Chapter 57

1.7K 234 0
                                    

Chapter - 57
အစားစားရင် ငြိမ်ငြိမ်မနေနဲ့


နျဲ့ပုဖန် တူနှစ်ချောင်းကို ကိုက်ရင်း နောက်ကို လှည့်ကြည့်လိုက်၏။ သူ့ အမြင်အာရုံထဲ ဝင်သွားတာက တိုက်ပွဲဝင်တော့မယ့် သူရဲကောင်း တစ်ယောက်လို ခြေလှမ်းကျယ်ကြီးနဲ့ လျောက်လာနေတဲ့ ဝေဒီပဲဖြစ်သည်။ ၎င်း၏ ခြေလှမ်းများသည် လေထဲတွင်လမ်းလျောက်သကဲ့သို့ ကြွရွကာ၊ သူ၏ ကြီးမြတ်သော အရှိန်အဝါ အငွေ့အသက်တို့ကလည်း တစ်ခန်းလုံးကို လွှမ်းခြုံသွား၏။ သူ ဖြတ်လျောက်သွားတိုင်း လကို ပတ်နေတဲ့ ကြယ်တွေလို အာရုံစူးစိုက်မှု ဗဟိုချက် ဖြစ်လာပြီး မျက်လုံးတွေအားလုံးက သူကို အာရုံစိုက်နေကြသည်။

"မင်္ဂလာပါ အစ်ကိုကြီး ဝေ၊ ညစာ သုံးဆောင်ပြီးပါပြီလား၊ အတူတူ ထိုင်မလား"

ဝေဒီ၏ အသွင်အပြင်ကြောင့် ဖြစ်ပေါ်လာသော ခမ်းနားထည်ဝါသော ရောင်ဝါကို ဖြိုခွင်းလိုက်သူမှာ ဤတိတ်ဆိတ်သော ခန်းမထဲတွင် ရုတ်တရက် အသံတစ်ခု ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ခေါင်းဆောင်ဝေကို ဤကြင်နာသော လေသံဖြင့် နှုတ်ဆက်ဝံ့သော ထိုသူအား အားလုံးက အလိုလို လှည့်ကြည့်လိုက်ကြသည်။ ခေါင်းဆောင်ဝေ၏ ရင်းနှီးသော မိတ်ဆွေ ဖြစ်ရမည်။

သို့သော် မမျှော်လင့်ဘဲ သူတို့ တွေ့လိုက်ရတာက မကြာသေးခင်က ခေါင်းဆောင် ဝေရဲ့ကြောင်ကို ကြက်သုံးကောင်နဲ့ ကြောက်အောင် ခြောက်ခဲ့တဲ့ ထူးဆန်းတဲ့ ကောင်လေး ဖြစ်နေသည်။ သည်လူနှစ်ယောက်ကြားမှာ ယခုလို ခင်မင်ရင်းနှီးတာထက်၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးဖွဲ့တာမျိုးပဲ ဖြစ်သင့်သည်။

ဝေဂေ့လို ကြောက်စရာကောင်းတဲ့ လိပ်စာပုံစံကို အသုံးပြုပြီး သူက ဘယ်သူကို ရည်ညွှန်းတာလဲ။

နျဲ့ပုဖန်ကတော့ မည်သူ့ကိုမှ လုံးဝ စိတ်မ၀င်စားဘဲ သူ့ညာဖက်လက်အား လေထဲတွင် အားရပါးရ ဝှေ့ယမ်းနေရင်း သူ့ မျက်နှာပေါ်တွင် တောက်ပ သော အပြုံးတစ်ခုရှိနေသည်။

ဤလူသည် သေခြင်းတရားကို ချစ်မြတ်နိုးသူပဲ ဖြစ်မည်ဟု ပတ်ဝန်းကျင်ရှိ လူတိုင်းက မှတ်ချက်ပြုလိုက်ကြပြီး ချင်ပေါ်အာ သည်ပင် သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေ၏။ ဝေဒီ ၏ သိုင်းပညာစွမ်းရည်သည် လေးနက်ပြီး အစွမ်းထက်သည်။အားလုံးက သူ့ကို အဆင့်အတန်း တစ်ခုတွင်ထားကာ လေးစားကြသည်။ သို့သော် ကျန်းဟူ တွင် သူ၏ ဂုဏ်သတင်းမှာ အကောင်းနှင့်အဆိုး အမျိုးမျိုး ပျံ့နှံ့နေ၏။ သူက အေးစက်ပြီး မာနကြီး၏ ပေါင်းသင်း ဆက်ဆံတာကို မကြိုက်တဲ့အတွက် လူအနည်းငယ်သာ ချဉ်းကပ်ဝံ့ပြီး ၎င်းတို့ကလည်း စီးပွားရေး လူမှုရေးအရ ပက်သတ်ရသောသူများသာဖြစ်သည်။

