Chapter 27

1.7K 146 0
                                    

Chapter-27
မိတ်ဆွေအသစ်
......................


ဇင်ဘာသာရေး စာပေကျမ်းဂန်တွေ၊ ဘာသာတရားမှာ သက်ဝင်ယုံကြည် မွေ့လျော်နေခြင်း၊ သူသည်ဗုဒ္ဓ၏ အရိပ်အာဝါသအောက်မှာ သက်ဝင်ယုံကြည်နေထိုင်သူတစ်ဦး ဖြစ်ချေသည်။ ဗုဒ္ဓ၏ အဆုံးအမဖြင့် ပေါက်ဖွားလာသောစိတ်သည် အလိုကြီးခြင်းမရှိ တင့်တိမ်ရောင့်ရဲတတ်ရမည်။ တည်ကြည်ငြိမ်းချမ်းရမည်။ သူသည် မိသားစု၏မျှော်လင့်ချက်တစ်ခု ဖြစ်သော်လည်း ဂုဏ်ပကာသနတွေကို ဂရုမစိုက်မတွယ်တာသော စိတ်ဖြင့်နေထိုင်သူဖြစ်၏။

သူသည် ဘုရင်ဧကရာဇ်၏ အကြီးဆုံးသားတော်ဖြစ်လင့်ကစား အာဏာကို မမက်မောပေ။ စစ်မက်ကိုလည်း မလိုလားပေ။ အားလုံး၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းများကိုလည်း မျက်တောင်တစ်ခတ်မျှသာ ကြည့်တတ်သူဖြစ်သည်။ ကီလေသာအာရုံ ကာမဂုဏ်တို့မှ ကင်းလွတ်ရာ  ဗုဒ္ဓ၏ အရိပ်အာဝါသအောက်၌သာ ပျော်မွေ့၍ လောကီသတ္တဝါများကို လျစ်လျူရှုထားသူ ဖြစ်လေသည်။

သူ့ဘဝတွင် ဒဏ္ဍာရီလာ ပညာရှိကြီးပွားပေါင်၏  ရတနာသိုက်မှလွဲ၍ သူ့နှလုံးသားကို လှုပ်ခါနိုင်စေသောကိစ္စ မရှိခဲ့ဖူးပေ။ ရှားပါးပြီး အဖိုးတန်သောကျောက်မြတ်ရတနာများကို သူစိတ်ဝင်စား၍ မဟုတ်၊ ပညာရှိကြီးပွားပေါင် စုဆောင်းထားသည့်  အဖိုးမဖြတ်နိုင်သော ဗုဒ္ဓ ဂန္တဝင် စာပေအမျိုးမျိုးနဲ့ ကမ္ပည်းစာတို့ကို တပ်မက်မိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤရတနာရှာဖွေရေးကိစ္စကို လက်ခံကာ သော့ကိုယူ၍ ဤတောင်ပေါ်ရွာလေးသို့ တစ်ကိုယ်တည်းထွက်လာခဲ့ခြင်း ဖြစ်သည်။

သည့်အပြင် သူသည် လူစိမ်းများနှင့် ထိတွေ့ဆက်ဆံရသည်ကို မကြိုက်။ အမြဲလိုလို တစ်ကိုယ်တည်းနေတတ်သည်။ ခရီးဝေးသွားရင်တောင်မှ ဘယ်သူမှမမြင်အောင် သီးသန့်နေတတ်သည်။ နောက်ပြီး သူ၏ 'အလင်းကိုယ်ဖျောက်သိုင်း' ပညာသည် ကမ္ဘာပေါ်တွင် အတုမရှိဖြစ်သည်။ သူကိုယ်တိုင်မတွေ့စေချင်သ၍ လူတွေသူ့ကို မြင်ရမည် မဟုတ်ပါ။

