Chapter 56

1.9K 238 1
                                    

Chapter - 56
ကိုယ့်အထာနဲ့ ကိုယ်


''သခင်၊ ဒီနိမ့်ကျတဲ့ အစေခံက အဲ့လူနောက်ကြောင်းကို စုံစမ်းပေးဖို့ လိုပါသလား''
အစေခံက တလေးတစား မေး၏။

"သွား၊ သူ့ရဲ့ အကြောင်းတွေ စစ်ဆေးလာခဲ့''

ဝေဒီ၏ လက်ချောင်းများသည် လက်ဖက်ရည်ခွက်နှုတ်ခမ်းတစ်လျှောက် ပွတ်သပ်ကာ တွေးတောနေ၏။

''အခု အချိန်မှာ ရှီရှန်း မြို့ဟာ အလွှာပေါင်းစုံမှ သခင်လေးတွေ စုဝေးနေတဲ့ နေရာ ဖြစ်တယ်။  မလိုလားအပ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားဖို့အတွက် အလွန်အကျွံကြီး လုပ်လို့ မဖြစ်ဘူး''

“ဟုတ်ကဲ့”

“နောက်ပြီး…” ဝေဒီက ခေတ္တရပ်လိုက်ပြီး “ငါ့ကို ကြက်တစ်ကောင် သွားဝယ်ပေး''

အစေခံသည် အံ့အားသင့်သွား၏။ သို့သော် ဘာမှ မပြောနိုင်ပဲ ဦးညွှတ်ကာ အခန်းထဲမှ ထွက်သွားလေသည်။

သိပ်မကြာခင်မှာပဲ အစေခံသည် လင်ဗန်းတစ်ချပ်နှင့် အခန်းထဲကို ပြန်ရောက်လာသည်။ လင်ဗန်းကို  အဖုံး ဖွင့်ပြီးနောက် မွှေးရနံ့ဟာ လေထဲသို့ စိမ့်ဝင်သွားသည်။ ပန်းကန်ပြားပေါ်တွင် ရွှေဝါရောင်ကြက်သားလုံးကြီး တစ်လုံး ရှိသည်။ အပြင်မှာ ကြွပ်ရွပြီး အတွင်းပိုင်းမှာ နူးညံ့တာကြောင့် ဘယ်သူမဆို ချက်ချင်း စားချင်စိတ်ကို ဖြစ်ပေါ်စေ၏။

ဝေဒီ ငြိမ်သက်သွားသည်။

သူ လိုချင်တာက သည်လို ကြက်ကင် မဟုတ်ပဲ စောစောက ကောင်လေးဆီက ထူးဆန်းတဲ့ ကြက်တစ်ကောင်ကို ဆိုလိုတာ မသိဘူးလား။ ရှီရှန်မြို့ရဲ့ ချီဓာတ်ဟာ သာမာန် ကြက်တစ်ကောင်ကို ဘယ်လိုများ ထူးခြားအောင် ဖန်တီးထားနိုင်ရတာလဲဆိုတာ သူ သိချင်သည်။ ဝေဒီ၏ မျက်နှာသည် လေးနက်သော ပုံပေါက်နေသော်လည်း ကြက်သုံးကောင်က သူ့ ကြောင်ကို နှိပ်ကွပ်ခဲ့သည့်အတွက် အလွန် စိတ်မသက်မသာ ဖြစ်မိသည်။

ကံမကောင်းစွာနဲ့ပဲ အစေခံက သူ့ရဲ့ ရည်ရွယ်ချက်အမှန်ကို မသိခဲ့ဘဲ သူ့ ဒေါသကို ဖြေဖျောက်ဖို့ ကြက်သား စားတော့မယ်လို့ ထင်ခဲ့တာ ဖြစ်နိုင်ပါသည်။

ဝေဒီလည်း ဒေါသကို အတတ်နိုင်ဆုံး လျော့ကာ အစေခံအား ကြက်ကင်ကို လှီးဖြတ်ခိုင်းပြီး ဂရုတစိုက် ဝါးတော့၏။

ထိုအချိန်တွင်၊ ကြက်သိုက်ကျေးရွာ၌ ကျန်းကျွင်းရှီ သည် နျဲ့ပုဖန်၏ အခန်းတွင် စကားလုံး အနည်းငယ်ဖြင့် ကောက်ကွေးစွာ ရေးထားသော မှတ်စု တစ်ခုကို တွေ့ရှိခဲ့သည်။ 

