ရှန်း မြို့နှင့် နိုင်ငံတစ်ဝှမ်းရှိ အကြီးဆုံးမြို့ကြီးများတွင် စီးပွားရေးနှင့် အိမ်ရာများ ရှိသည်။ တစ်တိုင်းပြည်လုံး အတိုင်းတာလောက် ချမ်းသာတဲ့ အဆင့်ကို မရောက်ခဲ့ပေမယ့် သူ့ရဲ့ ချမ်းသာမှုက တခမ်းတနား ရှိနေဆဲ ဖြစ်သည်။

တုန်းရှန်းရှောင်းဖူ ဟူသည်မှာ ကျယ်ပြောလှသော ဧရိယာကို သိမ်းပိုက်ထားပြီး အစောင့်အကြပ် ထူထပ်စွာ ချထားသောနေရာ ဖြစ်၏။ တော်ဝင်မိသားစုအတွက် အထူး လေ့ကျင့်ပေးထားသည့် ကျွမ်းကျင်ဆရာများနှင့် လေ့ကျင့်ရေးကွင်းများလည်း ရှိသည်။

ဝေဒီက နျဲ့ပုဖန်ကို အိမ်ထဲကို ခေါ်သွားပြီး သူ့ ဘေးနားက အခန်းမှာ နေဖို့ စီစဉ်ပေးလိုက်၏။ ဤလုပ်ရပ်သည် အိမ်တွင်းရှိ လူတိုင်းကို မယုံနိုင်လောက်အောင် ခံစားရစေသည်။ ဝေဒီသည် သူ့ကိုယ်ပိုင် နေရာသို့ မည်သူ့ကိုမှ ခြေချခွင့် မပေးဖူးကြောင်း အားလုံး သိထားကြ၏။ ကျွန် အနည်းငယ်မှ လွဲ၍ သူ့ အိပ်ခန်း အနီးတွင် အခြားလူ မရှိသလောက်ပင်။

သည်တစ်ခါတော့ လူတစ်ယောက်ကို သူနဲ့ နီးနီးကပ်ကပ် နေခွင့်ပေးလိုက်သည်။ ဤသည်မှာ ဤလူကို အလွန် တန်ဖိုးထားကြောင်း တွေ့မြင်နိုင်၏။

ဝေဒီသည် နျဲ့ပုဖန်ကို သူ့ ဘေးနားတွင် ကပ်ထားရသည့် နောက်ထပ် အကြောင်းပြချက် တစ်ခု ရှိနေပြီး ၎င်းမှာ သူ့ကို ဒုက္ခပေးဖို့ ကြံစည်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းမှ တားဆီးနိုင်ရန်ပင် ဖြစ်သည်။ သူ့အား နေ့ရော၊ ညပါ ဂရုစိုက်ရန် အလှည့်ကျ သက်တော်စောင့် အများအပြားကို အထူးစီစဉ်ထားပြီး အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်အောင်လည်းအထူး ကြပ်မတ်ထားသည်။

ဤသို့ဖြင့် နျဲ့ပုဖန်ကို တင်းကြပ်စွာ အစောင့်အကြပ် ချထားလေ၏။ နျဲ့ပုဖန်မှာ ချိုင့်ဝှမ်းဒေသ တစ်ခုလုံးကို ပေါ့ပေါ့ပါးပါး လှည့်ပတ် သွားလာခွင့် ရခဲ့သော်လည်း တစ်ယောက်တည်း ဘယ်မှ သွားခွင့် မရှိပေ။

ပထမရက် အနည်းငယ်တွင် ဝေဒီသည် ကိစ္စအဝဝနှင့် ပတ်သက်ကာ အလုပ်များနေပြီး သူ့ကို မနှောင့်ယှက်ခဲ့သောကြောင့် ချိုင့်ဝှမ်းကို အလည်အပတ်သွားကာ ရှုခင်းများကို ကြည့်ရှုရန်လည်း အလွန် စိတ်ဝင်စားခဲ့သည်။ ဒါပေမယ့် သုံးရက်လောက် ကြာတော့ သူ စိတ်ဝင်စားမှု ပျောက်သွား၏။ တုန်းရှန်းရှောင်းဖူ၏ အလွန် ကြွယ်ဝပြီး  ခံ့ညားသော ပုံစံက သူ့အတွက် ဆွဲဆောင်မှု မရှိပါ။

နျဲ့ပုဖန်သည် တောင်ထိပ်မှာ ရပ်ပြီး “ငါက ကြက်သိုက်ရွာရဲ့ဘုရင်ပဲ” လို့ အော်ရင်း ရလာတဲ့ လန်းဆန်းတဲ့ ခံစားချက်ကို ပိုသဘောကျလျှက် ရှိသည်။