သို့ရာတွင် သူ ဤကြက်သိုက်ရွာကလေးကို စတွေ့ကတည်းက အတွေးတစ်မျိုး တွေးမိသည်။
ဤရွာသည် အပြင်ပန်းကြည့်ပါက သာမာန်တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်ပေမယ့် နေရာတိုင်းတွင်ထူးဆန်းနေ၏။ ရွာထဲတွင် သူ ကိုယ်ရောင်ဖျောက်နေပေမယ့် သူ့ကို တစ်ခုခုက ကြည့်နေသောအရိပ်အယောင်မျိုး အမြဲခံစားရလေသည်။ မကြာမီတွင် သူ့ကို ခြေရာခံနေသောသူများမှာ ရွာရှိ ကြက်များဖြစ်ကြသည်ကို သိလိုက်ရ၏။ ကြက်သိုက်ရွာရှိကြက်များသည် သွက်လက်၍ အကဲဆက်ကြသည်၊ကြက်တို့သည် သူ့အနားသို့ ခဏခဏရောက်ရောက်လာသည်ကို ကြုံရ၏။

ဝမ်ရှင်းချန်သည် ထူးထူးဆန်းဆန်း ဒီရွာအကြောင်း စူးစမ်းချင်နေသည်။ သူသည် ပတ်ဝန်းကျင်ကို လျောက်လေ့လာရင်း၊ အစာရှာထွက်ရင်း ရွာထဲသို့ ခဏခဏခိုးဝင်ခဲ့သည်။
ပထမရက်တွေမှာတော့ ဘာအမှားအယွင်းမှမရှိခဲ့ပါ။ ကျီဝေါရွာ၏ ရွာသူကြီး၏ ဟင်းချက်လက်ရာမှာ ကောင်းမွန်၍ သက်သက်လွတ်ဟင်းများကလည်း အရသာရှိလှသည်။
ဝမ်ရှင်းချန်သည် အစားအသောက်များအပေါ် နှစ်သက်မိသော်လည်း ခွင့်မတောင်းပဲ ယူ,ယူနေသည့် သူ့အပြုအမူက ထိုလူ့အပေါ် စော်ကာရာ ရောက်သွားပုံရသည်။ နောက်ရက်များတွင် အသားနှင့် အသီးအရွက်ရောထားသော ဟင်းများကိုသာ တွေ့ရသည်။ ဒါ့အပြင် ဟင်းတို့မှာ အလွန်စပ်သောအရသာ ဒါမှမဟုတ် ရွံစရာပုံစံ ဖြစ်နေတတ်သည်။ ထို့ကြောင့် ရွာတွင်နေကြသူများကပါ မစားပဲ ဆန္ဒပြလာကြသည်။

ထို့ကြောင့် ဝမ်ရှင်းချန်လည်း ထိုအစားအစာများကို အောင့်အီးသည်းခံ စားခဲ့ရသည်။ သူ သည်းမခံနိုင်ရင်တောင် ရောင့်ရဲနိုင်အောင် ကြိုးစားခဲ့သည်။
သည်းမခံနိုင်သည့်အဆုံးတွင် အခြားနေရာများသို့ အစာသွားရှာရသည်။ သူက ခိုးယူသလိုဖြစ်နေသည့်အတွက် လူတွေက သူ့ကို ဒေါသထွက်ကြသည်။
ထို့နောက် သူ့လုပ်ရပ်သည် မှားနေမှန်း နားလည်လာသည့်အတွက် အစားအသောက်တွေယူတိုင်း ငွေစလေးတွေ ထား,ထားပေးခဲ့ရသည်။

သို့ရာတွင် ဝမ်ရှင်းချန် မမျှော်လင့်ထားသောကိစ္စတစ်ခုသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခုသဖွယ် စတင်ဖြစ်ပေါ်လာခဲ့၏။

''လက်ရှိ ကမ္ဘာပေါ်မှာ အတုမဲ့ အလင်းသိုင်းပညာကို ကျွမ်းကျင်တတ်မြောက်ကြတာ ဝမ်အိမ်တော်ကပဲ''

စုချန်းယိက ယပ်တောင်တဖြတ်ဖြတ်ခတ်ရင်း ပြောသည်။

''ဝမ်အိမ်တော်က အဲ့ဒီလူကို ရတနာသိုက်ဖွင့်ဖို့ လွှတ်လိုက်လိမ့်မယ်လို့ မထင်ထားဘူး''