ဝေဒီ ရှိနေသည့် နေရာသည် သာမန်လူများလက်လှမ်း မမီနိုင်သော မြင့်မား အေးစက်သော တောင်ထိပ်ဟု ဆိုနိုင်သည်။

ဒါပေမယ့် နျဲ့ပုဖန်က ဒါကို ကြောက်ရမှန်း မသိပေ။ သူသည် ငွေကြေး၊ အာဏာအတွက် မဟုတ်ဘဲ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်သာ သူ နှစ်သက်သည့်အရာများကို ပြုလုပ်ခဲ့သည်။ သူသည် လိုချင်လောဘကင်းသော သူ၊ အကြောက်တရားကင်းသော ဖြူစင်သူဟု ခေါ်ထိုက်ပေသည်။

ဝေဒီက ခေတ္တရပ်ပြီး သူ့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်၏။

"ရှန်းလန်ခန်းမမှာ ငါ နေရာ ယူထားတယ်၊ အတူတူစားချင်ရင် လာခဲ့"

ဤကမ်းလှမ်းချက် ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆိုင်ထဲတွင်ရှိနေ သူအားလုံး အံ့အားသင့်သွားကြသည်။ ဝေဒီက ဖိတ်ခေါ်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။

ဝေဒီ ထွက်သွားသောအခါ သူ့ရဲ့ရှည်လျားတဲ့ ဝတ်ရုံစက နောက်မှာ တလွင့်လွင့်ပါသွားပြီး၊ သူဟာ ပုတီးစေ့ လိုက်ကာ အနောက်ထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ရှန်းလန်ခန်းမသည် အထူးဧည့်သည်များကို ဖျော်ဖြေရန် အထူးစီစဉ်ထားသော ဧည့်ရိပ်သာ ၏ နောက်ဘက်ရှိ သီးခြား သီးသန့်ခန်းများထဲမှ တစ်ခုဖြစ်သည်။

ရှန်းလန်ခမ်းမသို့ ဝေဒီ ရောက်သောအခါ အစေခံက သူ့ကို တိုးတိုးလေး ကပ်မေးလိုက်သည်။
''သခင်၊ သူတို့ကို ဘာလို့ ဖိတ်လိုက်တာလဲ''

“သူ လာဖို့ သတ္တိရှိလား ဆိုတာကြည့်ရမှာပေါ့''

ဝေဒီ ပြတင်းပေါက်နားတွင် ထိုင်လိုက်၏။ သူ့အမူအရာက အေးစက်နေပေမယ့် ကြည်လင်သော မျက်လုံးတစ်စုံသည် သူ့စိတ်ထဲတွင် ပေါ်လာပြီး ထိုတစ်ယောက် သေချာပေါက် ရောက်လာမည်ဟု ခံစားရလေသည်။

သေချာပါ၏။ ခဏအကြာမှာ တံခါးခေါက်သံ ကြားရပြီး ခေါင်းတစ်ခုက အထဲကို ပြူ၍ ချောင်းကြည့်လာသည်။ ထိုမျက်လုံးများသည် ဝေဒီ၏ အကြည့်နှင့် ဆုံလိုက်သောအခါ ချက်ချင်းပင် ပြုံးပြသွားလေသည်။

"ဝေဒီ၊ ငါ ဒီမှာ"

နျဲ့ပုဖန်သည် သီးသန့်ခန်းထဲသို့ ဝင်လာ၍ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီးနောက် နောက်ကို လှည့်ကာ သူ့ အနောက်က လူကို လှည့်ပြော လိုက်သည်။

“မြန်မြန် ဝင်လာပြီး ပန်းကန်တွေကို စားပွဲပေါ် တင်လိုက်လေ''

ထိုအခါ စားပွဲထိုး တစ်ယောက်က ပန်းကန်တွေပါသော ဗန်းကို ကိုင်လာပြီး ပန်းကန်တွေကို ဂရုတစိုက်နဲ့ စားပွဲပေါ်သို့ တစ်ခုချင်း ချပေးသည်။

နျဲ့ပုဖန် က “ငါ အခုပဲ စားဖို့ပြင်ဆင်နေတာ၊ ငါ မှာထားတဲ့ အစားအစာတွေကိုလည်း အလဟဿ မဖြစ်ချင်ဘူး ဆိုတော့ ဒီတစ်ယောက်ကို ယူလာခိုင်းလိုက်တယ်''