နျဲ့ပုဖန်မှာ ပျင်းရိနေသော်လည်း ဤရက်အနည်းငယ်တွင် သူ၏ နာခံမှုအား ရိုကျိုးစွာ နေပြနေသည်။ အကြောင်းပြချက်မှာ 'လက်နက်ကြီး' ဟုခေါ်သော ကြက်သိုက်ရွာက ပေါက်ဖွားသည့် လင်းယုန်ငယ်က ကြက်သိုက် ကျေးရွာရှိ လူများနှင့် တိရစ္ဆာန်များသည် သူ့ကို ကယ်ဖို့ လာနေကြပြီဖြစ်ကြောင်း သတင်း စကား ပေးပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုနေ့တွင် နျဲ့ပုဖန်သည် မိုးမခပင် တစ်ပင်ကို မှီ၍ ငါးမျှားရင်း သူ့ အနောက်တွင် သစ္စာခံ သက်တော်စောင့် တစ်ဦးက မတ်မတ်ရပ်ကာ စောင့်ကြပ်နေ၏။

နျဲ့ပုဖန်က ထိုသူ့ကို လှည့်ကြည့်ပြီး ...

“အစ်ကိုကြီး သက်တော်စောင့်၊ ပင်ပန်းနေပြီလား၊ ခဏလာထိုင်ပါဦး” ဟု ခေါ်လိုက်သည်။

သက်တော်စောင့်က မတုန်မလှုပ်ဘဲ "ဒီလက်အောက်ငယ်သားက အဆင်ပြေပါတယ်၊ သခင်လေး စိတ်ထဲမထားပါပဲ နေပါ'' ဟူ၍ ပြန် ပြောသည်။

"ငါ လုံးဝ အဆင် မပြေဘူး" နျဲ့ပုဖန်က ဆို၏။
"ခင်ဗျားနဲ့ စကားပြောဖို့ ခေါင်းမော့ထားရတာ လည်ပင်း နာနေပြီ''

မင်း ဘိုးအေ၊ သစ်ပင်ကို မှီနေရက်နဲ့ လှည့်ကြည့်ရုံ ကြည့်ပြီးတော့များ လည်ပင်နာတယ်တဲ့၊ သောက်ကျိုးနဲ ...

သက်တော်စောင့်သည် သစ်သားရုပ်ကဲ့သို့ မျက်နှာကို ထိန်းထားသော်လည်း နျဲ့ပုဖန်ကို စိတ်နှလုံးထဲ၌ ဆဲရေးလိုက်၏။

"ဒီကို လာပါ" နျဲ့ပုဖန်က သူ့ကို လက်ယပ်ခေါ်သည်။

သက်တော်စောင့်သည် ခြေလှမ်း အနည်းငယ် နီးကပ်သွားကာ နျဲ့ပုဖန်နှင့် တစ်မီတာကျော် အကွာတွင် ရပ်လိုက်၏။

"ထိုင်ပါ... တစ်ယောက်အကြောင်း တစ်ယောက် စကား ပြောကြရအောင်''

သက်တော်စောင့်သည် တစ်ခုခု ပြန်ပြောချင်ပေမယ့်လည်း မကြားချင်ယောင်ဆောင်ကာ ရေကန်ထဲကိုသာ တိုက်ရိုက် စိုက်ကြည့်နေသည်။

နျဲ့ပုးဖန်သည် စိတ်ရှည်ရှည်ထားကာ ခြေထောက်ဆန့်၍ သက်တော်စောင့်၏ ဖိနပ်ထိပ်ကို ထိလိုက်ကာ ဆက်ပြော၏။

''အရမ်း ပျင်းစရာကောင်းတာပဲ၊ ခင်ဗျား နည်းနည်းမှတောင် မလှုပ်ရင် တကယ် ကျောက်ရုပ်ကြီး ထင်နေတော့မှာ''

သက်တော်စောင့်က ခြေလှမ်းကို သိမ်မွေ့စွာ နောက်ပြန်ဆုတ်သွားသည်။

နျဲ့ပုဖန်က သူ့ကို ပြုံးပြလိုက်သည့်အခါတွင် သူ့မှာ ဆံပင်တွေ ထောင်ကာ ကျောတွေ ချမ်းလာသလိုခံစားရ၏။