''ဘယ်သူလဲ အဲ့ဒီလူက''
နျဲ့ပုဖန်က မေးခွန်းထုတ်သည်။

စုချန်းယိက ရှင်းပြသည်။

''သူ့နာမည်က ရှင်းချန် တဲ့။ ဝမ်အိမ်တော်ရဲ့အကြီးဆုံးသားပေါ့၊ သူက လောကီလူ့ဘောင် လူ့လောကကို လျစ်လျူရှုထားတာလေ၊ ဝမ်အိမ်တော်ရဲ့တမူထူးခြားနေတဲ့ ဂြိုလ်သားပေါ့''

''ထူးခြားတယ် ... သူက ဘယ်လိုထူးခြားလို့လဲ''
နျဲ့ပုဖန်က ထပ်မေးသည်။
ဒီတစ်ခါတွင် ရှန်းမုလန်က ပြောသည်။

''အဲ့ဒီလူမှာက နက်နဲတဲ့ အတွင်းအားရှိတယ်။ ပြီးတော့ သူ့ရဲ့ကျင့်စဥ်တွေက နယ်ပယ်တစ်ခု အလွန်ကို ရောက်နေပြီလေ၊ သူက တစ်နေရာကနေ တစ်နေရာကို လမ်းလျောက်နေစရာမလိုပဲ သွားနိုင်တယ်၊ လူတွေက သူ့ကို လေထဲမှာ ပျံနိုင်တဲ့ ထူးခြားပြီး ခန့်ညားတဲ့ဧည့်သည် လို့ခေါ်ကြတယ်''

''မင်းတို့လည်း ထူးခြားပြီး ခန့်ညားတဲ့ဧည့်သည်တွေပါပဲ။ လျန်ရန်က လာတဲ့သူတွေအားလုံးက ထူးခြားကြပါတယ်''

ထို့နောက် နျဲ့ပုဖန်က ထပ်မေးသည်။

''သူ့ရဲ့အလင်းသိုင်းပညာရဲ့ အားနည်းချက်က ဘာလဲ''

''တကယ်တမ်းပြောရရင် သူ့ရဲ့အလင်းသိုင်းပညာမှာ အားနည်းချက်ချွင်းချက်မရှိဘူး''

နျဲ့ပုဖန် စိတ်ပျက်သွားသည်။

''ဒါ့ကြောင့်ပဲ သူ့ကိုဖမ်းဖို့ မလွယ်တာပေါ့လေ''
ကျန်းကျွင်းရှီ က ဝင်ပြောသည်။

ရှန်းမုလန် ကလည်း ခေါင်းငြိမ့်ထောက်ခံ၏။

''ဒါပေါ့၊ မလွယ်ယုံတင် ဘယ်ကမလဲ။ သိပ်ခက်တာပေါ့''

ဤတွင် နျဲ့ပုဖန်က ရုတ်တရက်ထမေး၏။

''သူ အလင်းစွမ်းအား မသုံးနိုင်တော့ဘူး ဆိုရင်ရော၊ သူ့ကိုဖမ်းနိုင်လား''

''သိပ်ရတာပေါ့။ သူသာ အလင်းစွမ်းအား မသုံးနိုင်ရင် ငါ့လက်အောက်မှာ တုပ်တုပ်တောင် မလှုပ်နိုင်စေရဘူး''

စုချန်းယိက ယုံကြည်ချက်ရှိရှိ ပြောသည်။

''ဒါပေမယ့် အခုထိ သူ့အရိပ်လေးကိုတောင် မထိနိုင်တာ သနားစရာပဲ''
လီဟိုက်က စုတ်သက်သက်ဖြင့် ဆို၏။

''မဖြစ်နိုင်စရာတော့မရှိပါဘူး။ သူ စားစရာတွေ လာယူစားနေသ၍ ငါ အစားအသောက်ထဲမှာ ဆေးခပ်လိုက်မယ် ဆိုရင်ရော''

''မင့် စားစရာတွေက ဆေးမခပ်ပဲနဲ့တောင် အဆိပ်နဲ့တူနေတာ''
လီဟိုက်က ပြောသည်။
အားလုံးကလည်း တညီတညွတ်တည်း ခေါင်းငြိမ့်ကြသည်။