ဝေဒီသည် စားပွဲပေါ်ရှိ ရိုးရှင်းသော ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်လုံးကို ကြည့်ပြီး ငြိမ်သွားသည်။

ထိုအချိန်တွင် ချင်ပေါ်အာက ရှေ့သို့ တိုးလာပြီး လက်သီးဆုပ်ကာ ရိုသေသမှု ပြလိုက်သည်။
“ငါက ဒီမြို့တော်မှာ နေပါတယ်၊ ချင်ပေါ်အာ လို့ခေါ်ပါတယ်၊ ဒီ ချင်မျိုးရိုးက ခေါင်းဆောင် ဝေကို  နှုတ်ခွန်းဆက်သပါတယ်''

ဝေဒီက ခေါင်းညိတ်ပြီး နျဲ့ပုဖန်ကို ကြည့်လိုက်သည်။

နျဲ့ပုဖန်လည်း တခြားသူကို အတူယူကာ  သူ၏ နောက်ခံ သမိုင်းကြောင်းကို အစီရင်ခံလိုက်သည် -
"ငါက သာမန် ရွာသားတစ်ယောက်ပါ၊ ဘယ်ဂိုဏ်းရဲ့ ဂိုဏ်း၀င်မှ မဟုတ်ပါဘူး၊ ငါ့နာမည်က ဒွမ်ယု ပါ"

ထိုအခု နှစ်ယောက်စလုံးက သူ့ကို အသေအချာ ကြည့်ကြသည်။ ရွာသားတဲ့လား၊ ဘယ်သူက ယုံမှာလဲ။

ဝေဒီက ဘာမှ ပြန်မပြောဘဲ လက်ကို ဝှေ့ယမ်းကာ ထိုင်ခုံနေရာ ယူရန် အချက်ပြလိုက်သည်။

အစေခံက စားပွဲထိုးတွေကို ပန်းကန်တွေ ပြင်ခိုင်းပြီး အခန်းထဲရှိ သုံးယောက်လုံးအတွက် လက်ဖက်ရည် ငှဲ့ပေး၏။

အခန်းက တိတ်ဆိတ်နေပြီး ဘယ်သူကမှ စကား စမပြောရဲကြ။

နျဲ့ပုဖန်သည် ဤအခိုက်အတန့်၏ အေးချမ်းမှုကို ခံစားနေပုံပေါ်ကာ၊ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။ မူလက သူကိုယ်တိုင် ဝေဒီကို အကဲစမ်းလို၍ အပြေးအလွှား လာခဲ့သော်လည်း ယခု သူသည် ဤနေရာဟာ သူနှင့် ဘာမှမဆိုင်သလို နေ,နေသည်။

ချင်ပေါ်အာ က သူ့ကို စားပွဲကနေ လှမ်းကန်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲရန် သတိပေး၏။

နျဲ့ပုဖန် ချောင်းဆိုးလိုက်သည်။ အားလုံးက သူ့ကိုအာရုံ စိုက်လာတဲ့အခါ ဘာမှမပြောပဲ လက်ဖက်ရည်ကို ဆက်သောက်နေသည်။

ချင်ပေါ်အာလည်း မနေနိုင်ပဲ နျဲ့ပုဖန်ကို ထပ်ကန်ဖို့လုပ်လိုက်သည်။ သည်တစ်ခါမှာ နျဲ့ပုဖန်ကိုမထိပဲ ဝုန်းကနဲ ဟူ၍သာ အသံထွက်သွား၏။

"ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပါ။ ငါ့ ခြေထောက်တွေ ကျဉ်နေလို့ပါ"
ချင်ပေါ်အာ အမြန် တောင်းပန်လိုက်သည်။ ဘေးကို မော့ကြည့်လိုက်တော့ နျဲ့ပုဖန်က ခုံမှာ ခြေချိတ်ထိုင်နေသည်။

ချင်ပေါ်အာ စကား မပြောနိုင်အောင် ဖြစ်သွား၏။  ခေါင်းဆောင် ဝေ ရှေ့မှာ သည်လို ပမာမခန့် ဟန်ပန်နဲ့ နေခြင်းဟာ ဘယ်လောက် ထိတ်လန့်စရာကောင်းတယ်ဆိုတာ နျဲ့ပုဖန် မသိလေ သလား။ ဒါပေမယ့် စိတ်တိုစရာက သူ့ အနေနဲ့ ဘာမှဝင်ပြောလို့လည်း မရပြန်ဘူး။