ထို့နောက် နျဲ့ပုဖန်က မတ်တပ်ရပ်ကာ ခါးကို လိမ်လိုက် လက်နှစ်ဖက်ကို အကျောဆန့် လိုက်လုပ်ကာ ထူးဆန်းသော အပြုအမူများ ထလုပ်နေသည်။

“သွားပြီ''

ထိုစကားကို အော်ပြောပြီးနောက်မှာတော့ နျဲ့ပုဖန်သည် ခြေထောက်ကို အရှိန်ယူကာ မီတာ ၁၀၀ အမြန်နှုန်းဖြင့် ရေကန်ငယ်ဆီသို့ လျှပ်တပြတ် ပြေးသွားလေသည်။

သက်တော်စောင့်မှာ ထိတ်လန့်သွား၏။
သည်ကောင်က နာမည်ဆိုး မှတ်တမ်း ရှိတယ်။ သူ ခုန်ချဖို့ လုပ်နေရင် မဆိုင်းမတွပဲ တကယ် သူ ခုန်ချမှာ သေချာတယ်။

သက်တော်စောင့်မှာ နျဲ့ပုဖန် နောက်သို့ ချက်ချင်းပြေးလိုက်ပြီး အလျင်အမြန် ခါးကို လှမ်းဆွဲကာ နောက်ပြန်လန်၍ သူတို့ အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။

"ဟင်၊ သေသေချာချာ ကြည့်လိုက်တော့ အစ်ကိုကြီး သက်တော်စောင့်က တော်တော် ချောတာပဲ”

အစောင့်သည် သတိ ပြန်လည်လာသည်နှင့်တစ်ပြိုင်နက် အချင်းချင်း၏ အသက်ရှူသံကို ကြားရလောက်အောင် နီးကပ်စွာ နေသော နျဲ့ပုဖန်၏ မျက်နှာကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး သက်တော်စောင့်၊ အိမ်ထောင်ရှိလား"

“မရှိပါဘူး” ဟု တင်းမာစွာ ပြန်ဖြေ၏။

"မင်းမှာ ကြိုက်တဲ့သူရှိလား"

“မရှိဘူး”

"ဟုတ်ပြီ" နျဲ့ပုဖန်သည် ထရန် ရည်ရွယ်ချက် မရှိသကဲ့သို့ သက်တော်စောင့်၏ မျက်နှာကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ ...
“ဝေဒီ အနောက်ကို လိုက်နေရတာ မိန်းကလေးကောင်းနဲ့ တွေ့ဖို့ အခွင့်အရေးက ဘယ်ရှိပါ့မလဲ''

"သခင်လေး၊ မင်း ငါ့ကို ဒုက္ခမပေးပဲနေလို့ ရမလား..."

သက်တော်စောင့်၏ စကားမဆုံးခင်မှာပင် နျဲ့ပုဖန် က စိတ်အား ထက်သန်စွာဖြင့် မေးလိုက်သည်။
"ဘယ်လိုလဲ။ ခင်ဗျားကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား"

"ဟင့်အင်း မလိုပါဘူး"

"ဘာလို့ မလိုတာလဲ" နျဲ့ပုဖန်က ဆက်ပြောသည်။

"မင်း ငါ့ကို ပြောပြပါ။ ယောက်ျား ကြိုက်လား၊ မိန်းမ ကြိုက်လား။ ဘယ်လို ပုံစံမျိုး ကြိုက်လဲ။  ပုံပန်း အသွင်အပြင်နဲ့ ပတ်သတ်ပြီး မင်းမှာ အထူးနှစ်ခြိုက်တာမျိုး ရှိသေးလား''

“... မရှိဘူး”

"မရှိဘူး။ ဆိုလိုတာက ကျား၊ မ ကန့်သတ်ချက် မရှိဘူး၊ ပုံပန်းသွင်ပြင်တွေ ကန့်သတ်ထားတာ မရှိဘူး လို့ ဆိုတာလား"

“…..” သက်တော်စောင့်မှာ ကြောင်အအ ဖြစ်နေ သည်။

ထို့နောက် နျဲ့ပုဖန်သည် သက်တော်စောင့်၏ ဝမ်းဗိုက်ပေါ်တွင် ခွထိုင်လိုက်ပြီး ၎င်း၏ ရင်ဘက်တွင် လက်တင်ကာ မေးထောက်လျှက် စဥ်းစားဟန် လုပ်နေ၏။

သက်တော်စောင့်မှာ သူ့ အပေါ်ပိုင်းကို ပိုင်စိုးပိုင်နင်း လုပ်ထားတဲ့ နျဲ့ပုဖန်ကို ကြည့်နေ သည်။