ထို့နောက် ကျန်းကျွင်းရှီက ချောင်းတချက်ဟန့်ကာ ပြောပြ၏။

''ပြောရရင် ဝမ်အိမ်တော်ရဲ့ကျော်ကြားတဲ့အရာတွေက ဂုဏ်သတင်းနဲ့ စွမ်းအားကြီးမားတာတွေတင် မကသေးဘူး။ သူတို့ရဲ့ဆေးပညာနဲ့ အဆိပ်ပညာကလည်း နာမည်ကြီးပဲ၊ သူတို့က ဆေးဝါးနဲ့အဆိပ်ပညာကို မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာကြတာ၊ ကလေးသေးသေးလေးက အစတတ်တယ်။ ဒီတော့ ဆေးခပ်ဖို့ကိစ္စက လုံးဝအလုပ်ဖြစ်မှာ မဟုတ်ဘူး''

ရှန်းမူလန် လည်း ဝင်ပြော၏။

''အဲ့ဒါထက် ကျွန်တော်တို့ လူကြီးလူကောင်းတွေအနေနဲ့ ဆေးခတ်တယ်ဆိုတာ လုပ်ဖို့သင့်တော်တဲ့လုပ်ရပ် မဟုတ်ဘူးလေ။ တစ်ယောက်ယောက်ကို ဆေးခတ်တာမျိုး ကျွန်တော်တို့ မလုပ်သင့်ဘူး ထင်တယ်''

နျဲ့ပုဖန် စိတ်ထဲကနေ သရော်မိသည်။
ဒါက ရှက်စရာအကြံလား။ ဘယ်သူမှ မဖမ်းနိုင်တဲ့သူကို ဖမ်းဖို့ ယုတ်မာတဲ့အကြံကို သုံးတာကို ရှက်စရာလို့ ထင်နေတာလား ...

''မပူပါနဲ့။ သူ့ကိုဖမ်းဖို့ ငါ့မှာ အလွယ်ဆုံးနည်းလမ်း ရှိတယ်''

နျဲ့ပုဖန်က ဆိုသည်။

''ဘယ်လိုလဲ''

အားလုံးက သံပြိုင်မေးလိုက်ကြသည်။

''လိပ်ကို အိုးနဲ့ထောင်ပြီး ဖမ်းရမှာပေါ့''

''အဲ့ဒီလူက သိပ်ဉာဏ်ပြေးတာနော်။ မင်းသူကို ဘယ်နေရာမှာ ဘယ်လိုအကြံနဲ့ ဖမ်းမှာတုန်း''
စုချန်းယိသည် သံသယဖြင့်မေး၏။

နျဲ့ပုဖန်က ရယ်လိုက်၏။

''ငါ့နည်း ငါ့ဟန်နဲ့ လွတ်လွတ်လပ်လပ်လုပ်ကြည့်မယ်။ သူ့ကို ဖမ်းမိဖို့ တစ်ခုခုပေါ့''

''မင်း သူ့လှုပ်ရှားမှုတွေကို အရင်သိထားမှဖြစ်မှာလေ''

''မလောပါနဲ့ စောင့်ကြည့်လိုက်ပါ''

........

နောက်ရက်များတွင် နျဲ့ပုဖန်သည် အစားအသောက်များကို ပုံမှန်အတိုင်း ပြန်ချက်ခဲ့သည်။ တခြားသူများကတော့ နျဲ့ပုဖန် လိပ် ဘယ်လိုဖမ်းမလဲဟုသာ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

ဝမ်ရှင်းချန်မှာ သူ့ကိုဖမ်းရန် ထောင်ထားသော ထောင်ချောက်ရှိနေမှန်း မသိခဲ့ပေ။
နျဲပုဖန်သည် အစားအသောက်များကို နဂိုထက်ပိုကောင်းအောင် ကြိုးစားချက်ပြုတ်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ရှင်းချန်တစ်ယောက် ကျီဝေါရွာသို့ ပြန်ရောက်လာခဲ့၏။

