Chapter 24

2.3K 344 5
                                    

Chapter-24
ဘာစာအုပ်လဲ
........................

လီယီသည် ညီဖြစ်သူ လီဟိုက်နဲ့အတူ ကျီဝေါရွာတွင် နေထိုင်ရန် ရောက်လာသောအခါ နျဲ့ပုဖန်သည် သူတို့ကို ရှောင်နေခဲ့၏။ စုချန်းယိ ကတော့ ရွာကို ဆက်တိုက်ဆိုသလို လာလည်လေ့ရှိပြီး ရှန်းမုလန် ခမျာတော့ အခုထိ လူတွေ့မခံသေး ဟုဆိုသည်။

လီယီနှင့် လီဟိုက် တို့ ရွာထဲလျောက်ကြည့်ပြီးနောက်မှာ သူတို့တည်းခိုရာ အိမ်ခန်းဆီသို့ ပြန်လာခဲ့ကြ၏။
''အစ်ကို၊ မင်း တကယ် ဒီမှာနေဖို့ စီစဥ်နေတာလား''
လီဟိုက်က စိတ်မသက်မသာဖြင့် မေး၏။

''အင်း'' လီယီက အိပ်ရာခင်းရင်း ပြန်အသံပြုသည်။

''ငါကတော့ မနေချင်ဘူး''

လီဟိုက်သည် အိမ်ခန်းထဲရှိ အရာမှန်သမျှကို လိုက်ကြည့်ကာ မနှစ်မြို့နိုင်ဖြစ်နေသည်။

ကျီဝေါရွာ အပေါ် လီဟိုက်၏အမြင်မှာ ဆင်းရဲနုံချာပြီး အရာရာညစ်ပတ်နေ၍ သည်းမခံနိင်စရာ ဖြစ်နေသည်။ သို့သော် ရတနာသိုက်ကိစ္စကြောင့် ဒီနေ့ရာမှာ လအနည်းငယ်လောက် သည်းခံနေရဦးမည်ဖြစ်ပြီး သူ့သဘောအတိုင်းသာဆိုရင် တစ်စက္ကန့်လေးမှ ဒီမှာမနေချင်ပေ။

''မင်း သဘော။ ကြိုက်သလိုလုပ်''

လီယီက လီဟိုက်ကို လှည့်မကြည့်ပဲ ပြောလိုက်သည်။
လီဟိုက်မှာ အဖြေကို မကျေနပ်၍ ဘာရွေးချယ်ရမှန်းမသိ တွန့်ဆုတ်နေခဲ့သည်။

လီယီက ဆက်ပြောသည်။
''မင်း ဒီမှာနေမယ်ဆိုရင် မင်း နေမယ့် အိမ်ခန်းအလွတ်ကို မင်းဘာသာမင်း သန့်ရှင်းရေးလုပ်ရမယ်၊ ဒါမှဟုတ် မနေဘူးဆိုရင်လည်း ငါ့ကို စကားလာပြောနေစရာမလိုဘူး''

ထို့နောက် ထ,ထွက်သွားသည်။

လီဟိုက်သည် လီယီ ထွက်မသွားခင် အမြန်လှမ်းမေးလိုက်၏။

''ဘယ်သွားမလို့လဲ''

''လမ်းလျောက်ထွက်မလို့လေ''

လီယီ ထွက်သွားသည်ကို ကြည့်ကာ လီဟိုက်မှာ မကျေမနပ်ဖြစ်နေသည်။

နေ ဆိုတော့လည်း နေရတာပေါ့။ မြင့်မြတ်လှတဲ့ တော်ဝင်မင်းသား စုချန်းယိ လို လူတောင် ဒီမှာနေနိုင်သေးတာ လီဟိုက်က မနေနိုင်စရာလား။

ထို့သို့ တွေးပြီးနောက် လီဟိုက်သည် သူ့အစေခံကို  သူနေဖို့ အဆင်ပြေမယ့် အိမ်ရှာပေးရန် လွှတ်လိုက်၏။

