Chapter 76

1.1K 128 1
                                    

Chapter - 76
မကောင်းတဲ့ ရွာလူကြီး


ဤသို့ဖြင့် သူတို့ ယွမ်လဲ့အင်း ကို ရောက်တဲ့အခါ ထိုက်ပိုင်က မေးတော့သည်။

“ဘာဖြစ်နေတာလဲ။ ရှင်းရှင်းလင်းလင်း ပြော”

"ဘာပြောရမလဲ" နျဲ့ပုဖန်က သူ့ကို မျက်စောင်းထိုးပေးလိုက်၏။
“ဆေးဆရာက ဘာပဲပြောပြော မင်း ယုံတယ်ဆိုတာ ငါ တကယ် သေသွားသလိုပဲ"

“ဆေးဆရာကို မယုံရင် ဘယ်သူ့ ယုံရမလဲ၊ ငါတို့  တခြား သမားတော်ကြီးတွေနဲ့ သွားပြ ကြည့်ရင်ရော၊ ဘယ်လိုလဲ"

နျဲ့ပုဖန် က သူ့ လက်ကို ဝှေ့ယမ်းပြီး ...
“မေ့လိုက်၊ ငါတို့မှာ ပိုက်ဆံ မလောက်ဘူး။ ပိုက်ဆံကို အလကား မဖြုန်းတီးဘဲ စုဆောင်းထားသင့်တယ်”

"သမားတော်ပြဖို့က ဖြုန်းတီးတာမှ မဟုတ်ပဲ''
ထိုက်ပိုင်သည် ဤလူ၏ ဦးခေါင်းခွံကို ဖွင့်ပြီး အတွင်းပိုင်း အရာအားလုံး ပုံမှန် ဟုတ်၊ မဟုတ်ကို ဖြတ်တောက် ကြည့်ချင်သည်။ "မင်းမှာ အသက်ရှင်ဖို့ တစ်နှစ်ပဲ၊ တစ်နှစ်ပဲ အချိန်ရှိတယ်လို့ သူက ပြောတယ်။ မင်း ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နေနိုင်တာလဲ"

"တစ်ရက်၊ နှစ်ရက်ပဲ နေရမယ်လို့ သူ ပြောလည်း ငါ မင်းကို သက်သေ ပြဖို့ နောက်ထပ် နှစ်နှစ်လောက် သက်ရှင်အောင် နေရတော့မယ်” နျဲ့ပုဖန်သည် သူအလိုရှိသရွေ့ အသက်ရှင်နေနိုင်သကဲ့သို့ သေးသိမ် သော သတ္တဝါ အားလုံးကို အပေါ်စီးမှ မြင်နေရသကဲ့သို့ အကြည့်တစ်ချက်ဖြင့် ကြည့်ကာ ကုလားထိုင်ပေါ်တွင် လှဲနေလိုက်သည်။

သည်စကားက နှစ်သိမ့်ပေးတဲ့ သဘောလား။
သူ့ စကားရဲ့အဓိပ္ပါယ်က တကယ် ဘယ်လိုများလဲ။
ထိုက်ပိုင်ဟာ ကောင်းကင်ကို တိတ်တဆိတ် မေးကြည့်မိသည်။

"ကောင်းပြီ၊ ငါ့ကို ယုံပါ၊ ငါ ချက်ချင်း မသေသေးဘူး" နျဲ့ပုဖန် က လေးနက်တဲ့ မျက်နှာနဲ့ "ငါ သေရင် မင်းကို ငါ သေချာပေါက် အကြောင်းကြားမယ်"

သေနေတဲ့အချိန်မှာ မင်း ငါ့ကို ဘယ်လိုအကြောင်းကြားနိုင်မှာလဲ။ အိပ်မက်ကနေ တစ်ဆင့်လား။
ထိုက်ပိုင်သည် သူ့ နှလုံးသားထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူနှင့် နျဲ့ပုဖန် သည် အချိန် အတော်ကြာသည့် တိုင်အောင် တစ်ယောက်ကို တစ်ယောက် အမှန်တကယ် မသိကြသေးပေ။ အမှန်အတိုင်း မပြောတတ်သည့် သူ၏ ဆိုးရွားသော အလေ့အထနှင့် လေးလေးနက်နက်လုံးဝ မရှိသည့် နျဲ့ပုဖန်၏ ပုံစံကြောင့်လည်းဖြစ်သည်။