နောက်ဆုံး ဟင်းပွဲတွေ အားလုံး ရောက်လာပြီးတဲ့အခါ၌ အားလုံး တူကိုယ်စီ ကိုင်လိုက်ကြ၏။

ထိုအချိန်တွင် နျဲ့ပုဖန်သည် အဝတ်နှင့် ပတ်ချည်ထားသော ပစ္စည်းတစ်ခုခုကို သူ့ အင်္ကျီ လက်ထဲမှထုတ်လာ၏။ ထိုအရာဟာ ပန်းကန်ပြား အသေးလေး နှစ်ချပ် ဖြစ်နေသည်။ ထို့နောက် သူသည် ပန်းကန်လေးတွေကို စားပွဲပေါ် ချလိုက်ပြီး ထိုအထဲကို ထမင်းဖြူ နည်းနည်းနှင့် အသီးအရွက်က လွဲပြီး ဟင်းပွဲ အားလုံးမှ စားစရာတွေ နည်းနည်းဆီထည့်လိုက်သည်။ ထိုအချိန်၌ သူ့ လက်နှင့် တူသည် လေထဲတွင် မျောလွင့်နေသကဲ့သို့ သွက်လက်စွာရွေ့လျားနေ၏။

ခဏကြာတော့ သူက စားစရာ ပန်းကန်နှစ်လုံးကို မြေကြီးပေါ်ချလိုက်ပြီး “ပန်းပွင့် မိန်းကလေးနဲ့ပိုးကောင်လေးတို့ရေ၊ ညစာ စားချိန် ရောက်ပြီ” ဟုဆိုကာ ချကျွေးလိုက်သည်။ 

ထိုအခါ ပန်းပွင့် မိန်းကလေးနှင့် ပိုးကောင်လေးတို့မှာ ညစာအတွက် ပျော်ရွှင်စွာ ခုန်ပေါက်ကာ စားသောက်ကြသည်။
ရွှေခဲကတော့ ဘာမှ မလှုပ်ရှားပဲ ၎င်းတို့အား ပျင်းရိလေးတွဲစွာ ငေးနေ၏။
မျောက်ကလေး ဝူခုံးလည်း စားပွဲပေါ်ကို ဆင်းလာပြီး ထိုင်ချကာ သူ့ ကိုယ်လုံး အရွယ်လောက်ရှိတဲ့ပြောင်းဖူးတစ်ဖူးကို ယူ၍ ကိုက်စားနေတော့သည်။

ဝေဒီ နှင့် ချင်ပေါ်အာတို့၏ တူချောင်းနှစ်ချောင်းမှာ လေထဲ၌သာ ရှိနေဆဲ ဖြစ်ပြီး နျဲ့ပုဖန်နှင့် သူ့ အိမ်မွေး တိရစ္ဆာန်များကို တောင့်တင်းသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

ဘေးနားက အစေခံကတော့ ပိုလို့တောင် ဒေါသဖြစ်သွား၏။ ဤမျှ ရိုင်းပြသော အစားစားသည့် အမူအကျင့်ရှိသူကို သူမ မမြင်ဖူးပါ။ သခင်က ဘာမှ မစားရသေးခင်မှာတောင် သားရဲတွေကို အရင်ကျွေးတယ်။ ချွမ်ကျွင်းတောင်မှ ဒါမျိုး အဆက်ဆံ မခံရဖူးဘူး။

ထမင်းစေ့တွေ လွင့်ပျံနေအောင် စားနေတဲ့ ကြက်နှစ်ကောင်ကို ကြည့်လိုက်တဲ့ ဝေဒီနဲ့ ချင်ပေါ်အာ နှစ်ယောက်လုံး အနည်းငယ် ပျို့အံချင်သလို ခံစားရသည်။

"စားပါ။ ဘာလို့ မစားတာလဲ"  နျဲ့ပုဖန်က သူတို့ကို အထူးအဆန်းသဖွယ် ကြည့်၏ ။

ချင်ပေါ်အာ ခင်မျာမှာ ပျော်ရမယ်အထင်နဲ့ လိုက်လာမိတဲ့ မိမိကိုယ်ကိုယ် အပြစ်တင်မိသည်။
အခုတော့ စားရမလား၊ မစားရမလား၊ လုံးလုံး ဝေခွဲမရ ဖြစ်နေသည်။ ဝေဒီရဲ့ ချောမောသော မျက်နှာကို ကြည့်လိုက်တဲ့အခါမှာ အေးခဲလုနီးပါး ဖြစ်နေပြီဟု သူ ပြောနိုင်သည်။