သူ့ကို မျက်လုံးပေါင်းများစွာက ဝိုင်းကြည့်နေကြသည်ဟု ခံစားရသော်လည်း နဂို အတွေ့အကြုံကြောင့် သိပ်အာရုံမစိုက်ခဲ့ပေ။ ဘာဖြစ်ဖြစ် ကြက်က ကြက်ပါပဲလေဟု မှတ်ခဲ့သည်။

ထို့ကြောင့် မီးဖိုချောင်ဆီသို့ ခပ်တည်တည်သွားခဲ့သည်။ မီးဖိုထဲတွင် ဘယ်သူမှရှိမနေ၊ သို့ဖြစ်၍ စားစရာယူရန် အုပ်ဆောင်းကို ဖွင်လိုက်သောအချိန်၌ အပုပ်နံ့တစ်ခုက ထောင်းကနဲထွက်လာလေ၏။ ဝမ်ရှင်းချန်မှာ အနံ့မခံနိုင်သောကြောင့် မီးဖိုခန်းအပြင်သို့ အလျင်အမြန် ပျံသန်းလျှက် ထွက်ခဲ့သည်။

သူတံခါးမှ ထွက်လာသည့်နောက်တွင် ခေါင်းပေါ်မှ အချက်ပေးဥသြသံ ကဲ့သို့ ကျယ်လောင်ရှည်လျားသောအသံကြီးကို ကြားလိုက်ရ၏။ ထိုအသံကြောင့်  ရွာရှိကြက်များအားလုံးမှာ လန့်၍ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

ဝမ်ရှင်းချန်လည်း အပုပ်နံ့ရော အသံကြောင့်ရော ထိပ်လန့်ကာ ရွာပြင်သို့ ထွက်ပြေးရန် ရွာဝင် တံခါးပေါက်ဆီသွားခဲ့၏။

နဂိုက လေလိုမျိုး ပေါ့ပါးသော သူ့ခန္ဓာကိုယ်ဖြင့်ပျံသန်းကာ သစ်တောထဲသို့ ဝင်ပြေးမည်ဟု လုပ်ထားသော်လည်း ရွာဝင်တံခါး၌ ကြက်အုပ်သည် အထပ်ထပ်ပိတ်ထား၏။
ပို၍ ကံဆိုးသည်မှာ သူ့ ခန္ဓာကိုယ်တွင် စွဲကပ်ပါလာသောအနံ့ဆိုးများက သူ့ကို သစ္စာဖောက်လေသည်။

သည့်နောက်တွင် ပန်းကန်ခွက်ယောက် တိုက်ခိုက်မှုစတော့သည်။ မီးခိုးရောင်ရှိသော ကြက်များသည် ကောင်းကင်တွင်ပျံဝဲ၍ သူ့ကိုယ်ပေါ်သို့ ဟင်းသီဟင်းရွက်များ၊ သစ်သီးများ၊ သစ်ရွက်များ၊ မှင်အိတ်များ စသော လက်နက်တို့ဖြင့် ပစ်ချ၏။

ဝမ်ရှင်းချန်၏ အရှိန်က မြန်ပေမယ့် မိုးစက်မိုးပေါက်များသဖွယ် တရပ်စက်ကျလာသော တိုက်ခိုက်မှုများအောက်က လွတ်မြောက်ဖို့ရာတော့ ခက်လှသည်။
သူသည် ကြက်အုပ်လက်က လွတ်မြောက်အောင် ပြေးသော်လည်း ကြက်အုပ်သည် များပြားပြီးကြီးမားလွန်းသောကြောင့် ဘယ်သွားသွား ကြက်အုပ်က ပိတ်ထားသည်။
ကြောက်စရာအကောင်းဆုံးကတော့ ကောင်းကင်မှာ တိမ်အရိပ်လို ပျံပြီး သူ့ကို လိုက်တိုက်ခိုက်နေကြတဲ့ ကြက်များပင် ဖြစ်သည်။ ၎င်းတို့ပျံနေကြပုံမှာ ကြက်လား၊ ငှက်လားပင် ခွဲမရအောင် ဖြစ်သည်။