စကားလုံး အနည်းငယ်ဖြင့် မသိမသာ လှည့်စားခံရပြီးနောက် ဤကမ္ဘာကြီးအတွက် နျဲ့ပုဖန်ကကြာရှည်မနေနိုင်တော့ဘူးဆိုသည့် သံသယများဖြင့် ထိုက်ပိုင် တုန်လှုပ်စ ပြုလာသည်။

အကယ်၍ ဝမ်ရှင်းချန် နှင့် အခြားသူများသာ ဤအချိန်တွင် ရှိနေခဲ့ပါက သူ့ကို အဆုံးထိ မေးခွန်း ထုတ်လိမ့်မည်။ သူတို့သည်လည်း နျဲ့ပုဖန်ကိုယ်တိုင်ကို မဟုတ်ပဲ သမားတော်၏ စကားကို သေချာပေါက် ယုံကြလိမ့်မည်။

ဤသို့ဖြင့် ၎င်းတို့ နှစ်ဦးသည် ရိုးရှင်းသောအဝတ်အစား အချို့ကို ဝယ်ကာ အနည်းငယ် အသွင် ဖျက်၍ အစောင့်များ မတွေ့မိစေရန် အပြင်ထွက်သည့်အခါ ကောက်ရိုးဦးထုပ်ကိုလည်း ဆောင်းထားကြသည်။ ဝေဒီသည် မြို့တော်၏ အပြင်ဘက်တွင် ရှာဖွေရန် အာရုံစိုက်နေဆဲဖြစ်သည်။ ဝမ်ရှင်းချန် နှင့် အခြားသူများသည် ဝေဒီ၏ စောင့်ကြည့်မှု အောက်တွင် ရှိနေကြပြီး ရလဒ်အနေဖြင့် မြို့တွင်းရှိ အခြေအနေများကို ဝေဒီက လျစ်လျူရှုထား၏။

နျဲ့ပုဖန် နှင့် ထိုက်ပိုင် တို့ ယခု လုပ်ရမည့် အရာမှာ လူတိုင်းနှင့် တွေ့ဆုံရန် ယွမ်လဲ့အင်း တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

တစ်ဖက်တွင်၊ ဝမ်ရှင်းချန်နှင့် အခြားသူများသည် လက်နက်ကြီး ပေးပို့သော စာတွင် ထိတ်လန့်ဖွယ်ရာ သွေးနီဖြင့် ရေးထားသော စကားလုံး နှစ်လုံးကို တွေ့လိုက်သောအခါ စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။

“ပြောပါဦး။ ဒီသွေးစွန်းတဲ့ စကားလုံးနှစ်လုံးကို ဘယ်သူ ရေးခဲ့မယ်ထင်လဲ” ကျန်းကျွင်းရှီ က မဝံ့မရဲ မေးသည်။

“သေချာတာတော့ သူ မဟုတ်ဘူး” လီရီက မဆိုင်းမတွ ပြန်ဖြေသည်။

“အင်း”  ဝမ်ရှင်းချန် က ခေါင်းညိတ်ပြီး "ဒီစကားလုံး နှစ်လုံးကို ဝမ်းနည်းမှု၊ ဒေါသ၊ အကူအညီမဲ့မှု၊ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့စိတ်နဲ့ ပြင်းပြင်းထန်ထန် ရေးထားတာ၊ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ နတ်ဆိုးလို လက်ရေးဟန်ရဲ့ဆိုးရွားတဲ့ ပုံစံ မဟုတ်ဘူး”

ကျန်း နှင့် လီ နှစ်ယောက်စလုံးသည် တစ်ချိန်တည်းတွင် ဝမ်ရှင်းချန်ကို ကြည့်လိုက်ကြသည်။
ဝမ်ရှင်းချန်၏ မျက်လုံးများက အသေကောင်များကို စိတ်ဖက်နိုင်သည်အထိပင် လေ့ကျင့်ထားကြောင်း လေးလေးနက်နက် ခံစားခဲ့ရသည်။  ရိုးရှင်းသော စကားလုံး နှစ်လုံးဖြင့် ရှုပ်ထွေးသောခံစားချက်များစွာကို သူ တကယ် မြင်နိုင်သည်။  အမှန်အတိုင်း ပြောရရင် စာလုံးကို ကြည့်ရုံနဲ့ နျဲ့တစ်ယောက် မဟုတ်မှန်း သူတို့ သိ၏။ ဒါကို ခွဲခြမ်းစိတ်ဖြာဖို့ တကယ် လိုလို့လား။