နောက် ချင်ပေါ်အာ ပါးစပ်ကို ခက်ခက်ခဲခဲ လှုပ်လိုက်ပြီး မေးလိုက်သည်။
"ဒွမ် သခင်လေး၊ ဒီကြက်ကိုရော ကျွေးစရာ မလိုဘူးလား"

ရွှေခဲကို ရည်ညွှန်းတာ ဖြစ်သည်။

“အိုး...သူက သူဘာသာသူ အစာ ရှာစားတယ်လေ၊ သူ့က ကျွေးတဲ့ အစာကို မစားတတ်ဘူး''

ချင်ပေါ်အာ ရွှေခဲကို လှမ်းကြည့်လိုက်ပြီး စကားစပြတ်သွားပြန်သည်။ သူ ခေါင်းကို မော့ကာ ဝေဒီကို ကြည့်လိုက်တော့လည်း ဝေဒီက နျဲ့ပုဖန်ကို လေးလေးနက်နက် စိုက်ကြည့်နေ၏။ ဝေဒီ ဘာတွေ တွေးနေတယ် ဆိုတာကိုတော့ မှန်းဆ၍ မရနိုင်။

'သူ နျဲ့ပုဖန်ကို သတ်ဖို့ ကြံစည်နေတာလား၊ အို ... မဖြစ်နိုင်ပါဘူး'

ချင်ပေါ်အာမှာ စိတ်ထဲကနေ ဘုရားတမိသည်။

နျဲ့ပုဖန်လည်း ဤအချိန်တွင် တစ်ခုခု မှားနေမှန်း သဘောပေါက်သွားပုံရသည်။
ဘေးက လူနှစ်ယောက်ကို သူ တစ်လှည့်ဆီ ကြည့်ပြီးပြောလိုက်၏။

“ခင်ဗျားတို့ နှစ်ယောက်လုံး ထမင်းစားချိန်ရဲ့ ဆိတ်ဆိတ်နေခြင်းရဲ့ ကျင့်ဝတ်ကို အတင်းအကြပ်လိုက်နာနေဖို့ မလိုပါဘူး။ တကယ်ဆို ညစာ စားပွဲမှာ လွတ်လွတ်လပ်လပ် စကားပြောတာက အစာစားချင်စိတ်ကို ပိုတိုးစေတယ်”

သူ့ စကားကြောင့် ၎င်းတို့ နှစ်ဦးမှာ ပို၍ပင် စွံ့အ သွားရသည်။

နျဲ့ပုဖန်က ပြုံးပြီး ချင်ပေါ်အာ၏ ပန်းကန်ထဲသို့ ဝက်ခြေထောက် တစ်ခု ထည့်ပေးကာ ဝေဒီ ပန်းကန်ထဲကိုလည်း ငါးတချို့ ဖဲ့ပြီး ထည့်ပေးလိုက်၏။

ဝေဒီနှင့် ချင်ပေါ်အာတို့မှာတော့ ၎င်းတို့၏ ထမင်းပန်းကန်ထဲကို မှင်သေသေ ငုံ့ကြည့်ကာ ဆက်လက်တိတ်ဆိတ်နေကြသည်။

ခဏကြာတဲ့အခါ ချင်ပေါ်အာက ပြောလိုက်သည်။

''ငါ ဝက်ခြေထောက် မကြိုက်ဘူး''

တကယ်တော့ အစေခံတစ်ယောက်ယောက်ရဲ့အကူအညီ မပါပဲ ဝက်ခြေထောက်က အသားကို ဘယ်လို စားရမှန်း သူမသိလို့ပါ။

ထိုအခါနျဲ့ပုဖန်ကပြုံး၍ပြောလာသည်။

''ခင်ဗျားတို့ကို မေးစရာ ရှိတယ်၊ အက္ခရာတွေ ရေးတဲ့အခါ ငါး ဆိုတဲ့ စာလုံးကို ရေးတာ တွေ့ဖူးတယ်၊ ငါးကို ရေးရင် အက္ခရာကို ဘယ်ဘက်က ဆွဲဆွဲ၊ ညာဘက်က ဆွဲဆွဲ မှန်တယ်။ အဲ့ဒါ ဘာလို့လဲ''

ချင်ပေါ်အာ ပြန်ဖြေသည်။

''ငါး တွေက ရေထဲမှာ လွတ်လွတ်လပ်လပ် ကူးနိုင်တယ်။ သူတို့ အမြီး အတောင်တွေကို ဘယ် ညာ ခပ်ပြီး သွားလာကြတယ်၊ ဘယ်လို ခပ်ရမယ်ဆိုပြီး ကန့်သတ် မထားဘူး၊ ဒါကြောင့် ငါးရဲ့အက္ခရာစာလုံးကို ရှေးလူကြီးတွေက ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်မယ်''