ကျီဝေါရွာတွင် တည်းခိုစရာ အိမ်များများစားစား မရှိပါ။ အိမ်ခြေ ၁၂ အိမ်လောက်သာ ရှိသည်။ အစကတော့ နျဲ့ပုဖန် တစ်ယောက်တည်းနေတာဖြစ်ပြီး အိမ်တွေ လွတ်နေပေမယ့် ယခုတွင် စုချန်းယိ နှင့် နတ်မိမယ် တို့ကဲ့သို့ ဂန္နဝင်ပုဂ္ဂိုလ်များရှိနေကြသည့်အတွက် လာနေသူများ များပြားလာ၍ အိမ်များမှာပြည့်နေသည်။

ရွာလူကြီးအနေနှင့် နျဲ့ပုဖန်သည် နှစ်ဆကျယ်သော ခြံဝင်ထဲတွင် အိမ်ကြီးကြီးဖြင့် နေလေသည်။ ရေမီး အစုံအလင် တပ်ဆင်ထားသည်။ သို့သော် သူသည်  ထိုဇိမ်ခံအဆောင်အယောင်တို့ကို ဂရုတစိုက်ထားလေ့မရှိ။ ပင်မဧည့်ခန်း၊ အိပ်ခန်းကျယ်ကြီးနှင့် မီးဖိုချောင်၊ ရေချိုးခန်းတို့မှ လွဲလျှင် ကျန်နေရာများ၌ ကြက်များအပြည့်ဖြစ်နေသည်။
နျဲ့ပုဖန်အိမ်နှင့် အနီးဆုံးမှာ လီယီအိမ် ဖြစ်သည်။ သူ့အိမ်သည် နျဲ့ပုဖန်အိမ်၏ တစ်ဝက်မျှပင် မရှိသော်လည်း နျဲ့ပုဖန်အိမ်ထက် အဆပေါင်းများစွာ သန့်ရှင်းသပ်ရပ်နေသည်။
တစ်အိမ်လုံး၏ အပြင်အဆင်သည် အလွန်တရာ သန့်ရှင်းသပ်ရပ်နေသဖြင့် လီယီ၏ နေထိုင်ပုံမှာ  သူ၏ ခမ်းနားလှသော အရှိန်အဝါကြောင့်သာမဟုတ်လျှင် အသိုင်းအဝိုင်းကြီးထဲကဟု ထင်ဖွယ်ရာမရှိ။

လီယီ၏ အိမ်ဘေးမှာတော့ ကျန်းကျွင်းရှီ နားခိုရာအိမ်ရှိ၏။ ကျန်းကျွင်းရှီသည် ကျီဝေါရွာမှာနေရသည်ကို အတော်လေးနှစ်သက်သူဖြစ်သည်။ သူ၏ ဘဝသက်တမ်းတစ်လျောက် လုပ်ကိုင်ခဲ့ရသော အတွေ့အကြုံများကြောင့် နေရာတိုင်းတွင် လိုက်လျောညီထွေ အကျွမ်းတဝင်ဖြစ်အောင် နေထိုင်တတ်သူလည်းဖြစ်သည်။
နျဲ့ပုဖန်က သူ့ကို ရွာ၏ ထောက်ပံ့ရေးအရာရှိအဖြစ် သတ်မှတ်ထားသည်မှာ အံသြစရာတော့မဟုတ်ပေ။ သူသည် စနစ်ကျကျ ပေါ့ပါးလွတ်လပ်စွာ နေတတ်သူလည်း ဖြစ်သည်။ ပြောင်းလဲမှု သေးသေးလေးကအစ လိုက်လျောညီထွေဖြစ်အောင် သဘာဝကျကျ နေထိုင်တတ်၏။

နတ်မိမယ်၊ စုချန်းယိ၊ ရှန်းမုလန်တို့ အပါအဝင် တခြားသော တည်းခိုနေထိုင်သူများက ကျီဝေါရွာ၏တစ်ဝက်ကို စိုးမိုးထားသည်။ ၎င်းတို့သည် အစပိုင်းတွင် ရွာ၏အသွင်အပြင်ကို စက်ဆုပ်ရွံရှာကာ မနှစ်မြို့ကြပေမယ့် နောက်ပိုင်းတွင် ကျီဝေါရွာ၏ ထူးဆန်းသော ပတ်ဝန်းကျင်နှင့် နေသားကျလာကြသည်။ တကယ်တမ်းတွင် ၎င်းတို့ စိတ်မသက်မသာဖြစ်ရမည် မဟုတ်ပါ၊ ဤရွာတွင် ကြက်များသည် ရွာ၏အရှင်သခင်ဖြစ်ပြီး နှောက်ယှက်ဖျက်စီးမည့် ပြင်ပလောကသားများ ရောက်လာပါက ရက်ရက်စက်စက် တိုက်ခိုက်ဖျက်စီးခံရမည် ဖြစ်ပေသည်။