''အိမ်က ထွက်ပြေးသွားပြီ။ ငါ့ကို မလွမ်းနဲ့''
လို့ ရေးထားတဲ့ စာကို နားလည်အောင် ပုံဖော် ဖတ်ဖို့သူ တော်တော် အချိန်ယူလိုက်ရသည်။

“…” ကျန်းကျွင်းရှီ မှာ စာတိုကို ကိုင်လျှက် ဘာစကားမှ မပြောနိုင်။

လီယီနှင့် အခြားသူများ သိသွားသောအခါတွင် ၎င်းတို့၏ မျက်နှာများသည် ချီးပေသကဲ့သို့ မည်းမှောင်ကာ အကျည်းတန်သွားကြသည်။

နျဲ့ပုဖန်၏ အကျင့်ဆိုးများကို နက်နက်ရှိုင်းရှိုင်းသိရှိခဲ့ကြသော ဤလူများသည် သူ့ ဘေးကင်းရေးကို စိုးရိမ်ရုံသာမက ပျားများနှင့် လိပ်ပြာများ (အခြားယောကျ်ားများ) ကိုပါ မရိုးသားစွာ ဆွဲဆောင်လာမည်ကိုလည်း စိုးရိမ်နေကြ၏။ သည်ကောင်က ကြက်သိုက်ရွာမှာတောင် သူတို့ မျက်စိအောက်တင် ပြသနာမျိုးစုံရှာနေတာ၊ တခြားမမြင်နိုင်တဲ့ နေရာမှာဆို ဘယ်လောက်တောင် မွှေဦးမလဲ။ ဒါထက် မတွေးဝံ့စရာက တခြား ပျားတွေလိပ်ပြာတွေကို ဆွဲဆောင်နေရင် ဘယ်လိုလုပ်မလဲ။

ကြို၍ပင် မတွေးဝံ့သော ကြေကွဲစရာ အဖြစ်ဆိုးကို တားဆီးရန် နျဲ့ပုဖန်ကို အမြန်ဆုံး ဖမ်းဆီးရမည်ဟု လူတိုင်းက သဘောတူခဲ့ကြသည်။ အထူးသဖြင့် စုချန်းယီသည် အပူ အအေး တလှည့်စီ ဖြစ်နေတဲ့နာမကျန်းသော ခန္ဓာကိုယ်၏ အပူချိန်၊ အတိုင်းအတာ တစ်ခုအထိ နှိပ်စက်နေသော ချောင်းဆိုးခြင်း၊
သူ၏ မြင့်မြတ်သော ခန္ဓာကိုယ်နှင့် ဂုဏ်သိက္ခာတို့ကိုပင် ဂရုမစိုက်တော့ပဲ အတင်းအကျပ် ကြိုးစားတော့၏။ သူ နျဲ့ပုဖန်ကို ဘယ်လောက် ကြာအောင် ရှာရ ရှာရ ရွာကို ရောက်အောင် ပြန်ခေါ်လာမည်ဟုဆုံးဖြတ်ထားလိုက်သည်။ ဤသို့ဖြင့် အဆုံးတွင် ရှီရှန်မြို့၌ ရှိနေသော သူ၏ အစောင့်များကို စုစည်းပြီး နှစ်ရက်အတွင်း နျဲ့ပုဖန် ကိုရှာရန် အမိန့်ပေးခဲ့၏။

နျဲ့ပုဖန်သည် ခြေရာခံရာတွင် အတော်ဆုံး ဖြစ်သော လီယီ အပါအဝင် အခြားသူများနှင့်ပါ ရင်းနှီးသည့် ကြက်နှစ်ကောင်ကို ယူသွားခဲ့ပြီ ဖြစ်သည်။ ဒါ့အပြင် အခြားကြက်များ အားလုံးတွင် အကျင့်စရိုက်ဆိုးများ ရှိပြီး ၎င်းတို့ကို နာခံအောင် မလုပ်နိုင်။
ထို့ကြောင့် လီ ညီအစ်ကို၊ ကျန်းကျွင်းရှီ 
နှင့် ရှန်းမုလန် တို့သည် ၎င်းတို့၏ ကိုယ်ပိုင်အစောင့်အကြပ်တပ်များကို ပြန်လည် စုစည်းလိုက်ပြီး၊  ရတနာသိုက်တွင် စောင့်ရှောက်ရန် တာဝန်ပေးထားသည့် လူများကိုပင် ခေတ္တ ဖယ်ရှားခဲ့သည်။ 
ဝမ်ရှင်းချန်ကတော့ ရှီရှန်း မြို့သို့ လူကိုယ်တိုင်သွား၍ လမ်းများ တစ်လျှောက် ရှာဖွေ၏။ အိမ်များနှင့် အဆောက်အဦးတို့၏ ခေါင်မိုးများပေါ်ကို သူ့သိုင်းပညာအစွမ်းဖြင့် ခုန်ပျံကျော်လွှားကာ ကိုယ်ပျောက်သိုင်းကို အသုံးပြု၍ တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေခဲ့သည်။ 