"လောလောဆယ် ငါတို့ မြို့ထဲကို ဝင်လို့ မရဘူး၊ မဟုတ်ရင် ပုဖန်း ပုန်းအောင်းနေတာကို မိသွားလိမ့်မယ်။ ဒါပေမယ့် ဒီမှာနေနေရတာကလည်း ဖြေရှင်းချက် တစ်ခု မဟုတ်သေးဘူး''

ကျန်းကျွင်းရှီက ပြော၏။

လီရီ လည်းက အေးစက်စွာဖြင့် ...

“မြို့တော်မှာ ဝေဒီတစ်ယောက်ပဲ စွမ်းအားရှိတယ်ဆိုတာ မဟုတ်သေးဘူး၊ ငါတို့ မျိုးနွယ်က ဆွေကြီး မျိုးကြီး မိသားစု ပေါင်းများစွာရဲ့ ဘိုးဘေး အိမ်တွေက ဒီမှာ ရှိတယ်။ ပြီးတော့ မိသားစုထဲက တစ်ယောက်ယောက်က သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးနိုင်ပါတယ်''

"ပြဿနာက" ကျန်းကျွင်းရှီ က သူ့ နဖူးကို ပုတ်ပြီး "အရာရာတွေကို စီစဉ်ဖို့ အချိန်လိုတယ်"

သည်တစ်ခါတော့ သူတို့ ကပျာကယာနဲ့ ရောက်လာရတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ် လုပ်ဖို့ အချိန် မရှိခဲ့ဘူး။

"မင်း မိသားစုတွေရဲ့ စွမ်းအားကို တိုက်ရိုက် မသုံးတာ အကောင်းဆုံးပဲ" ဝမ်ရှင်းချန်က ဝင်ပြောသည်။

“မြို့တော်ရဲ့ အာဏာ တည်ဆောက်ပုံတွေက ရှုပ်ထွေးတယ်။ နည်းနည်းလေး သတိမထားမိတာက ပုဖန် ကို ပြဿနာ အားလုံးထဲ ဆွဲသွင်းမိသလိုဖြစ်သွားလိမ့်မယ်''

"အဲ့ဒါ အမှန်ပဲ" လီရီ ခေါင်းညိတ် သဘောတူလိုက်သည်။

"မင်းတို့ အားလုံးက မြင့်မြတ်တဲ့ မင်းမျိုးမင်းနွယ်တွေက လာကြတာ၊ ဒါပေမယ့် ငါကမင်းမျိုးမင်းနွယ် မဟုတ်ဘူး''  ကျန်းကျွင်းရှီ က ပြုံးပြီး ...
“ငါ့ မိသားစုရဲ့ ကုန်သည်၊ လှည်းတန်းက တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်။ သူ့ကို ကုန်လှည်းတန်းနဲ့အတူထည့်ပေးနိုင်ရင် တခြား မြို့တွေကို အရင် ပတ်ပို့ပြီး ရွာကို ပြန်လှည့်လို့ရမယ်”

လီရီ က ခဏလောက် စဉ်းစားနေသည်။
"ငါတို့ မိသားစုတွေရဲ့ စွမ်းအားကို သိပ်အသုံးမချသင့်ပေမယ့် အစ်ကို ကျန်း ရဲ့ ကုန်သည် လှည်းတန်းအတွက် အကာအကွယ် အဖြစ်တော့ လုပ်ပေးလို့ရမယ်''

“ဒါဆို ငါတို့ လှုပ်ရှားရမယ်။ မြို့ကို အတူတူ ပြန်ကြရအောင်။ လောလောဆယ် ပုဖန် နဲ့ မတွေ့သေးပဲ၊ အိမ်ပြန်ပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ကြမယ်''

သုံးယောက် ဆွေးနွေးပြီးရင် နှောင့်နှေးမနေတော့ဘဲ တစ်ယောက် ကိစ္စ ကို တစ်ယောက် အကောင်အထည် ဖော်ဖို့ လုပ်ကြပါတော့သည်။