နောက်ဆုံး ပြေးစရာမရှိသည့်အဆုံး ဝမ်ရှင်းချန်မှာ ရှက်ရှက်ဖြင့် ရွာထဲသို့ ပြန်ပြေးခဲ့ရ၏။ နောက်ထပ် သူရင်ဆိုင်ရမည့်အရာကတော့ သူ့ကိုဖမ်းရန် အသင့်စောင့်နေသော စုချန်းယိ၊ လီယီနှင့် အခြားသူများဖြစ်သည်။

ဝမ်ရှင်းချန်၏အဖြစ်မှာ ဒဏ္ဍာရီလာ နဂါးတစ်ကောင်၏ အဆုံးသတ်ကဲ့သို့ ဖြစ်၏။ နောက်ဆုံးတွင် သူ၏ ကြီးကြယ်မြင့်မြတ်မှု၊ စင်ကြယ်သန့်ရှင်းမှုများ အားလုံး ပျက်စီးကာ သူသည် လုံးဝဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။

သူသည် ကြက်သေသေလျှက် ကျောက်ရုပ်သဖွယ် မလှုပ်မရှက် ရပ်နေပေမယ့် သူ့ကို ကြည့်နေကြသော မျက်လုံးများကို တွေ့ရသည်။ ယခုတွင် သူ၏ခေါင်းပေါ်၌ သစ်ရွက်များ ဟင်းသီးဟင်းရွက်များဖုံးနေပြီး မျက်နှာကလည်း မှင်တွေကြောင့် အဖြူအမည်းအကွက်များ ဖြစ်နေသည်။သူ၏ အဝတ်အစားများမှာလည်း ပေကျံစွန်းထင်းကာ  လုံးဝဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။

အရိုးသားဆုံးပြောရမည်ဆိုပါက စုချန်းယိ အပါအဝင် တခြားသူများအားလုံးသည် ဆရာကြီး ဝမ်ရှင်းချန်၏အဖြစ်ကို မြင်ပြီး သကာလ နောင်တွင် မဟုတ်တာလုပ်ရန် စိတ်မကူးရဲကြတော့ပေ။

''အာ ... အစ်ကိုတော်ဝမ်။ အဆင်ပြေမယ်ဆိုရင် အနားကို ကပ်မလာပါနဲ့''

စုချန်းယိက တက်နိုင်သဖြင့် ခပ်ခွာခွာကနေ ထိုသို့ကြိုဆို၏။

ဝမ်ရှင်းချန်က ဘာမှမပြော။ သူ့ခေါင်းပေါ်က ဟင်းရွက်တွေကို ဖယ်နေသည်။

''ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး ခင်ဗျာ''
ရှန်းမုလန်က အပြစ်အကင်းသလို ခံစားနေရ၏။

''ဒီကိုလာ'' ဝမ်ရှင်းချန်ထံမှ ညင်သာသောအသံ ထွက်ပေါ်လာသည်။
''မင်းတို့တွေ ငါ့အနားတိုးလာခဲ့ကြ''

၎င်းတို့ အားလုံးတုံ့ဆိုင်းကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

ထိုအချိန်တွင် နျဲ့ပုဖန်သည် နောက်ကွယ်မှ ကြက်ဥပြုတ်ကို ကိုက်လျှက် ပွဲကြည့်ပရိတ်သတ်လုပ်နေသည်။
တခြားသူများမှာ လုပ်စရာရှိတာမလုပ်ပဲ တုံ့ဆိုင်းနေကြသည်။ နျဲ့ပုဖန်ကတော့ ဒီလူ့ကိုဖမ်းဖို့အတွက် ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရသည်။ ဝေဟင် တိုက်ခိုက်ရေးအဖွဲ့၊ မြေပြင်မှာ အနံ့ခံတပ်ဖွဲ့၊ ဥသြသံ သတိပေးချက်နှင့် ကြက်ပင်လယ် နည်းဗျူဟာများကို အသုံးပြုခဲ့သည်။ အကယ်၍ ဝမ်ရှင်းချန် ရေထဲခုန်ချပြေးမည်ဆိုပါက ရေကြောင်းတိုက်ခိုက်ရေးမှာလည်း အရံသင့်ဖြစ်သည်။