ထိုအချိန်တွင် နျဲ့ပုဖန်တစ်ယောက်ကတော့  ကြက်များသည် တခြားလူတွေ မျက်စိကျစရာ မဟုတ်ဟု ထင်ကာ ဝါးခြင်းတောင်းထဲတွင် သည်အတိုင်းထည့်ထားခဲ့၏။
နေ့လည်က သူ့လုပ်ရက်ကြောင့် လူတွေ သူ့အပေါ်ရန်လိုနေပြသည်ကို မသိချေ။ သူ့ကို စောင့်ကြိုနေတဲ့ အကျိုးဆက်တွေကို မသိပါဘဲ၊ နျဲ့ပုဖန်က  ဇိမ်ကျကျ အခန်းထဲမှာ ပျော်ပျော်နေပြီး နောက်ရက်အနည်းငယ်ကြာအောင် ဘယ်လိုနေရမလဲဆိုတာ စဥ်းစားနေခဲ့သည်။
ထို့နောက် မဆိုင်းမတွဘဲ သူ တွေးမိသွားပြီး သူ့ရဲ့နောက်ပစ်မှတ်ကို ဝူလင်း သခင်ဟု သတ်မှတ်ပြီး ထိုလူနှင့် ကစားရန် ဆုံးဖြတ်လိုက်သည်။ ထိုသူဟာ ကိုယ်ခံပညာကို ကျွမ်းကျင်ရုံသာမက ချောမောတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားပြီး ကြောင်တွေကို ပြုစုရတာ သူ့ရဲ့ ဝါသနာလည်း ဖြစ်ပြန်သည်။

ကြောင်တွေကို စောင့်ရှောက်ရတာ ကြိုက်တဲ့ အမျိုးသားတွေက နည်းနည်းတော့ ဇီဇာကြောင်ပြီး၊ ရူးနှမ်းတယ် ပြောကြပေမယ့်၊ သူတို့ရဲ့အပြင်ပန်းမာကျောချင်ဟန်ဆောင်ကာ ရင်ထဲတွင် နူးညံ့နွေးထွေးသော နှလုံးသားရှိသည့်အတွက် လှည့်စားရန်လွယ်ကူသည်ဆို၏။

နျဲ့ပုဖန် မည်ကဲ့သို့ ကောက်ချက်ချလိုက်သည် မသိ။ ဝေဒီသာ သူ့ စကားကို ကြားလျှင် နျဲ့ပုဖန်ဟာ ကြောင်တစ်ကောင်လို အသက်ကိုးချောင်းရှိနေရင်တောင် ဆယ်ကြိမ်မက လိုက်သတ်ပေလိမ့်မည်။
ဤ ကျန်းဟူနယ်တွင် ဝေဒီအား 'သေမင်းတမာန်' ဟု လူသိများကြသည်။
သူ့မိသားစုသည် ဧကရာဇ်မင်းအတွက် ယဇ်ပူဇော်ဖို့ယဇ်ကောင်များကို လေ့ကျင့်ပေးခြင်း၊ လျှို့ဝှက်အစောင့်များနှင့် ထောင်တွင်း စစ်မေးသူများကို အမြဲ လေ့ကျင့်သင်ကြားပေးခြင်း အလုပ်များ ပြုလုပ်ကြပြီး ၎င်း၏ ဂုဏ်သတင်းမှာလည်း ကျယ်ပြောလှသည်။ အသက် ၃၀ ပင် မပြည့်သေးသော်လည်း ဝူလင်း သခင်ဖြစ်လာခဲ့ပြီး ကျန်းဟူ တွင် အမြင့်မြတ်ဆုံး သိုင်းပညာရှင် ဖြစ်လာရန် အခြားသိုင်းပညာကျွမ်းကျင်များကို အနိုင်ယူနိုင်ခဲ့သည်။ လောကမှာ ဘယ်သူကမှ သူနဲ့ မပြိုင်ဝံ့သူ မရှိချေ။