ယွမ်လဲ့အင်း တွင် နှစ်ရက် ကြာပြီးနောက် နျဲ့ပုဖန်သည် နေမထိထိုင်မသာ ဖြစ်လာပြန်၏။

မင်ပြည်နယ် မြို့တော်အဖြစ် ရန်ရှန်း သည် ရှီရှန်း မြို့ကဲ့သို့ တောင်ပေါ်မြို့ငယ်လေးနှင့် နှိုင်းယှဉ်လျှင် သဘာဝအားဖြင့် သာယာဝပြောမှု အဆင့်တွင် ရှိနေသည်။ နိုင်ငံ အနှံ့အပြားမှ အဆာပြေ မျိုးစုံကို စုစည်းလိုက်ရုံဖြင့် သည်နေရာမှာပဲ အရိုးမြေကျနေ သွားချင်လောက်အောင်ပင်။  နျဲ့ပုဖန် က သူ စားချင်တာကို မြင် မြင်သမျှ မဆိုင်းမတွဘဲ ဝယ်လိုက်၊ စားလိုက် လုပ်နေလေရာ နှစ်ရက်လောက်ကြာတော့ သူ့မှာ ပိုက်ဆံ သိပ်မကျန်တော့ချေ။

အမှန်မှာ၊ လက်နက်ကြီး နှင့်အတူ သူသည် ကျန်းကျွင်းရှီ၊ လီရီ၊ ဝမ်ရှင်းချန်နို့ ထံမှ ငွေအလုံအလောက် တောင်းနိုင်သည်။ သို့သော် သူ့ကိုယ်သူ စာရိတ္တ ကောင်းသူဟု ယူဆကာ ရွာသူကြီး  နျဲ့သည် နောက်ဆုံးအထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက ထိုက်ပိုင်ကို မေး၏။

"မင်းမှာ ထူးခြားချက် တစ်ခုခု ရှိလား"

"ရေငုပ်တာလေ''

"ရေငုပ်တာက လွဲရင်ရော ..."

"ငါး ဖမ်း၊ ပုလဲ ကောက်"

နျဲ့ပုဖန် က သူ့အား မထီမဲ့မြင်ပြုစွာ စိုက်ကြည့်ကာ "ငါဆိုလိုတာက မင်းမှာ ငွေရှာဖို့ ကူညီပေးနိုင်မယ့် ထူးချွန်တဲ့ အချက် တစ်ခုခု ရှိလားလို့"

"ငွေ ရှာမှာလား" ထိုက်ပိုင် စိတ်ရှုပ်သွားသည်။
"ငါတို့ ပိုက်ဆံ ရှာရမှာလား"

"မရှာပဲ နေလို့မှ မရတာ၊ ဒီရက်ပိုင်း ငါတို့ စားတာသောက်တာ၊ အဝတ် ဝယ်တာတွေနဲ့ ပိုက်ဆံက ကုန်သလောက် နီးပါး ဖြစ်နေပြီ"

နျဲ့ပုဖန်က ရဲဝံ့စွာ ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်၏။

မင်း အများဆုံး သုံးခဲ့တာလေ။
ထိုက်ပိုင် စိတ်ဓာတ်ကျသွား၏။

"ဒါဆို မင်း ဘာလို့ အဲ့အစ်ကို ဝမ် ကို အကူအညီ မတောင်းတာလဲ"

''ငါက သူများဆီက ပိုက်ဆံကို မျက်နှာပြောင်တိုက်ပြီး တောင်းမယ့် ကောင်လို့ မင်း ထင်နေတာလား''

ထိုက်ပိုင်က နှုတ်ဆိတ်နေ၏။

နျဲ့ပုဖန်က ခဏလောက် စဉ်းစားပြီး စားပွဲကို ရုတ်တရက် ရိုက်လိုက်၏။
“ငါ နည်းလမ်း ရှိတယ်”

ထိုက်ပိုင် လန့်သွားပြီး “ဘယ်လိုနည်းနဲ့လဲ” လို့ ထိတ်လန့်စွာ မေးလိုက်သည်။

"ဟီးဟီး" နျဲ့ပုဖန် က သူ့ မေးစေ့ သူ ကိုင်လိုက်ပြီး ခပ်ညစ်ညစ် အပြုံးမျိုး ပြုံးလိုက်၏။