နျဲ့ပုဖန်က သူ့ကြက်အားလုံးကို တာဝန်ကိုယ်စီ ခွဲပေးကာ ယခုအခြေအနေအထိ ဖြစ်လာအောင်ဆောင်ရွက်ပေးခဲ့သည်။
ယခု ဘယ်သူ ဝမ်ရှင်းချန်ကို ထိုးမလဲဆိုတာ ထိုင်ကြည့်ရုံသာ ရှိသည်။

သို့သော် အားလုံးမှာ ဝမ်ရှင်းချန်ကို ကြောက်နေကြဟန် တူသည်။

''အစ်ကိုတော်ဝမ်၊ ဒီကိစ္စကို စိတ်မရှိပါနဲ့ ခင်ဗျ''

စုချန်းယိက ဦးဆောင်၍ ဖြန်ဖြေ၏။

''ကျွန်တော်တို့က အစားအသောက်တွေ ခိုးစားတဲ့သူခိုးကို ဖမ်းဖို့လုပ်နေတာပါ၊ အစ်ကိုတော် ဖြစ်နေလိမ့်မယ်လို့ မရည်ရွယ်ပါဘူး၊ အစ်ကိုတော်ဝမ်လည်း သော့ပိုင်ရှင်တစ်ယောက်အနေနဲ့ ဒီရွာမှာ ကျွန်တော်တို့နဲ့အတူတူ လာနေလို့ရပါတယ်''

၎င်းတို့က သူမှန်းမသိကြဘူးဆိုသော စကားကို ဝမ်ရှင်းချန် မယုံပါ။ ထို့ကြောင့် ကြားကောင်းအောင် ပြောနေသော စကားကို နားထောင်ပြီး ပြန်ပြောလိုက်သည်။

''မင်းသား စုချန်းယိရဲ့သိုင်းပညာက တမူထူးခြားတယ်လို့ ကျုပ်အမြဲကြားခဲ့ရတယ်၊ ဒီက လီအိမ်တော်က သိုင်းပညာရှင်တွေကလည်း နာမည်ကျော်ပဲ မလား၊ အခု ကျုပ်တို့တွေ တွေ့နေကြပြီးဆိုတော့ ကြုံတုန်းဆုံတုန်း တစ်ပွဲလောက် စမ်းမကြည့်ချင်ဘူးလား''

အားလုံးက စုချန်းယီနှင့် လီယီတို့ကို ကြည့်လာကြသည်။

လီယီက နောက်သို့ဆုတ်ကာ စုချန်းယိကို အချွန်နှင့်မ,လွှတ်၏။
''မင်းသား စုချန်းယိရဲ့သိုင်းပညာကို ကျွန်တော်တို့လည်း မြင်ပါရစေ''

''ဘာ ...''
စုချန်းယိက လီယီထံသို့ ဓားသွားကဲ့သို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

''ပြီးခဲ့တဲ့ရက်တုန်းက အစ်ကိုတော်ဝမ်နဲ့ ထိပ်တိုက်သာတွေ့ရင် သူ့လက်ထဲမှာ တုပ်တုပ်မှမလှုပ်နိုင်စေရဘူးလို့ တစ်ယောက်ယောက်ပြောခဲ့တဲ့စကားကို ကျွန်တော်မှတ်မိတယ်''

စုချန်းယိ ခမျာတံတွေးနင်ကာ ချက်ချင်းမျက်နှာကြီး ညိုမဲလာ၏။

နျဲ့ပုဖန်သည် နောက်ကွယ်မှ ကြိတ်ရယ်နေသည်။
ထိုအချိန်တွင် ဝမ်ရှင်းချန်သည် ၎င်းတို့ စကားထပ်ပြောလာမည်ကို စောင့်မနေတော့ပဲ  မိုးကြိုးသွားကဲ့သို့ ၎င်းတို့ထံသို့ ချည်းကပ်လာ၏။ သူသည် စုချန်းယိတစ်ယောက်တည်းကို ပစ်မှတ်ထားခဲ့တာ မဟုတ်ပဲ လီယီ၊ လီဟိုက်တို့ကိုလည်း တိုက်ခိုက်ခဲ့သည်။