ချင်ပေါ်အာ ပြောသလိုပဲ၊ သူ့ လက်ထဲမှာ သေဆုံးသွားတဲ့ လူတွေက မရေမတွက်နိုင်အောင် များပြားနေပြီး သူ့အလုပ်က ဧကရာဇ်အတွက် မရေမတွက်နိုင်တဲ့ သစ္စာဖောက်နဲ့ ပုန်ကန်တဲ့ ဂိုဏ်းခွဲတွေကို တိတ်တဆိတ် ချေမှုန်းပေးရခြင်း ဖြစ်သည်။ ဤတိုင်းပြည်သည် ဤမျှ ငြိမ်းချမ်းပြီး ဧကရာဇ်မင်းမြတ်၏ ရပ်တည်ချက် အလွန် တည်ငြိမ်သော အကြောင်းရင်းမှာ တုန်းရှန်းရှောင်းဖူ၏ ကြီးမားသော ပံ့ပိုးကူညီမှုများကြောင့်လည်း ဖြစ်၏။

နျဲ့ပုဖန်ကတော့ တစ်ပါးသူကို ကြည့်သောအခါ မိသားစုနောက်ခံကို ထည့်သွင်း စဉ်းစားလေ့ မရှိပေ။ တစ်ဖက်သားက မျက်စိပသာဒ ရှိသရွေ့ သူနောက်ပြောင်မည့် လူစာရင်းတွင် သူတို့ပါဝင်နေလိမ့်မည်။ သို့သော် သူသည် တစ်ဖက်လူ၏ စိတ်သဘောထား ကောင်းခြင်း၊ ဆိုးခြင်း အပေါ်ကိုတော့ အတော်လေး အလေးအနက်ထားလေသည်။ တစ်ပါးသော သူသည် လိမ်လည် လှည့်စားကောက်ကျစ်၍ စိတ်ယုတ်မာသူ ဖြစ်ပါက နျဲ့ပုဖန် ထိုသူတို့နှင့် ဆက်လက်၍ ပေါင်းသင်း ဆက်ဆံခြင်းပြုမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် နျဲ့ပုဖန်၏ လူများအပေါ် ဝေဖန်သုံးသပ်ချက်များမှာ အမှန်တကယ်ပင် တိကျမှန်ကန်ပြီး သူအတွက် ကောင်းမွန်သော ခံစားချက်များ ဖန်တီးပေးသူများသည် အခြေခံအားဖြင့် အရည်အချင်းရှိပြီး ဖြောင့်မတ်ကာ အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်ကြသည်။

နေ့လည်ခင်းတွင် တရေးတမော အိပ်ပြီးနောက် နျဲ့ပုဖန်သည် သူ့ အိမ်မွေး ကြက်များ၏ ဆာလောင် မွတ်သိပ်၍ အော်ခေါ်နေသော အသံကြောင့် နိုးလာသည်။ ညနေစောင်းနေလေပြီ။ သူ သန့်ရှင်းရေး လုပ်ပြီးနောက် ညစာ အတူစားဖို့ ချင်ပေါ်အာ ကို လိုက်ရှာရန် အဆင်သင့် ဖြစ်နေလေပြီ။

ဒါပေမယ့် သူ အခန်းထဲက မထွက်ခင်မှာ ချန်ပေါ်အာ က သူ့တံခါးရှေ့ကို အရင်ရောက်နှင့် နေ၏။

နျဲ့ပုဖန် က ပြုံးပြီး "တိုက်ဆိုင်လိုက်တာ၊ ငါ မင်းကို လာရှာတော့မလို့'' ဟု ပြောလိုက်သည်။

ချင်ပေါ်အာ ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းပြီး နျဲ့ပုဖန်ဆီသို့ လက်တစ်ဖက် ထုတ်ပြ၍ "ဒီမှာကြည့်"

နျဲ့ပုဖန် သည် ၎င်းကိုကြည့်ကာ သူ့ ပိန်ပိန်ပါးပါး လက်ချောင်းများ၌ မြွေပေါက်လေး တစ်ကောင် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။  သူ့ချက်ချင်း အတွေးပေါက်သွားပြီး ၎င်းဟာ သူအရင်က ပေးဖူးတဲ့ ဥကနေ ပေါက်သွားတာ ဖြစ်မယ်ဆိုတာ ချက်ချင်း နားလည်သွားသည်။

ထို့ကြောင့် နျဲ့ပုဖန်က ပြတ်ပြတ်သားသားပြောလိုက်သည်။

“မင်းရဲ့ ဥ ကွဲသွားပြီ”