နောက်တစ်နေ့တွင် ရိုးရှင်းစွာ ၀တ်ဆင်ထားပြီး ဝါးတောင်းများ ကိုင်ဆောင်ထားသော လူနှစ်ဦးသည် ဈေးတွင် ပေါ်လာသည်။ သူတို့သည်  မြို့အရှေ့ဘက်ခြမ်းရှိ မွေးမြူရေး ဈေးသို့ တန်းတန်းမတ်မတ် သွားကြ၏။

"ဒီညီအစ်ကို နှစ်ယောက် ဘာလိုသေးလဲ"  ခပ်ညိုညို လူတစ်ယောက်က လမ်းလျှောက်လာပြီး “ဒီက ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေက ရန်ရှန်းမှာ အသန်မာဆုံးပဲ” ဟု နှုတ်ဆက်ကာ ပြောသည်။

"ငါတို့ ဒီမှာ ဝယ်ဖို့ မဟုတ်ဘူး၊ ရောင်းဖို့"  နျဲ့ပုဖန် က ဝါးခြင်းတောင်းကို ချလိုက်ပြီး ရှေ့ကို ပေးကာ "သူဌေးမင်း၊ ဒီ ကြက်ကို ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

အသား ညိုညိုလူမှာ စိတ်အားထက်သန်မှု လျော့ပါးသွားပြီး သိပ် ဂရုမစိုက်ဘဲ ခြင်းတောင်းထဲကို ကြည့်လိုက်သည်။ ဝါးခြင်းတောင်းထဲက ကြက်တွေဟာ တကယ့်ကို အရည်အသွေး ကောင်းပြီး စွမ်းအင်ပြည့်နေတာကို သူ တွေ့ရှိခဲ့၏။

သူသည် ကြက် တစ်ကောင်ကို လက်ဖြင့် ကောက်ကိုင်လိုက်သော်လည်း ပြင်းထန်စွာ အဆိတ်ခံရသဖြင့် နာနာကျင်ကျင်ဖြင့် ချက်ချင်း လွှတ်လိုက်ရသည်။

နျဲ့ပုဖန်သည် ဝါးခြင်းတောင်းကို သိမ်မွေ့စွာ ပွတ်သပ်ကာ သူတို့ကို ကောင်းကောင်းနေရန် သတိပေးလိုက်သည်။

အသား ညိုညိုလူသည် ဒေါသ မထွက်ဘဲ ကြက်များကို ထပ်မံစစ်ဆေးသည်။ 
ပြီးမှ ကျေနပ်စွာ ခေါင်းညိတ်ပြီး “မင်းမှာ ဘယ်နှစ်ကောင်လောက် ရှိလဲ” လို့ မေးလိုက်၏။

“ဒီနေ့ ၈ ကောင် ယူလာတယ်၊ သူဌေးက လက်ခံရင် ငါတို့ အများကြီး ရှိသေးတယ်”

အသား ညိုညို လူက သူတို့နှ စ်ယောက်ကို အကြိမ်အနည်းငယ် အကဲခတ်ပြီး “မင်းတို့ နှစ်ယောက်က တခြားဒေသက လာတဲ့ မျက်နှာသစ်တွေလား” လို့  ထူးဆန်းစွာ မေး၏။

“ဟုတ်တယ်၊ ငါတို့က မြို့အရှေ့ဘက်က ရွာတစ်ရွာကို ပြောင်းလာတာ သိပ်မကြာသေးဘူး။ ဒီနေ့ အချိန်ရှိတော့ စီးပွားရေး လုပ်ဖို့ မြို့ထဲကို လာလည်ခဲ့တာ" နျဲ့ပုဖန် က စိတ်ရင်းမှန်ဖြင့် ပြုံးကာ “ပထမဆုံး အရောင်းအဝယ်အတွက် အနိမ့်ဆုံး စျေးနှုန်းကို ငါ ပေးမယ်။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ပိုရလာမယ်လို့ မျှော်လင့်ပါတယ်”

"မင်း စကားပြောတာ တော်တော် ကောင်းတယ်၊ ကြက်တွေကို ချလိုက်၊ ငါ လိုချင်တယ်" ထိုလူက သူ့လက်ကို ဝှေ့ယမ်းပြီး ဆုံးဖြတ်လိုက်၏။