လီဟိုက်သည် ဤရွာ၏အကြောင်းကို ဘာမှမသိပေ။ သူ့အမြင်တွင် သာမာန်ဆင်းရဲသော ရွာငယ်လေးဟုသာ မြင်နေ၏။ ရွာ၏အကြီအကဲ နျဲ့ပုဖန်က လီရှောက်ယောင် ဆိုတာတောင် သူမသိပါ။

ရွာအလယ်ပိုင်းအိမ်အများစုမှာ တခြားသူများ နေရာယူထားပြီးဖြစ်၍ လီဟိုက်သည် ရွာစွန်ရှိအိမ်တစ်အိမ်ကိုသာ ရခဲ့၏။
အိမ်သည် လွန်ခဲ့သော ရက်အနဲငယ်လောက်ကပြုပြင်ထားသည်ဟု ဆိုသော်လည်း ချိနဲ့ကာ စုတ်ပြတ်နေသေးသည်။ လီဟိုက် အမြင်မှာတော့ ဤနေရာသည် လူနေစရာနေရာပင် မဟုတ်ခဲ့ပေ။

''အချိန်တန်ပြီ။ မင်းတို့တွေ အိမ်ကို အညစ်အကြေးတစ်စက်မှမရှိအောင် တိုက်ချွတ်ပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ကြ''

ထို့နောက် အိမ်ရှေ့ရှိ ခြံဝန်းထဲကို လက်ညိုးထိုးကာ ...

''ခြံထံက မြက်တွေပေါင်းတွေကိုလည်းသေသေချာချာရှင်းပြီး ကြက်တွေ ဝင်မလာအောင် လုပ်ထား'' ဟု အမိန့်ပေးလိုက်သည်။

သူအမိန့်ပေးသည်နှင့် အစေခံနှစ်ယောက်သည် အိမ်ထဲသို့ ဝင်သွားကြ၏။

လီဟိုက်သည် အိမ်ရှေ့၌ ခဏကြာအောင် ရပ်ကြည့်နေပြီး ဒီနေရာမှာ သူအိပ်ဖို့သင့်ပါ့မလားဟု တွေးနေမိသည်။

ထို့နောက် သူ လီယီကို ရှာရန်ထွက်လာစဥ် သူကြားဖူးသော အသံတစ်ခုကို ခပ်လှမ်းလှမ်းမှ ကြားလိုက်ရသည်။

''လီယီ၊ မင်းရောက်နေတာလား။ မင်းကို လွမ်းနေတာ''

လီဟိုက်သည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ လီယီမှာ ယောကျ်ားတစ်ယောက်နှင့် ပူးကပ်ဖက်ထားသည်ကို တွေ့လိုက်ရ၏။
ဘယ်သူမို့လို့ လီယီက ဒီလောက်ဖက်ထားရတာလဲ ...

လီဟိုက်မှာ ပါးစပ်အဟောင်းသားဖြင့် ၎င်းတို့ အနားသို့ လျောက်သွားခဲ့သည်။

သူအနားသို့ ရောက်သည့်အခါ၌ ထိုအမျိုးသားမှာ လီယီနှင့်ဖက်ထားရာမှ ခွာလိုက်သောကြောင့် ထိုလူ ဘယ်သူဆိုတာ မြင်လိုက်ရ၏။

''မင်း...''