“ဟုတ်တယ် ငါ့ ဥ…” ရုတ်တရက် ချင်ပေါ်အာ ပြောနေရင်း ရပ်သွားပြီး သည်စာကြောင်းကို ဘယ်လိုဆုံးအောင် ဆက်ပြောရမှန်း မသိ ဖြစ်သွား၏။

(TN- တရုတ်ဘန်းစကားတွင် ကြက်ဥလည်း လူဥနှင့် အသံထွက် အတူတူ ဖြစ်သည်)

နျဲ့ပုဖန် က သူ့ကို ပုခုံးပေါ် ပုတ်ပြီး “ကောင်းကောင်းစောင့်ရှောက် ထားပါ၊ အခု သူက မင်းရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားပြီ” လို့ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"အိမ်မွေးတိရစ္ဆာန် တဲ့လား" ချင်ပေါ်အာ က တုန်ရီသောလက်ချောင်းများဖြင့် "အိမ်မွေးတိရိစ္ဆာန်တွေကို ထိန်းရတာ မကြိုက်ဘူး၊ ကျေးဇူးပြုပြီး ပြန်ယူသွားပါ"

"ပို့ပြီးသား လက်ဆောင်ကို ဘယ်လို ပြန်ယူနိုင်မှာလဲ" နျဲ့ပုဖန် က သူ့ကို ကဲ့ရဲ့ရှုတ်ချစွာ ကြည့်လိုက်ပြီး “ဒါက စပါးအုံးမြွေပါ။ နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး ကြွက်တွေကို စားရတာ နှစ်သက်ပြီး လုံးဝကို ချစ်စရာ ကောင်းပါတယ်”

"ချစ်စရာ ကောင်းတယ် လား'' ချင်ပေါ်အာ သည် သူ့လက်ချောင်းပေါ်ရှိ အမဲရောင် ပိုးကောင်သာသာမြွေ ကို ကြည့်သော်လည်း မည်သို့မျှ ချစ်စရာကောင်းသည်ကို မမြင်နိုင်ပေ။

နျဲ့ပုဖန် က ထပ်မံပြောသည် - “ဒါ့အပြင် မြွေမွေးတာက အရမ်းထူးခြားတယ်လို့ မင်း မထင်ဘူးလား။ အဲ့ တုလင် ခေါင်းဆောင်ကို ကြည့်၊ ဆူဖြိုးတဲ့ကြောင်တစ်ကောင်ကို မွေးမြူရတာ ဘယ်လောက်တောင် ခြေဆွံ့နေလဲ။ ကြောင်နဲ့ ခွေးတွေကို မွေးမြူတဲ့သူတွေ အများကြီးရှိပြီး သူတို့ရဲ့ ကိုယ်ပိုင် စတိုင်ကို လုံးဝ ပေါ်လွင်အောင် မလုပ်ကြတော့ဘူး။ ကြက်၊ မြွေ၊ မျောက်နှင့် ဘီလူးတွေကို မွေးမြူတာနဲ့ ယှဥ်လို့ရပါ့မလား။ စပါးအုံးမြွေက အကောင်ကြီးလာတာနဲ့ အဲ့ကြောင်မျိုးကို ချက်ချင်း မျိုချလိမ့်မယ်”

ဒါဟာ တကယ်ပဲ ကိုယ့်အထာနဲ့ကိုယ် အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းလား။

ချင်ပေါ်အာ ခဏတာ ငြိမ်သက်သွားပြီး “နေရာတိုင်းမှာလည်း ကြက်မွေးမြူရေးသမားတွေ ရှိနေတာပဲလေ'' ဟူ၍ ပြောလိုက်သည်။

နျဲ့ပုဖန်  က သူ့ကို စိုက်ကြည့်ပြီး
“ဒီလို အရှိန်အဝါ ကြီးမားပြီး  အထင်ကြီးစရာကောင်းတဲ့ ကြက်တစ်ကောင်ကို အရင်က မြင်ဖူးလား။ ကြောင်လည်း သူတို့ကို မြင်ပြီး အသက်တောင် မရှုရဲဘူးလေ''

ချင်ပေါ်အာ ဘာမှ ပြန်ပြောစရာ မရှိတော့ပေ။

"ဒါဆို" နျဲ့ပုဖန်က မျက်စပစ်ကာ ပြုံးပြရင်း "အစ်ကို၊ အဲဒါကို ကောင်းကောင်း မွေးထားလိုက်ပါ မင်းအတွက် အကျိုးလာရှိမှာပါ"