နျဲ့ပုဖန် က သူ့ကို အနိမ့်ဆုံးဈေးနဲ့ ရောင်း ခဲ့ပြီး နောင်မှ ထပ်ယူရင် စျေးကောင်းကောင်း ပေးရလိမ့်မယ်လို့ ပြောခဲ့ပါသည်။

ညှိနှိုင်းပြီးနောက် နှစ်ဖက်စလုံး ကျေနပ်ခဲ့ကြ၏။

မသွားခင်မှာ တင်းတောင်းထဲက ကြက် ရှစ်ကောင်ကို နျဲ့ပုဖန်က “ညီအစ်ကိုတို့၊ မင်းတို့က ငါ့အတွက်တကယ်ကို အဖိုးတန်ပါတယ်။ စိတ်ပျက်အားငယ်မနေပါနဲ့၊ ဒါပေမယ့် အနာဂတ်က လှပတယ်လို့ ယုံကြည်ပါတယ်''

ကြက် ရှစ်ကောင်သည် တခစ်ခစ်နှင့် အော်နေပြီး မျက်လုံး တစ်စုံစီသည် တစ်စုံတစ်ဦး၏ ကောက်ကျစ်သော အတွင်းစိတ်အား ရှုတ်ချကြောင်း ရှင်းရှင်းလင်းလင်း ပေါ်လွင်စေသည်။

နှစ်ယောက်သား ကြက်ရောင်းရာမှ ရရှိသော ငွေဖြင့် ဈေးမှ အေးအေးဆေးဆေး ထွက်လာကြ၏။

ထိုက်ပိုင် က "ဒီလို ရောင်းရတာ အဆင်ပြေလား"

နျဲ့ပုဖန် တွင် ကြက်များစွာရှိသည်ကို ထိုက်ပိုင် မသိသေး။
အရင်တစ်ခေါက်က သူ့ကို လမ်းပြ ကူညီပေးခဲ့သော အနက်ရောင် ကြက်အပေါ် သူ သံယောဇဥ်ရှိသည်။
သည်လို ထက်မြက်တဲ့ ကြက်တစ်ကောင်ကို အစာအဖြစ် သတ်လိုက်တာက နှမျောစရာ အလွန်ကောင်း၏။

"စိတ်မပူပါနဲ့။ ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ်"  နျဲ့ပုဖန် က ယုံကြည်မှုရှိတဲ့ အကြည့်နဲ့ တည်ငြိမ်နေ၏။

ထို့နောက် နျဲ့ပုဖန်သည် နေရာ အမျိုးမျိုးတွင် ပုန်းအောင်းနေသော ကြက်ညီနောင် တစ်စုကို စုဆောင်းကာ ၎င်း၏ ကြက်သား ရောင်းချမှုအစီအစဉ်ကို ဆက်လက် လုပ်ဆောင်ရန် အနောက်ဘက်ဈေးသို့ ဦးတည်သွားခဲ့သည်။ မြို့တွင်းရှိ စျေးများ အားလုံး ပျက်စီးသွားကာမှ သူ ကျေနပ်စွာဖြင့် ကြက်ရောင်းချမှုကို ရပ်တန့်လိုက်၏။။

နျဲ့ပုဖန်၊ သည်ကောင်က မရေမတွက်နိုင်တဲ့ ကြက်တွေကို ဖန်တီးနိုင်စွမ်း ရှိနေတာလား။ သူ့ လက် တစ်ချက်လှုပ်ရုံနဲ့ ကြက် အုပ်စုကြီးက အရပ်ရပ်မှထွက်လာပြီး ၎င်းတို့၏ သေမင်းဆီသို့ ပြေးသွားလေသည်။ သူ့ နောက်ကို လိုက်နေသော ထိုက်ပိုင်မှာ တုန်လှုပ် ချောက်ချားကာ အလွန်အမင်း မယုံကြည်နိုင် ဖြစ်နေပြီး ကမ္ဘာကြီးသည် အံ့မခန်းလွန်းသည်ဟု ခံစားလိုက်ရ၏။