သူ၏ သိုင်းပညာ ချဥ်းကပ်မှုမှာ လီယီနှင့် စုချန်းယိတို့ကဲ့သို့ သာမာန်သာဖြစ်ပေမယ့်၊ ပြဿနာမှာ သူမတူသော အမြန်နှုန်းဖြစ်သည်။
တစ်လောကလုံး၏ သိုင်းပညာများ တွန်းလှန်၍ မရသည်မှာ အမြန်နှုန်းဖြစ်သည်။
စုချန်းယိ၊ လီမျိုးနွယ်တို့နှင့် အခြားသူများကို ဝမ်ရှင်းချန်က တရားထိုင်နေသလိုသာ အသာလေး ကိုင်တွယ်နိုင်လိုက်ပေမယ့် ထိခိုက်အောင်တော့ မလုပ်ခဲ့ပါ။ ထိုအစား ၎င်းတို့အပေါ်ကို သူ့ကိုယ်ပေါ်က အစွန်းအထင်းများ ပေကျံကုန်အောင် လုပ်လိုက်သည်။

ခဏအကြာ၌ ထိုတိုက်ပွဲထဲသို့ ရှန်းမုလန်ပါ ရောက်သွား၏။ ဝမ်ရှင်းချန်က လူတိုင်းကို သူ့ကိုယ်ပေါ်က မှင်များ ပေကုန်အောင် လိုက်လုပ်နေသည်။
၎င်းတို့၏ပုံစံမှာ တိုက်ခိုက်နေသည်နှင့် မတူပဲ ကစားနေကြသလို ဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ ကြက်များသည် ၎င်းတို့အား ဝမ်းသားအားရ ကြည့်နေကြ၏။ ထိုသို့ နည်းလမ်းပေါင်းစုံနှင့် တိုက်ခိုက်လုံးထွေးနေကြသောကြောင့် ဖုံတထောင်းထောင်းထကာ ဘေးတွင် ကြက်များ ပတ်လည်ဝိုင်းနေသောမြင်ကွင်းမှာ အံ့မခန်း ဖြစ်ပေသည်။

ဝမ်ရှင်းချန်သည် ရုပ်တည်တည် မဟုတ်တော့ပဲ၊ သူ့ကိုယ်ပေါ်က မှင်များဖြင့် တခြားသူများကို မပေ,ပေအောင် လိုက်သုတ်နေသည်ကို မြင်ရမည် ဖြစ်သည်။

နျဲ့ပုဖန် ကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ကြိတ်ရယ်နေ၏။

ကျန်းကျွင်းရှီ လည်း နျဲ့ပုဖန် နှင့်အတူတူ ခပ်လှမ်းလှမ်းကနေ ထိုသို့ အုတ်အော်သောင်းနင်း မြင်ကွင်းကို ကြည့်ကာ ...
''သူတို့ကို ရပ်သွားအောင် ဘယ်လိုလုပ်ကြမလဲ" ဟု မေးလိုက်သည်။

''ပင်ပန်းရင် ရပ်သွားလိမ့်မယ်''

နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါးသာ ပြန်ပြောသည်။

''သိုင်းပညာရှင်တွေနဲ့ ရင်းနှီးရတာ ပျော်ဖို့ကောင်းသားပဲ''

ကျန်းကျွင်းရှီ ကတော့ ဒါကို ပျော်စရာဟု မမြင်မိပါ။

ရုတ်တရက် နျဲ့ပုဖန်က ထလိုက်၍ အဝတ်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖုန်ခါလိုက်သည်။
''ညီအစ်ကိုကျန်း သွားရအောင်''

''ဘယ်ကိုသွားမလို့လဲ''

''ဟင်းချက်ရမယ်လေ၊ ပြီးရင် သူတို့ အားပြန်ဖြည့်ဖို့ အစားစားရမယ်''

နျဲ့ပုဖန်က လမ်းလျောက်ရင်း ဆက်ပြောသည်။

''ဒီနေ့ ငါ ဟင်းကောင်းကောင်းချက်ရမယ်။ သူတို့တွေ အမောပြေအောင် အစားကောင်း အသောက်ကောင်းတွေ ချက်ကျွေးရတော့မှာပဲ''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now