“အင်း၊ မှန်တယ်။ မင်း ပြောတဲ့အတိုင်းပဲ။ ငါး ဆိုတာ ဘယ်ဘက်ကနေ ရေကူးကူး, မှန်တယ်''

သူပြောရင်း ဘယ်ဘက်ရှိ ချင်ပေါ်အာ၏ ပန်းကန်ကို ညာဘက်က ဝေဒီ၏ ပန်းကန်နှင့် လဲလှယ်လိုက်၏။

နှစ်ယောက်စလုံးက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

နျဲ့ပုဖန်က ဝေဒီအား မေးလိုက်သည်။

"အစ်ကိုကြီး ဝေ၊ ခင်ဗျားရော ဝက်ခြေထောက်စားသလား''

"သိပ် စားလေ့ စားထ မရှိဘူး''

ဝေဒီက ဝက်ခြေထောက်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

''ဒါဆို ခင်ဗျား ဝက်ခြေထောက် စားရင် ဘယ်လိုစားလဲ''

ဝေဒီက ဘာမှပြန်မပြောခင် ဘေးနားက အစေခံက ဓားမြှောင်ကို ဆွဲထုတ်ပြီး ဝင်ပြောလာသည်။

''ဒါက ဓားနဲ့ အသားထွင်ပြီး စားရတာပေါ့။ လက်နဲ့စားတယ် ထင်လို့လား''

နျဲ့ပုဖန်က လက်ကို ယမ်းလိုက်ပြီး ...

''ဓားကြီးကို ပြန်သိမ်းထားလိုက်ပါ၊ အခု အခြေအနေလေးကို မဖျက်စီးပါနဲ့၊ အခန့်မသင့်ရင်နားလည်မှု လွဲနိုင်တယ်''

"ဒါဆို ဘယ်လို စားမလဲ" အစေခံက အေးစက်စွာမေးသည်။

နျဲ့ပုဖန်က ဝက်ခြေထောက်ကို တူဖြင့် ညှပ်ကာ အထဲမှ အရိုးပါးပါးလေးကို အသာထုတ်လိုက်၏။ ထို့နောက် အရိုးထုတ်ပြီးသား အသားကို ဖဲ့ကာ ဝေဒီပန်းကန်ထဲ ထည့်ပေးလိုက်သည်။

''ဒီဝက်ခြေထောက်က နူးအိနေအောင် ပေါင်းထားတဲ့အတွက် အသားက နူးညံ့နေတယ်၊ အပေါ်မှာအဆီ ပြန်သလို ဖြစ်နေပေမယ့် အသားမှာ အဆီ မရှိဘူး၊ ကြည့်လိုက်တာနဲ့တင် ပါးစပ်ထဲမှာ အရည်ပျော်သွားတော့မလိုပဲ။ တကယ်ကို ထူးကဲတဲ့အရသာရှိလိမ့်မယ်''

နျဲ့ပုဖန်၏ လက်ချောင်းများသည် လှပသောကျောက်စိမ်းကဲ့သို့ သွယ်လျပြီး အပြစ် အနာအဆာကင်းသည်။ သူ့ရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အသံကို နားထောင်ရင်း ကျန်နှစ်ယောက်မှာ ဗိုက်ဆာသလို ခံစားလာရ၏။

ချင်ပေါ်အာ နည်းနည်းတော့ နောင်တရမိသည်။  ဝက်ခြေထောက် မကြိုက်ဘူးလို့ ဘာကြောင့် ပြောလိုက်မိသလဲ မသိ။ တခြားသူက ဝက်ခြေထောက်ကို လှလှပပနဲ့ အရသာ ရှိရှိ ကိုင်တွယ်ပုံကို ကြည့်ပြီး မစားဘဲနေခြင်းက သူ့ အစာအိမ်အတွက် ရာဇ၀တ်မှု မြောက်သလို ခံစားရသည်။

ဝေဒီသည် တူချောင်းကို ကောက်ကိုင်ပြီး အသားများကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ နျဲ့ပုဖန် ပြောသည့်အတိုင်း အသားသည် ပါးစပ်ထဲတွင် အရည်ပျော်ကာ အနံ့အရသာ အရသာ ရှိနေသည်ကို သူ သေသေချာချာ ခံစားလိုက်ရ၏။

ဤသို့ဖြင့် သူတို့ စားချင်စိတ် နိုးကြွလာကြပြီး သုံးယောက်သား ဝက်ခြေထောက်ကို အရသာ ရှိရှိ စားလိုက်ကြသည်။