သူ၏ နဖူးပေါ်မှ ချွေးစီးများ ထွက်လာကာ နှိမ့်ချစွာဖြင့် သနားခံလိုက်၏။

''သခင်လေး၊ မင်း ငါ့ကို ဒုက္ခမပေးပဲ နေလို့ မရဘူးလား''

"အစ်ကိုကြီး...'' နျဲ့ပုဖန် က သူ့ ပခုံးပေါ် လက်တင်ပြီး "စိတ်မပူပါနဲ့၊ ငါ့မှာ အကြံရှိပါတယ်။ မင်းအတွက် လက်တွဲဖော်ကောင်းကို ငါ သေချာပေါက်ရွေးချယ်ပေးမှာပါ"

သက်တော်စောင့်က ခက်ခက်ခဲခဲ ထိန်းထားတဲ့ကြားက စကားမာမာ ပြောမိသွားသည်။

''မင်း စိုးရိမ် ပေးတာကို ကျေးဇူးလည်း တင်တယ်၊ ဒါပေမယ့် ငါ့ပေါ်က ဖယ်ပေးပါ။ အေးအေးဆေးဆေး နေပါရစေ''

"ဘာလို့လဲ'' နျဲ့ပုဖန်က သူ့ကို ရိုးအစွာ ကြည့်နေသည်။ “နောက်ဆုံး ခင်ဗျားနဲ့ ထိုင်ပြီး စကားကောင်းကောင်း ပြောဖို့ အခွင့်အရေး ရသွားတယ်လေ။ ရှားရှားပါးပါးပဲကို''

သည်လိုထိုင်နေတာကို ဘယ်သူက သည်းခံနိုင်မှာလဲ။ သက်တော်စောင့်က စိတ်ထဲမှာ ဒေါသဖြစ်နေသည်။

သခင် မမြင်သွားခင် သည်လူကို သူ့ အပေါ်က အမြန်ဖယ်ပြီး ဝေးဝေးမှာ နေရမယ်၊ ဒါမှအန္တရာယ် ကင်းမှာ။

သက်တော်စောင့်သည် ဤနည်းဖြင့် နျဲ့ပုဖန်ကို ဖယ်ရှားနိုင်လိမ့်မည်ဟု တွေးကာ ဆတ်ခနဲ ထရပ်လိုက်သည်။
သို့သော် နျဲ့ပုဖန်က သူ့ခါးကို ခြေထောက်တွေနဲ့ ချုပ်ပြီး သူ့ လည်ပင်းကို ဖက်လျှက် တွဲလဲ ခိုထားမယ်လို့ ဘယ်သူ ထင်မှာလဲ။ သည်လိုခ က်ခဲတဲ့ လှုပ်ရှားမှုမျိုးကို သူ ဘယ်လို လုပ်နိုင်တာလဲ။  နျဲပုဖန်ရဲ့ ခန္ဓာကိုယ်ဟာ အလွန် ပျော့ပြောင်းပြီး ပေါ့ပါးနေ၏။

သက်တော်စောင့်မှာ ငိုချင်သော်လည်း မျက်ရည် မကျနိုင်။ သူ့ အကြံစည်မှာ ပြီးပြည့်စုံစွာ ကျရှုံးသွားသော်လည်း သူ့ အပေါ် ခိုထားသည့်ကို ကိုးရိုးကားယားဖြင့် ဖယ်ကာရုန်းနေ၏။

သို့သော် နျဲ့ပုဖန်သည် တင်းတင်းကြပ်ကြပ် တွယ်ထားကာ ခြေထောက်များက သံတုတ်တစ်ချောင်းနှင့် တူ၏။ ထို့နောက် နျဲ့ပုဖန်က ခပ်စွစွပြောလာသည်။
“ခုနကလို ထိုင်ပြီး စကားပြောရတာ ဘယ်လောက်ကောင်းလိုက်သလဲ၊ ဘာလို့ မတ်တပ်ရပ်ရတာလဲ။  ခင်ဗျားက ဒီလို ပုံစံကို ပိုကြိုက်လို့လား”

သက်တော်စောင့်မှာ အနည်းငယ် စိတ်ပျက်သွားပြီး သူ၏ အေးစက်သော အမူအရာမှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေသည်။

"ဘာဖြစ်ဖြစ် အစ်ကိုကြီး သက်တော်စောင့်ကိုနာမည် ဘယ်လိုခေါ်လဲ မသိဘူး"

သက်တော်စောင့်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ မပြောသည့်အပြင် နာမည်ကိုလည်း ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်သည်။

"လျှို့ဝှက်ထားချင်တာလား"
နျဲ့ပုဖန်က နားလည် သဘောပေါက်ကာ ခေါင်းညိတ်၍ ...