တည်းခိုခန်းကို ပြန်ရောက်တော့ မရိုးသားတဲ့ ရွာသူကြီး တစ်ယောက်က ငွေကို နှမြောတသတဲ့အမူအရာနဲ့ စတင် ရေတွက်ပြီး သူ့ရဲ့ဉာဏ်ကြီးရှင်ကို ဦးနှောက်ကို ခေါင်းစ ခြေဆုံး  ချီးမွမ်းဖို့လည်း မမေ့ခဲ့ပေ။

ထိုက်ပိုင်သည် တစ်ယောက်တည်း ဘဝပျက်ပါပြီဟု တွေးကာ တိတ်တဆိတ်နေနေလေသည်။

ညဘက်၌။ ငှက် အရှင်များ ထားရှိရာ အရှေ့ဘက်ဈေးရှိ တဲတစ်ခုတွင် ကြက်တစ်ကောင်က လှောင်အိမ်အား ခြေသည်းများဖြင့် လိမ္မာပါးနပ်စွာ ချိတ်ဖွင့်ပြီးနောက် ၎င်း၏ အပေါင်းအဖော်များနှင့်အတူ လှောင်အိမ်ထဲမှ ထွက်လာခဲ့သည်။

ဤလုပ်ဆောင်ချက်သည် လှောင်အိမ် အတွင်းရှိ အခြား ကြက်များကို ထိတ်လန့်စေခဲ့ပြီး အားလုံးအော်ဟစ် ဆူညံကာ ကျန်ခဲ့ကြသည်။

အခြား ကြက်တစ်ကောင်သည် လှောင်အိမ်ထဲကလွတ်သည်နှင့် ချက်ချင်းပင် ကျီးကန်းကဲ့သို့ အမြင့်ကြီး ထပျံလေရာ ခြံကြီးသည် ငြိမ်သက်သွားကာ အချို့မှာပင် တုန်လှုပ် ခြောက်ခြားသွားကြသည်။

ထွက်လာသော ကြက်များသည် ၎င်းတို့၏ အမွေးများကို လှုပ်ယမ်းကာ ၎င်းတို့၏ ကြွက်သားများနှင့် အရိုးများကို ဆန့်၍ ဖြေလျော့ကြသည်။ ထို့နောက် ၎င်းတို့သည် လှောင်အိမ်များ အားလုံးကို တစ်ခုပြီး တစ်ခု ဖွင့်ကာ အတွင်းမှ ကြက်အားလုံးကို လွှတ်ပေးရန် လူစုခွဲပြီး နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ် ပြောဆိုခဲ့ကြ၏။ သူတို့ဟာ သူရဲကောင်းတွေလိုပါပဲ၊ ယုံကြည်မှုအပြည့်နဲ့ အထိန်းအကွပ်မဲ့စွာ ကြက်ခြံထဲမှ ထွက်ခွာသွားကြလေသည်။ ကံမကောင်းစွာပဲ၊ သာမန် ကြက်၊ ငှက်တွေမှာ အစွမ်းအစတွေ လုံးဝ မရှိတာကို သူတို့ မသိခဲ့ကြပေ။ လှောင်အိမ်ကို ဖွင့်ပေးခဲ့တာတောင် လှောင်အိမ်ထဲက ထွက်မလာနိုင်ကြ။ တစ်လျောက်လုံး အလုံပိတ် တဲအတွင်း၌သာ နေနေကြရ၍ အပြင်ကို မထွက်ရဲကြခြင်း ဖြစ်သည်။

အခြားဈေးများစွာတွင်လည်း အလားတူ ဖြစ်ရပ်များဖြစ်ခဲ့၏။ နျဲ့ပုဖန် ရောင်းခဲ့သော ကြက်များအားလုံး ဆိုက်ဆိုက်မြိုက်မြိုက် လွတ်မြောက်သွားသည်။

ထို့နောက် သူတို့ အားလုံးသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် တည်းခိုခန်းသို့ ပြန်သွားကာ လှိုင်းလုံးကြီးကဲ့သို့ အင်းထဲသို့ ခုန်ဆင်း၍ ပြတင်းပေါက်မှ တစ်ဆင့် တစ်ကောင်ပြီး တကောင် ဝင်သွားကြသည်။

နျဲ့ပုဖန် က သူတို့ကို ရေတွက်ပြီး ချီးကျူးလိုက်၏။

“တစ်ယောက်မှ မပျောက်ဘူးပဲ။ မင်းတို့ အားလုံး ငါ့ ကြက်သိုက်ရွာရဲ့ ကြက် ဖြစ်ထိုက်တယ်။ ဒီလို စွမ်းရည်မျိုး ...”