ချင်ပေါ်အာ က လက်မခံချင့်ခံချင်ဖြင့် တွန့်ဆုတ်စွာ လက်ခံခဲ့၏။ လက်ရှိတွင် လည်ချောင်းအရွယ်အစားသာရှိသော ဤစပါးအုံးမြွေသည် အရွယ်အစား ၁၀ မီတာနီးပါး ရှိသော မြွေကြီး အဖြစ်သို့ ကြီးထွားလာပြီး သူ့အား အလွန် တွယ်ကပ်နေမည်ကို သူဘယ်လိုမှ မထင်ထားခဲ့ပေ။ ချင်ပေါ်အာ အပြင်ထွက်တိုင်း သူ့ ခန္ဓာကိုယ်ပေါ် မှာ ချည်ကြိုး အထူကြီး ချည်နှောင်ထားသလိုပါပဲ။  ရလဒ်အနေဖြင့်၊ မဝေးတော့သော အနာဂတ်တွင် ချင်ပေါ်အာ သည် အလွန်ဆန်းသစ်သော သောအမည်ပြောင် စပါးအုံးမြွေ သူရဲကောင်း ဟူသောအမည်ရလာလိမ့်မည်။

သို့သော် ထိုအချိန်တွင် ချင်ပေါ်အာ အတွက် နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီ။

"ကောင်းပြီ။ မင်းအခန်းကို အရင်ပြန်သွားပြီး မြွေပေါက်လေးအတွက် အသိုက်ဆောက်ပြီးရင် ငါတို့ ညစာ သွားစားလို့ရပြီ"

ချင်ပေါ်အာက ခေါင်းညိတ်ပြပြီး လှည့်ထွက်ကာ သူ့အခန်းဆီသွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်လိုက်ကာ နျဲ့ပုဖန်ကို လှည့်ပြောလိုက်သည်။
"စကားမစပ် ငါ မင်းကိုပြောစရာတစ်ခုရှိတယ်''

"ဘာလဲ"  နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါး မေး၏။

"ငါတို့ အခုပဲ စကားပြောနေတုန်း ခေါင်းဆောင် ဝေက တံခါးရှေ့က ဖြတ်သွားပြီး အပြင်မှာ ခဏရပ်ပြီး နားထောင် နေပုံရတယ်"

"ဟင်"  နျဲ့ပုဖန် က သံသယစိတ်ဖြင့် မေးသည် "သူ ဆိုတာ မင်း ဘယ်လိုသိလဲ"

ချင်ပေါ်အာ သည် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး တံခါး အပြင်ဘက်တွင် လူတစ်ယောက်ရှိသည်ကိုသိရန် မခက်ခဲသော်လည်း ဝေဒီ ဖြစ်တယ်ဆိုတာ သူ ဘယ်လို သေချာသိနိုင်မလဲ။

"မင်း မသိဘူးလား"  ချင်ပေါ်အာ က နျဲ့ပုဖန်ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး ...

"ခေါင်းဆောင် ဝေက မင်းရဲ့ ဘေးအခန်းမှာ နေနေတာလေ''

နျဲ့ပုဖန် စွံအ သွားကာ "သူ ဘယ်တုန်းကတည်းက ရောက်နေတာလဲ" ဟု မေးလိုက်သည်။

"မင်း ဟိုအကြောင်း ပြောကတည်းက 'အဲ့ ဝူလင်း ခေါင်းဆောင်ကို ကြည့်၊ ဆူဖြိုးတဲ့ ကြောင် မွေးရတာ ဘယ်လောက်တောင် ခြေဆွံ့နေတာလဲ' ဆိုတာ''

“...”

ထို့နောက် ချင်ပေါ်အာသည် အနည်းငယ် ရယ်မောပြီး ပျော်ရွှင်နေပုံရသော ခံစားချက်ဖြင့် ထွက်ခွာသွားခဲ့၏။

နျဲ့ပုဖန်က ''အား'' ဟု တစ်ချက်အော်ကာ နံရံကို ပြင်းထန်စွာ ထုလိုက်သည်။ သူ စိတ်ဓာတ်ကျတာက တစ်ဖက်လူ ၎င်းအကြောင်း မကောင်းပြောတာကို ကြားပြီး စိတ်ဆိုးသွားမှာကို မဟုတ်ဘဲ၊ ၎င်းကို ကျီစားရတာ ပိုခက်ခဲလာမှာကို စိုးရိမ်တာကြောင့်ပင်။

ဒေါသကိုထိန်း၊ ဒေါသကိုထိန်း ...