“ကောင်းပြီ၊ ငါမင်းကို အစ်ကို ခုနစ်လို့ ခေါ်လိုက်မယ်။ ငါ့မှာ အစ်ကို တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်တို့ အရင် ပေးထားပြီး ဖြစ်လို့ ခင်ဗျားကို နံပါတ် ခုနစ်လို့ ထားလိုက်မယ်"

သက်တော်စောင့်မှာ သူ့ ကိုယ်ပေါ်က လူကို သတ်ပစ်ချင်နေသော စိတ်များအား တွန်းလှန်ကာ အနီးပတ်ဝန်းကျင်ကိုသာ အာရုံစိုက်လိုက်သည်။  ဘေးနားတွင် အခြားမည်သူမျှ မတွေ့ရဘဲ တိတ်ဆိတ်နေသောကြောင့် စိတ်သက်သာရာ ရသွား၏။ ထို့နောက် သူသည် အတော်အတန် ပုန်းကွယ်လို့ကောင်းသော နေရာကို အမြန်ရွှေ့ကာ သူ့ ခန္ဓာကိုယ်ပေါ်ရှိ လူကို ဆွဲဖယ်ရန် ကြိုးစား အားထုတ်ခဲ့သည်။

“အာ” နျဲ့ပုဖန်မှာ အနည်းငယ် နာကျင်ခံစားသွားရပြီး သက်တော်စောင့်အား မကျေနပ်သော လေသံဖြင့် ...

"ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ တော်တော် ခက်ခဲနေလား''

သက်တော်စောင့်၏ မျက်နှာသည် မည်းမှောင်နေပြီး၊ ဤသူအပေါ် နူးညံ့သိမ်မွေ့ခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်းပင် ဖြစ်သည်ဆိုတာ သိလေသည်။ ဤသက်တော်စောင့်မှာ ကြက်သိုက်ရွာ တစ်ခုလုံးတွင် စံအနေဖြင့် ပြောစမှတ် ရှိသော စကားတစ်ခွန်းကို အချိန်တိုအတွင်း သဘောပေါက်သွားခဲ့သည်။

"မင်း ဆင်းမလား၊ မဆင်းဘူးလား" နောက်ဆုံးတော့ သက်တော်စောင့်က သူ့ ဒေါသကို မထိန်းနိုင်ဘဲ ဟောက်လိုက်၏။

“မဆင်းဘူး” နျဲ့ပုဖန်က စကား နားမထောင်ပေ။

"ဒီနေ့ စကား ကောင်းကောင်း ပြောဖို့ စိတ်လှုပ်ရှားနေတယ်၊ ဒီအတိုင်း နေဝင်ချိန်အထိ စကားပြောပေးရမယ်''

"ဒါဆို ဒီပုံစံနဲ့ ဆက်နေဖို့ လိုသေးလို့လား"

"ဒီပုံစံက ငါတို့ကို ပိုရင်းနှီးလာဖို့ ကူညီပေးတယ် မထင်ဘူးလား"

"အခု ငါတို့ ကြားမှာ ပူးကပ်နေပြီ အကွာအဝေး လုံးဝ မရှိတော့ဘူး"

"ဟုတ်တယ်၊ အကွာအဝေး မရှိဘူး၊ အတားအဆီးတွေ မရှိဘူး၊ ငါတို့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်"

သက်တော်စောင့်က ကောင်းကင်ကို မော့ကြည့်ပြီး တိတ်တိတ်လေး ဆုတောင်း မိသည်။

"ငါ တောင်းပန်ပါတယ် သခင်လေး၊ ဒီလက်အောက်ငယ်သားကို လွှတ်ပေးပါ"

နောက်ဆုံးတွင် သက်တော်စောင့်က ခေါင်းငုံ့ကာ ငိုလုနီးပါး အသနားခံလိုက်သည်။
''သခင်သာ မြင်သွားရင် ငါ့ အသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူး၊ တောင်းပန်ပါတယ်''

နျဲ့ပုဖန်က နောက်ကို လှည့်ကြည့်ကာ ငြိမ်သွားပြီး ...