လီဟိုက်နှင့် ထိုအမျိုးသားမှာ တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုးကာ မျက်လုံးအပြူးသားဖြင့် တအံ့တသြဖြစ်နေကြလေသည်။
တစ်ယောက်က အံ့သြနေသည်။ တစ်ယောက်ကဆိုးဝါးသော ခံစားချက် ခံစားနေရသည်။

နျဲ့ပုဖန်က ဦးစွာပြုံးလိုက်သည်။

''မင်းလည်း ဒီရောက်နေတာပဲ။ ဆိုးလိုက်တာ''

''ဆိုးတယ် ... ဆိုးတယ် ... ဟုတ်လား''
လီဟိုက်သည် အသားများပင် တဆက်ဆက်တုန်ကာ ပြန်မေးခွန်းထုတ်လိုက်၏။

''လီရှောက်ယောင်၊ မင်းက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ''

နျဲ့ပုဖန်ကို မြင်ရနေရသည်နှင့် အရင်တစ်ခေါက်က ခံစားခဲ့ရသော ဆိုးဝါးသည့် နာကျင်မှုများကို ပြန်သတိရသွား၏။
ထိုအဖြစ်ပျက်များမှာ ပြန်၍ပင် မတွေးကြည့်ဝံ့စရာဖြစ်သည်။

''ဟင်၊ ညီအစ်ကိုလီ ... မင်းသူ့ကိုပြောမပြထားဘူးလား''

နျဲ့ပုဖန်က မျက်တောင်ခတ်၍ မေးလိုက်၏။ သည့်နောက်မှာတော့ လီဟိုက်ဘက်သို့ လှည့်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

''ကျွန်တော့် နာမည်အရင်းက နျဲ့ပုဖန် ပါ၊ ဒီ ကြက်သိုက်ရွာရဲ့ အကြီးအကဲတစ်ဖြစ်လည်း လီရှောက်ယောင် ပေါ့လေ''

''......''
လီဟိုက်မှာ နျဲ့ပုဖန်ကို လက်ညိုးထိုးလျှက် အကြောင်သားလေးဖြင့် မှင်သက်နေ၏။

လီယီမှာ သူ့ညီ ဘာတွေဖြစ်နေလဲဆိုတာ နားလည်သောကြောင့် ပြေရာပြေကြောင်း ဝင်ပြောပေး၏။

''အတိတ်က ပြီးခဲ့တာတွေလည်း ပြီးပြီလေ၊ နောင်ကို ကောင်းကောင်းမွန်မွန်ပဲ နေကြရအောင်''

အတိတ်တဲ့လား။ ဘယ်လိုလုပ် အတိတ်ဆိုပြီး ထားခဲ့လို့ရမှာလဲ။ ဒီလူက သူ့ကို လူပေါင်းများစွာရှေ့မှာ အရှက်ခွဲခဲ့သည်။ အရှက်မရှိ လူပုံအလယ်တွင် နမ်းခဲ့ရုံမျှမက ကြက်အုပ်ကလည် လီဟိုက်ကို တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ ဆိုးဝါးသော လုပ်ရပ်များမှာ ခွင့်မလွှတ်နိုင်စရာဖြစ်သည်။ လီဟိုက် မှတ်ဥာဏ်ထဲတွင် ထိုသူသည် ဖျောက်ဖျက်မရသော အမာရွတ်တစ်ခုအဖြစ် စွဲထင်နေမည် ဖြစ်သည်။ ဘယ်တော့မှ ပြန်မတွေ့ချင်မိသောသူကို အခုလိုမျိုး ဒီနေရာမှာ ပြန်စုံရလေသည်။

ရန်သူနှင့် မျက်နှာချင်းဆိုင်တွေ့သော မနာ မလို မုန်းထားစိတ်များက ရန်ညိုးဖွဲ့၍ ထကြွလေ့ရှိသည် ဆိုသည့်အတိုင်း လီဟိုက်၏ ရင်ထဲတွင် ဒေါသများအုံကြွကာ မီးတောက်လျှက် ရှိနေလေသည်။

''အစ်ကို၊ မင်းသူ့ကိုသိတာကြာပြီမလား။ ဘာလို့ မပြောပြတာလဲ''

လီဟိုက်သည် သုန်မုန်နေသော မျက်နှာဖြင့် မေး၏။

လီယီသည် ပြန်မဖြေ။
နျဲ့ပုဖန်က ဝင်၍ပြောသည်။

''သူက နျဲ့ပုဖန်ဆိုတဲ့ ငါနဲ့ရင်းနီးတဲ့လူလေ။ ဘာလို့ ခင်ဗျားကို လီရှောက်ယောင် အကြောင်း ပြောပြပါ့မလဲ''