"သခင်  အဲ့လူက အရမ်း မိုက်မဲတာပဲ" အစေခံက အေးစက်စွာ ပြော၏။
“ဒီနှိမ့်ကျတဲ့ အစေခံမ သူ့ကို သင်ခန်းစာပေးလိုက်ရမလား”

"မလိုပါဘူး" ဝေဒီက သူ့စိတ်ခံစားချက်ကို မျက်နှာ ထုတ်ဖော် မပြတတ်သောကြောင့် ပျော်နေတာလား၊ ဒေါသ ထွက်နေသလား မည်သူမှ မသိနိုင်။

ဒါပေမယ့် အစေခံကတော့ သူ့သခင် ကိုယ်စား  ဒေါသ အရမ်းထွက်နေသည်။ ထိုလူ မည်သူမည်ဝါဖြစ်သည်ကို သိရှိပြီးနောက်၊ သူမသည် ထိုသူအား သခင့်ကို စော်ကားသည့် အတွက်ကြောင့် သင်ခန်းစာတစ်ခု သေချာပေါက် ပေးရမည်ဟု တေးမှတ်ထားသည်။ သခင်သည် သူမ၏ စိတ်နှလုံးထဲတွင် တုနှိုင်း၍ မရသော နတ်ဘုရား ဖြစ်ပြီး သူ့ကို မည်သူမှ ဤမျှလောက်ထိ နှိမ့်ချဆက်ဆံဝံ့ခြင်း မရှိခဲ့ပေ။ မင်းသား သို့မဟုတ် တော်ဝင်မျိုးနွယ် ဖြစ်လျှင်ပင် ထိုသို့ မလုပ်ဝံ့။

ဝေဒီ လည်း သူမ၏ အတွေးကို မြင်ပြီး ပေါ့ပါးစွာ သတိပေးလိုက်သည်။
"ငါ့ အမိန့် မပါဘဲ ဘာမှ မလုပ်နဲ့"

သင်ခန်းစာတစ်ခု သင်ပေးမည့် ကိစ္စကို သူကိုယ်တိုင် လုပ်သင့်သည်။ ဝေဒီ၏ တစ်ကိုယ်လုံးမှ အေးစက်သော ရောင်ဝါများ ထွက်လာပြီး သူ့နှလုံးသားထဲတွင် ညှဉ်းပန်းနှိပ်စက်မှု နည်းပရိယာယ် အမျိုးမျိုးကို တွေးတောနေပြီဖြစ်၏။ ၎င်းအမျိုးသားကို စောစောက ရွှေကြက်ကင်နှင့် ယှဉ်တွဲမြင်မိပြီး ၎င်းသည် သူ၏ စိတ်ဝင်စားမှု အပြည့်အဝ နှိုးဆွနေခဲ့သည်။

ကောင်းတယ်၊ အရမ်း ကောင်းတယ်။

နျဲ့ပုဖန်သည် ညစာ စားပွဲ၌ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး သူ့တွင် ကွဲပြားသော ခံစားချက်များ ပြည့်နှက်နေ၏။

ဝူခုံးသည် သူ့ ခေါင်းပေါ်တွင် ထိုင်နေပြီး ထပ်တူထပ်မျှ စိတ်ပျက် လက်ပျက် ပုံစံ ဖြစ်နေသည်။ ပန်းပွင့်မိန်းကလေးနှင့် ပိုးကောင်လေးတို့ကတော့ သက်သောင့်သက်သာ စားသောက်နေကြ၏။ ရွှေခဲသည်လည်း ဂုဏ်သိက္ခာ ရှိပြီး အထင်ကြီးစရာ၊ ကြက်တစ်ကောင်ကဲ့သို့ ရှိနေပြီး ၎င်း၏ အရောင်အဝါမှာ မြင်လိုက်တာနဲ့ သာမန်ကြက်တစ်ကောင်နှင့် လုံးဝ ကွဲပြားသော အဆင့်မှာ ရှိနေတာ သိသာသည်။