''ဒါဆို ခင်ဗျားတို့ သခင်ကို တစ်ခုခု ပြောလိုက်ရမလား''

သက်တော်စောင့်သည် ထိတ်လန့်တကြားဖြင့် နျဲ့ပုဖန် ကြည့်သည့် နေရာကို လှမ်းကြည့်လိုက်ရာတွင် မျက်နှာတွင်  မည်းမှောင်သည့် အမူအရာဖြင့် သူတို့အနားသို့ လျှောက်လာနေသော ဝေဒီကို တွေ့လိုက်ရသည်။

သက်တော်စောင့်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့ စိတ်ထဲမှ ရေရွတ်မိ၏။

''ငါတော့ သေပါပြီ''

"မင်းတို့ ဒါ ဘာလုပ်နေတာလဲ" ဝေဒီက လက်ပိုက်ရင်း အံကြိတ်ကာ ရှေ့က လူနှစ်ယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

သက်တော်စောင့် ပြန်ဖြေတာကို မစောင့်ဘဲ နျဲ့ပုဖန် က တခစ်ခစ်ရယ်ပြီး "ငါတို့ ခံစားချက်တွေ ဖလှယ်နေကြတာ"

ဝေဒီသည် နျဲ့ပုဖန်အား ခါးမှ ဖက်၍ လက်နှစ်ဖက်ကို အစောင့်ထံမှ ဆွဲခွာကာ သူ့ ပခုံးပေါ် တင်လိုက်သည်။  ထို့နောက် သူသည် သက်တော်စောင့်အား
“သွား၊ မင်း အပြစ်ကို မင်း သွားခံချေ"ဟု အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ ...”

နျဲ့ပုဖန်သည် ဝေဒီ ပခုံးပေါ်မှာ ထမ်းထားခံရသော်လည်း သက်တော်စောင့်ကို လက်ဝှေ့ယမ်းနှုတ်ဆက်ရန် မမေ့ပေ။

"စိတ်မကောင်ဘူး။ ဒီနေ့ အချိန်ရလိုက်ဘူး၊ နောက်တစ်ခါ စကားပြောကြမယ်နော်''

နောက်တစ်ခါဆိုတာ မရှိစေရတော့ပါ။

သက်တော်စောင့်မှာ အသက်လု၍ ပြေးသကဲ့သို့ မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားလေ သည်။

ဝေဒီ၏ မျက်လုံးများ မီးတောက်လျက် ရှိသည်။ သူသည် နျဲ့ပုဖန်ကို ထမ်းလျှက် သယ်လာပြီး အိမ်တံခါးကို ဖွင့်ကာ နျဲ့ပုဖန်ကို ဒေါသတကြီးနဲ့ ကုတင်ပေါ် ပစ်ချလိုက်သည်။

"မင်း ငါ့ အစောင့်ကို သွားပြီး မြူဆွယ်နေတာလား''

နျဲ့ပုဖန်က ထထိုင်ပြီး ပခုံးတွန့်ကာ "ဘာတွေ ပြောနေတာလဲ။ ငါ့မှာ ဘယ်သူနဲ့မှ စကားပြောဖို့ လွတ်လပ်ခွင့်တောင် မရှိဘူးလား"

"အဲ့ပုံစံက စကားပြောနေတာ လို့ခေါ်လား" ဝေဒီသည် သူတို့၏ ပူးကပ်နေသော အနေအထားကို ပြန်သတိရသောအခါ ချက်ချင်းပင် ဒေါသထွက်လာသည်။

''ဒါဆို ဘာထင်လို့လဲ၊ မင်း အရမ်း အတွေးလွန်တာပဲ''

"အရမ်း အတွေးလွန်တယ် ဟုတ်လား" ဝေဒီက နျဲ့ပုဖန် ပုခုံးကို တင်းတင်း ကိုင်လိုက်ပြီး ...
"မင်းမှာ ငါ့ကို ဆန့်ကျင်ဖို့ သတ္တိတွေ ရှိနေတယ်။ ဟုတ်လား''

“မဟုတ်ဘူး” နျဲ့ပုဖန်က မဆိုင်းမတွ ဖြေ၏။

ဝေဒီသည် အသက်ပြင်းပြင်းရှူကာ နျဲ့ပုဖန်အား လည်ပင်း ညှစ်ချင်နေသော စိတ်ကို မျိုသိပ်ထားသည်။

နျဲ့ပုဖန်က ဆက်ပြောသည်။

"မင်း ငါ့အနားမှာ အစောင့်တွေ စီစဉ်ပေးထားလို့ ငါပျင်းနေတာကို သက်သာရာရစေတယ်''