အရောင်း မခံခဲ့ရတဲ့ ကြက်တွေကတော့  သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေကြသည်။

ထိုက်ပိုင် သည် အခန်းထဲတွင် ရုတ်တရက် ပေါက်ထွက်လာသည့် ကြက်ကောင်များကို ကြည့်ကာ အံ့သြသွားပြန်၏။

ထို့နောက် နျဲ့ပုဖန် က "စိတ်မဆိုးပါနဲ့၊ နောင်ကျရင် ငါ သေချာပေါက် တစ်ခုခုပြန် လျော်ကြေးပေးမှာပါ၊ မင်း သခင်ရဲ့ သစ္စာတရားကို မင်းတို့ ယုံကြည်ရမယ်"

ယုံရလိမ့်မယ်၊ အားကြီးကြီး။ ကြက်တွေတောင် ရယ်နေဦးမယ်။

မျောက်ကလေးသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ အလွန် ပျော်နေပုံရသည်။ ၎င်းသည် လမ်းတစ်လျှောက်တွင် ကြက်အုပ်များနှင့် လိုက်သွားခဲ့ပြီး နျဲ့ပုဖန် ၏ ညစ်ပတ်သော စီးပွားရေးလုပ်ငန်းစဉ် တစ်ခုလုံးကို မြင်တွေ့ခဲ့ရ၏။

"ကောင်းပြီ၊ မနက်ဖြန် ကြက် အမျိုး အသား တွေပြောင်းပြီး ငါတို့ ထပ်ရောင်းမယ်"  နျဲ့ပုဖန် က လက်ခုပ် တီးပြီး ဆုံးဖြတ်လိုက်၏။

ကြက်များသည် ထုတ်ဖော် မပြတတ်သော်လည်း ၎င်းတို့၏ အရိပ်အရောင်မှာ လူသတ်လို စိတ်အပြည့် ရှိနေသည်။

ရုတ်တရက် ကြက်တစ်ကောင်က အမြင့်ကို ပျံတက်ပြီး နျဲ့ပုဖန်ကို လေထဲကနေ ကန်ချလိုက်၏။ ၎င်း၏ လုပ်ဆောင်ချက်သည် အချက်ပြမှု တစ်ခုလိုပင်။ အခြား ကြက်များ အားလုံးသည် လေအိတ်  ဘောလုံးကဲ့သို့ နျဲ့ပုဖန် ကို ဝိုင်းရိုက် ကြပြီး အသီးသီး သူ့ အပေါ်၌ ဒေါသ အရိပ်အယောင်များ ပြ ကြသည်။ ထို့နောက် တကောင်ပြီး တကောင် ပြတင်းပေါက်မှ ခုန်ဆင်းကာ သူ့ကို မညှာမတာ စွန့်ပစ်ခဲ့၏။

နျဲ့ပုဖန်၏ ဆံပင်တွေမှာ ကြက်အသိုက် ဖြစ်ကာ သနားစရာကောင်းတဲ့ မျက်နှာနဲ့ အဝတ်အစားတွေ စုတ်ပြဲ၍ ကျန်ခဲ့၏။

“ဒီလို မလုပ်ကြပါနဲ့၊ ပြဿနာတိုင်းကို ဆွေးနွေးလို့ရတယ်၊ အင်အား သုံးတာ မှားတယ်။ တခြားနည်းလမ်းကို ပြောင်းပြီး လုပ်ပါ့မယ်၊ လမ်းပေါ်မှာ ဖျော်ဖြေဖို့ ဘယ်လိုထင်လဲ"

ကြက်အုပ်က သူ့ကို နှစ်ခါ လှည့်မကြည့်ပေ။ ကြက်အမွေးများနှင့် ကြက် အညစ်အကြေးများသာ ကြမ်းခင်းပေါ်၌ ကျန်ရှိတော့သည်။ 
ထိုက်ပိုင် ခမျာ ဘေးမှာ မလှုပ်မယှက် ရပ်နေပြီး တုပ်တုပ်မှ မလှုပ်ဝံ့အောင် ထိတ်လန့် ကြောက်ရွံ့နေရှာလေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now