နျဲ့ပုဖန်သည် သူတို့ နှစ်ဦးကို တစ်ချက်ကြည့်ကာ ကြိတ်၍ ဝမ်းသာသွားခဲ့သည်။ သူ သိပ်မတတ်ကျွမ်းပေမယ့် စာနဲ့ ပေနဲ့ ရှင်းပြလိုက်တာက ထိရောက်မှု ရှိပုံရ၏။

ထိုအချိန်တွင် နျဲ့ပုဖန်၏ အရှေ့၌ ဝိုင်ခွက်တစ်ခု ရုတ်တရက် ရောက်လာသည်။ မော့ကြည့်လိုက်တော့ ဝေဒီက သူ့ကို လှမ်းပေးနေတာ တွေ့ရ၏။

နျဲ့ပုဖန်လည်း ဝိုက်ခွက်ကို ယူကာ မြောက်ပြပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

အမြန် သောက်လိုက်သည့်အတွက်ကြောင့် နျဲ့ပုဖန် ဝိုင်တွေ သီးကုန်ကာ ချောင်းဆိုး၍ မျက်နှာကြီး နီရဲတတ်လာသည်။

ဝေဒီက သူ့ကို လက်ဖက်ရည် ခွက်ပေးကာ လေသံ အေးအေးနှင့် ပြောလိုက်၏။

"လက်ဖက်ရည် သောက်လိုက်ဦး "

ချင်ပေါ်အာ၏ မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။ တစ်ဖက်သားကို တားဖို့ ပါးစပ်ဖွင့်လိုက်ပေမယ့် နျဲ့ပုဖန်က လက်ဖက်ရည်ခွက်ထဲက အရာကို သောက်နေပြီးပြီ။

ထိုလက်ဖက်ရည်ခွက်မှာ ဝိုင်တွေနဲ့ ပြည့်နေသည်...။ ဝေဒီ လက်ဖက်ရည်ခွက်ထဲ ဝိုင်တွေ ထည့်လိုက်တာကို ချင်ပေါ်အာ မြင်လိုက်၏။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား၊ မရည်ရွယ်ဘူးလား ဆိုတာ သူမသိပေ။

ဒါပေမယ့် အရမ်း နောက်ကျသွားပြီ။ နျဲ့ပုဖန်သည် လက်ဖက်ရည်ခွက်ထဲက ဝိုင်တွေ အကုန် သောက်ပြီးနောက် မျက်နှာတစ်ခုလုံး  ဇီးသီးအမှည့်တစ်လုံးလို နီမြန်းလာကာ မျက်လုံးများ မှေးစင်း၍ သိသိသာသာ မူးဝေသွားပုံရသည်။

ဝေဒီက ဘာအမူအရာမှာ မပြောင်းလဲဘဲ ဆက်လက်စားသောက် နေခဲ့သည်။ ဒါပေမယ့် ရံဖန်ရံခါတော့ နျဲ့ပုဖန်ကို အပြုံးတစ်ဝက်နဲ့ ကြည့်နေတတ်၏။

ချင်ပေါ်အာက နျဲ့ပုဖန်အတွက် လက်ဖက်ရည် တစ်ခွက်ကို အလျင်အမြန် ငှဲ့ပေးခဲ့သော်လည်း ဤအချိန်တွင် နျဲ့ပုဖန်က မသောက်တော့ပေ။ ထို့နောက် နျဲ့ပုဖန်ဟာ ရုတ်တရက် ထကာ အခြားလူနှစ်ယောက်၏ လက်ဖက်ရည်ခွက်ထဲကိုလည်း ဝိုင် ဖြည့်ပေးလိုက်သည်။

“ဒီနေ့ ဝိုင်ရှိတဲ့နေ့၊ ဒီနေ့က မူးမယ့်နေ့။ လာ...အတူတူ ပျော်ကြမယ်''

တခြားသူတွေကို နောက်ပြောင်ဖို့ နျဲ့ပုဖန် ဝိုင်သုံးလိုက်တာလား။ ချင်ပေါ်အာ က လက်ဖက်ရည်ခွက်ထဲက ဝိုင်ကို တိတ်တဆိတ် ကြည့်နေသည်။

"ပျော်ကြမယ်ဟေ့''

နျဲ့ပုဖန်က သူ့ ဝိုင်ခွက်ကို ဝေ့ဝဲလိုက်သည်။

ချင်ပေါ်အာက ဝိုင်ကို တစ်ငုံ သောက်လိုက်ပေမယ့်
ဝေဒီကတော့ တစ်ကျိုက်တည်း သောက်လိုက်သည်။