"ပျင်းတာကို သက်သာစေတယ်လား"  ဝေဒီ၏ အသံ တိုးသွားသည်။

"ဟုတ်ပါတယ်။ သူတို့ အားလုံးဟာ ရုပ်ပိုင်းဆိုင်ရာ သန်မာကြပြီး သူတို့ရဲ့ ကိုယ်ခံပညာကလည်း ထူးထူးခြားခြား ရှိတယ်၊ အလုပ် ကြိုးစားပြီး ဘာမှ မငြီးညူကြဘူး၊ သူတို့က တကယ့်ကို ကစားဖော်ကောင်းတွေပါပဲ"

ဝေဒီသည် နျဲ့ပုဖန် ရည်ညွှန်းသည့် “ကစားဖော်ကောင်း” ဟူသော စကားကြောင့် မည်သို့ ကစားဖော်ကို ရည်ညွှန်းတာမှန်း မသိ၍ စဥ်းစားသွားရသည်။

“စိတ်မပူပါနဲ့။ မင်းရဲ့ ရက်ရောမှုကို ငါ စိတ်ပျက်မှာ မဟုတ်သလို သူတို့ကို ငါ့ရဲ့ အရင်းနှီးဆုံး အပေါင်းအဖော်တွေလို ဆက်ဆံပါမယ်"
နျဲ့ပုဖန်က ဤသို့ ကျေးဇူးတင် စကား ပြောလိုက်၏။

ထို့နောက်တွင် နျဲ့ပုဖန်သည် ဝေဒီအား အသက်ကောင်းကောင်းရှုလို့ မရသည်အထိ တင်းတင်းဖက်ထားလိုက်၏။

အချိန် အတော် ကြာပြီးနောက်မှာ ဝေဒီက ...

''မင်းက ငါ့ ထိန်းချုပ်မှုအောက်မှာ ကောင်းကောင်းမွန်မွန်နေနေတာပဲ''

“ဒါကို လိမ်မာတာလို့လည်း ခေါ်တယ်လေ၊ ငါ အခုအရမ်း နာခံတတ်နေပြီ မဟုတ်လား''

နျဲ့ပုဖန်က ချိုသာစွာ ပြောလိုက်၏။
 
ဝေဒီက သူ့ကို လျစ်လျူရှုပြီး ဆက်ပြောသည်။

“အစောင့်တွေကို အခု မီတာ တစ်ရာ အကွာမှာ နေခိုင်းမယ်။ မင်းရဲ့ပတ်လည် မီတာ တစ်ရာ အတွင်းမှာ ငါက လွဲလို့ ဘယ် သက်ရှိ သတ္တဝါမှ မရှိနေရဘူး''

"သေချာလား။ ဒါဆို ငါ့ရဲ့ နေ့စဉ် ဝေယာဝစ္စတွေကို တာဝန်ယူပေးတဲ့ ချောမောလှပတဲ့ ညီမလေးတွေကိုရော ဘယ်လိုလုပ်မလဲ''

“နေ့တိုင်း အဒေါ်ကြီး တစ်ယောက်က မင်းကို အစာနဲ့ ရေ ယူလာပေးလိမ့်မယ်၊ တခြားအရာတွေကို မင်းကိုယ်တိုင် လုပ်နိုင်တယ် မလား၊ ဒါမှမဟုတ် ငါ ကိုယ်တိုင် မင်းကို ကူညီပေးနိုင်တယ်''

ဝေဒီက သူ့ ခါးပတ်ကို လက်ညိုး ထိုးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"မင်းကို အဝတ်အစား ချွတ်ရတာ ငါ ပျော်တယ်“

"ဦးလေး ဝေ၊ မင်း ငါ့ကို အခန်းထဲမှာ အကျဉ်းချထားပြီး အပြင်ထွက်ခွင့် မပေးဘူး ဆိုရင်တောင် မင်း ငါ သူငယ်ချင်း ဖွဲ့တာကိုတော့ တားလို့ မရနိုင်ဘူး။"

"အိုး။ မင်းကို ထောင်ချဖို့ စေချင်နေတာလား''

"မင်း ငါ့ကို တကယ် ထောင်ချရင် ငါ သေချာပေါက် မြန်မြန် သေသွားလိမ့်မယ်"
နျဲ့ပုဖန်က လေးပင်စွာ ပြောလိုက်သည်။