ချင်ပေါ်အာကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ကြိတ်သဘောကျနေသည်။
ဘယ်လို သခင်မျိုးက ဘယ်လို အိမ်မွေးတိရစ္ဆာန်မျိုးကို မွေးမြူရမယ်ဆိုတာ သိနေတာလဲ။ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းမှာလည်း အိမ်ထောင်တစ်ခုက လင်နဲ့မယားလိုပင် ကြာလေကြာလေ နှစ်ယောက်သား ပနှံသင့်၍ အကျင့်စရိုက် တူလာလေဖြစ်ပြီး၊ နျဲ့ပုဖန်၏ သူ့တိရစ္ဆာန်များမှာလည်း တစ်ပုံစံတည်း၊ တစ်ချိုးတည်း တူနေကြသည်။

''စိတ်မညစ်ပါနဲ့။ ခေါင်းဆောင် ဝေက အဲ့လောက်လည်း ရက်စက်တဲ့သူ မဟုတ်ပါဘူး၊ မင်းက သူ့ကိုတိုက်ရိုက် ထိပါးတာမှ မဟုတ်တာ၊ မင်းကို ဘာမှ မလုပ်လောက်ပါဘူး''
ချင်ပေါ်အာ နှစ်သိမ့်လိုက်သည်။

နျဲ့ပုဖန်မှာတော့ သူ့ကို ပျင်းရိစွာ စိုက်ကြည့်ကာ စိတ်ဓာတ်ကျနေဆဲ ဖြစ်သည်။

''သူ မင်းကို တစ်ခုခု လုပ်ခဲ့ရင်တောင် ငါ ကူညီပေးမှာပါ''

အို၊ မင်းရဲ့စကားတွေက နည်းနည်းတော့ မရှင်းလင်းဘူး။ အချိန်ကျလာလို့ သူ ငါ့ကို တစ်ခုခုလုပ်ကြံတဲ့အခါ မင်းက သူ့ကို ဆန့်ကျင်ပြီး ငါ့ကိုကူညီပေးမှာလား၊ ငါ့ကို လုပ်ကြံဖို့သူနဲ့ အတူတူကူညီမှာလား။
နျဲ့ပုဖန်မှာ ချင်ပေါ်အာ၏ အဓိပ္ပါယ်နှစ်ခွ စကားကြောင့် မျက်လုံးပြူးသွား၏။

ချင်ပေါ်အာ ကတော့ သူ့ကိုအထင်အမြင်သေးသလိုအကြည့်ခံနေရတာ မသိပေ။

''ကဲ၊ ဒီလိုဆို ဒီည ငါ မင်းနဲ့ လာအိပ်ပေးမယ်။ ဘယ်လိုလဲ''

နျဲ့ပုဖန်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ခဏတာ စဥ်းစားနေပြီး နောက်ဆုံးတွင် ထိုသွေးဆောင်မှုကို ငြင်းဆန်ခဲ့သည်။ နောင်တွင် ထိုအဖြစ်အား ကြက်သိုက်ရွာမှ လူများ တွေ့ရှိသွားသောအခါ အဆုံးမရှိ ကြိမ်းမောင်းခံရမည်ကို သူစိုးရိမ်နေသည်။ 
၎င်းတို့၏ မျက်လုံးများထဲတွင်၊ နျဲ့ပုဖန် ထံချဉ်းကပ်လာသော မည်သည့် အထီး သတ္တဝါ မဆို ၎င်းတို့က လိင်တူချစ်သူအဖြစ် အလိုအလျောက်သတ်မှတ်ကြလိမ့်မည် ဖြစ်သည်။

မူလက အလွန်ဖြူစင်သော ရဲဘော် ရဲဘက် ဆက်ဆံရေးမှာ သိသာ ထင်ရှားသော်လည်း သူသည် ချင်ပေါ်အာနှင့် အတူတူ တစ်ည အိပ်လိုက်မည်ဆိုပါက ကိစ္စတွေ မရှင်းမလင်း ဖြစ်သွားလိမ့်မည်။

နောက်ပြီး ယခုကဲ့သို့ ငြင်းလိုက်သည်က သူ့ကိုယ်သူ စမတ်ကျစေသည်ဟု နျဲ့ပုဖန် ထင်၏။ လာသမျှလူကို သဘောကောင်းစွာ လက်ခံခြင်းမှာ သူ့ ပုံစံမဟုတ်ပေ။

ထိုအချိန်တွင် စားပွဲထိုးက ဟင်းလျာများကို စားပွဲပေါ်လာချလေသည်။

နှစ်ယောက်သား စားခါနီးတွင် ချင်ပေါ်အာက တံခါးဆီသို့ ရုတ်တရက် ကြည့်ကာ ပြောလိုက်၏။

''ခေါင်းဆောင် ဝေ ဒီမှာ ရှိနေတယ်''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now