“တော်တယ်”  နျဲ့ပုဖန်က သူ့လက်ထဲက ဝိုင်ခွက်ကို ချလိုက်ပြီး သူ့ ခါးအိတ်ကပ်ထဲက တစ်ခုခုကို ထုတ်လိုက်၏။

''ဝေဒီ၊ လာ.. ငါ မင်းကို ကြက်ဥတစ်လုံး လက်ဆောင်ပေးလိုက်မယ်"

နျဲ့ပုဖန်က ဝေဒီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးထဲ ကြက်ဥကို ထည့်ပေးလိုက်၏။

ထို့နောက် သူက ချင်ပေါ်အာကို ထပ်ကြည့်ပြီး "မင်းက တစ်ကျိုက်တည်း အကုန် မသောက်ရဲဘူး၊ ဒဏ်ငွေ ဒင်္ဂါး ၁၀ ပြား ဒဏ်ရိုက်ခံရမယ်။  လာ၊ ပိုက်ဆံပေး"

နျဲ့ပုဖန် လက်ဖဝါးဖြန့်ကာ ပိုက်ဆံတောင်း၏။

ချင်ပေါ်အာမှာ ငိုချင်သော်လည်း မျက်ရည် မကျ။  ဝေဒီ က သူ့ကို ရယ်မောကာ စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ သူ့ ကံကြမ္မာကို လက်ခံပြီး ကြေးဒင်္ဂါး ၁၀ ပြားကို ရေတွက်လိုက်ရသည်။  ကံကောင်း ထောက်မစွာပဲ ယခုတွင် ထမင်းစားဝိုင်း၏ အခြေအနေသည် များစွာ ပြောင်းလဲသွားခဲ့ပြီ။

"မင်းရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်" 
နျဲ့ပုဖန်က တောက်ပစွာ ပြုံးပြပြီးနောက် ဒင်္ဂါး ၁၀ ပြားမှ ၅ ပြားကို သေသေချာချာ ရေတွက်ကာ ဝေဒီအား ပေးလိုက်တယ်။

ဝေဒီကလည်း ဘာမှ မပြောပဲ လက်ခံခဲ့သည်။

“ကောင်းပြီ၊ လာ၊ ငါတို့ ဆက်သောက်ကြမယ်''
နျဲ့ပုဖန် က သူတို့ရဲ့ခွက်တွေကို ဝိုင်နဲ့ ထပ်ဖြည့်ပြီး ...

"ဒီလိုဆုံရတာ ကံကြမ္မာပဲ၊ ငါတို့ ကံကြမ္မာကိုကျေးဇူးတင်တဲ့အနေနဲ့ ပျော်ပျော်ကြီး နေကြမယ်''

ဤတစ်ကြိမ်တွင် ချင်ပေါ်အာလည်း ဘာကိုမှ သတိကပ်မနေတော့ပဲ ဝေဒီကဲ့သို့ အကုန် သောက်လိုက်သည်။

နျဲ့ပုဖန်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။
"မဆိုးပါဘူး၊ ကဲ၊ တစ်ယောက်ကို ဝက်ခြေထောက်ပေါင်း တစ်ပိုင်းဆီ ချီးမြှင့်ပါတော့မယ်''

ထို့နောက် သူ ဝိုင်ခွက်ကို ချ၍ တစ်ဦးစီကို ဝက်သားတစ်ပိုင်းစီ ပေးလိုက်သည်။

နျဲ့ပုဖန်သည် သူ၏ မူးဝေမှုကို အသုံးပြုကာ အခြားနှစ်ဦးအား ရင်းနီးလာစေရန် အကြောင်းပြချက်မျိုးစုံနှင့် ဆုလာဘ် ပေးချင်းများ လုပ်ခဲ့သည်။ အကြိမ်ပေါင်းများစွာ သောက်ပြီးနောက်မှာတော့ သူ ထပ် ပြီး အများကြီး မသောက်ဖြစ်ခဲ့ပေ။

နောက်ဆုံးတွင် ၎င်းတို့ နှစ်ယောက်လုံး မူးနေသည့်ပုံကို မြင်လိုက်ရတော့ သူ့ စိတ်ထဲ ကျေနပ်သွား၏။

ကောင်လေးတွေ မင်းတို့ကို ငါ ဝိုင်နဲ့ လှည့်စားလိုက်တာ ဘာတတ်နိုင်သေးလဲ။

သည်ည ငါ့ရဲ့ဧည့်ဝတ် ကျေပွန်မှုကို ပြသဖို့ နောက်ထပ် အကောင်းဆုံး ပြပွဲလေးတွေ ထပ်စီစဥ်ထားတယ်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now