ဝေဒီ၏ မျက်လုံးများ ကျဉ်းသွားကာ ဤစကားကိုသိပ်ဂရုမစိုက်သော်လည်း ...
သည်လူရဲ့ အမြစ်တွယ်နေတဲ့ အကျင့်ဆိုးတွေကြောင့် အခုလို နာခံတယ်ဆိုတာ တစ်ခုကပင်တကယ် ကောင်းနေပါပြီ။ ဒါပေမယ့် ပြောရရင် နျဲ့ပုဖန်အပေါ်  အရမ်း ချုပ်ချယ်ချင်စိတ်လည်း မရှိပါဘူး။ နျဲ့ပုဖန်၏ ပေါ့ပေါ့ပါးပါးနှင့် အပြစ်ကင်းစင်ပြီး အသက်မွေး ဝမ်းကြောင်းရင်း နေလာတဲ့ သူမို့လို့၊ သူ ရှိနေတာနဲ့တင် ပတ်ဝန်းကျင်က လူတိုင်းအတွက် ပျော်ရွှင်မှု ဖြစ်စေ၏။

ဝေဒီက သည်လောက်အထိ ညှဥ်းပန်း နှိပ်စက်နေတာတောင် သူ့ မျက်နှာပေါ်မှာ မွေးလာကတည်းက တစ်ခါမှ ဝမ်းနည်း နာကျင်မှု မခံစားရဖူးသလိုမျိုး အမြဲပြုံးရွှင်နေခဲ့သည်။

လက်ရှိတွင် ဝေဒီ သူ့ကို အရမ်း မချုပ်ချယ်ချင်သည့်အတွက် သူ့ ပတ်ဝန်းကျင်မှာ အစောင့်တွေကို မီတာ တစ်ရာ အကွာကသာ စောင့်ကြည့်ရန် စီစဉ်ခိုင်းထားသည်။

ဤသို့ဖြင့် နျဲ့ပုဖန် သွားလေရာ မီတာ တစ်ရာ အကွာ ပတ်လည်တွင် ရွှေ့လျား အကာအကွယ်ဒိုင်းတစ်ခုကို တည်ဆောက်ထားသကဲ့သို့ အရှေ့၊ နောက်၊ ဘယ်နှင့် ညာတို့မှ မည်သည့် သက်ရှိသတ္တဝါမှ ဝင်မလာစေရန် ပိတ်ဆို့ထား၏။

ဘဝဟာ နှင်းတွေလို အထီးကျန်နေခဲ့သည်။ နျဲ့ပုဖန်သည် သူ၏ ငါးမျှားတံကို ကိုင်ထားပြီး ရေကန်ဘေးတွင် တစ်ယောက်တည်း ငါးဖမ်းနေ၏။

ဤတွင် သူ ခေါင်းညိတ်ပြလိုက်သည်နှင့် ကြာပန်းရွက်အုပ်ထားသော ဦးခေါင်းသည် ရေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အပြာရောင် မျက်လုံးတစ်စုံက နျဲ့ပုဖန်ကို မော့ကြည့်လိုက်၏။

"ဟေ့၊ အစ်ကို ထိုက်ပိုင်၊ မင်းက ငါးနတ်ဆိုး မဟုတ်ဘူးလား။ မင်းကို တွေ့တိုင်း ရေထဲကနေ အမြဲထွက်လာတယ်" ယခင် အတွေ့အကြုံအရ နျဲ့ပုဖန်သည် ဤတစ်ကြိမ်တွင် ငြိမ်သက်နေခဲ့သည်။

ထိုက်ပိုင်၏ ပါးစပ်သည် ရေအောက်တွင် ရှိနေဆဲဖြစ်ပြီး သူ ဘာပြောနေမှန်းမသိဘဲ ရေထဲတွင် ပွက်ပွက်ထနေ၏။

အဝေးက အစောင့်တွေကို စိတ်ပူနေမှန်း နျဲ့ပုဖန်က သိပြီး “မင်းက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ တုန်ရှန်းရှောင်းဖူ ရေကန်က အပြင်ဘက်ကရေကန်တွေနဲ့ရော ချိတ်ဆက်နေတာလား"

ထိုက်ပိုင်က သူ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

"အစ်ကို ထိုက်ပိုင်၊ ငါ့ကို ဒီက ကယ်ထုတ်ဖို့ နည်းလမ်းရှိလား"

ထိုက်ပိုင်သည် မျက်တောင်ခတ်ပြီး ရေထဲသို့ ငုပ်သွားသော်လည်း ကြာရွက် တစ်ရွက်ကို ချန်ထားခဲ့သည်။

နျဲ့ပုဖန်သည် ကြာရွက်ကို ကောက်ကိုင်လိုက်ပြီး ၎င်းပေါ်တွင် ရေးထားသော စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရ၏။ သူသည် အခြား စာများကို မဖတ်တတ်သော်လည်း အချိန် တစ်ခုကိုတော့ သဘောပေါက်ခဲ့လေသည်။

'ဟိုင်ရှီ အချိန် (ည ၉ နာရီမှ ၁၁ နာရီ)

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now