''တော်စမ်း''
လီဟိုက် ဒေါသထွက်နေပုံမှာ ဒေါင်းများ အတောင်ဖြန့်ထားသကဲ့သို့ ဒေါသထွက်တာတောင် ကြည့်ကောင်းနေသည်။

နျဲ့ပုဖန်က လီဟိုက်၏ ဒေါသကိုလျစ်လျူရှု၍ လီယီ ဘက်သို့ လှည့်မေးလိုက်သည်။

''ညီအစ်ကိုလီ၊ ရွာမှာ ဆက်နေဦးမှာလား ဒီလိုဆို''

လီယီက လီဟိုက်ကို လှမ်းကြည့်သည်။

''နေမှာ'' လီဟိုက်က အံကြိတ်လျှက်ပြောသည်။

လီယီသည် နျဲ့ပုဖန်ကို ပြန်၍ ခေါင်းငြိမ့်ပြလိုက်၏။

''ဒါဆိုရင်တော့ ကြိုဆိုပါတယ် ခင်ဗျ''
နျဲ့ပုဖန်က လက်ဆန့်ကာ ပျူငှာစွာကြိုဆို၏။

''ကျွန်တော်တို့ ကြက်သိုက်ရွာမှာ ဘာမှတော့မရှိဘူး၊ ဒါပေမယ့် ကြက်တွေ အများကြီးရှိပါတယ်။ နောင်ကျရင် ခင်ဗျား စိတ်တွေပြောင်းလဲလာနိုင်ဖို့လဲ မျှော်လင့်ပါတယ်''

''မင်း ရွာကို ပြောင်းလဲပစ်မယ်''
လီဟိုက်က ဒေါသတကြီးပြောသည်။

''မနက်ဖြန်ကစပြီး မင်းရဲ့ ကြက်တွေကို ငါ နေ့တိုင်းသတ်စားမယ်၊ ပြုတ်စားမယ်၊ ကြော်စားမယ်၊ ပေါင်းစားမယ်၊ ကင်စားမယ်၊ ကြက်တွေ ကုန်သွားအောင် စားပစ်မယ်''

ထိုသို့ပြောပြီးနောက် လီဟိုက်မှာ ကျောထဲစိမ့်ကနဲ ချမ်းသွားသလို ခံစားလိုက်ရသည်။

တကယ်တော့ ကြက်သားသည် ကျီဝေါရွာတွင် စားသော အဓိက အစားအစာဖြစ်ပေမယ့်၊ ကြက်များကို စားမည်ဟု မပြောရပေ။ စားသုံးရန် ကြက်များကိုမူ အထူးသီးသန့်နေရာတွင် မွေးမြူထားပြီး၊ ရွာထဲ၌ လျောက်သွားနေသော ကြက်များမှာ ပုံမှန်မဟုတ်သော အသွင်ပြောင်းသတ္တဝါများ ဖြစ်ကြလေသည်။ ၎င်းတို့သည် ဥာဏ်ရည်ဥာဏ်သွေး မြင့်မားကြသည်။ နျဲ့ပုဖန်၏ သွန်သင်မှုအောက်တွင် ၎င်းတို့သည် စည်းလွတ်ဝါးလွတ် မောက်မာနေကြလေသည်။

လီဟိုက်သည် ကြက်များကို စကားတစ်ခွန်းဖြင့် စော်ကားလိုက်ခြင်း ဖြစ်သည်။
နျဲ့ပုဖန်သည် ဂရုဏာသက်စွာ ကြည့်၍ ညင်ညင်သာသာ ဆုတောင်းပေးလိုက်သည်။

''ခင်ဗျား သဘောပါ၊ ကံကောင်းပါစေ''

လီဟိုက်မှာ တစ်ဖက်သား၏ အားနည်းချက်ကို အမိဖမ်းလိုက်နိုင်ပြီဟု ထင်ကာ မျက်နှာချီ၍ ဘဝင်ခိုက်နေသည်။

လီယီမှာ ညီဖြစ်သူကို တစ်ခုခုသတိပေးချင်ပေမယ့်  နျဲ့ပုဖန်၏ အကြည့်ကြောင့် ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။

လီဟိုက်သည် နျဲ့ပုဖန်ကို အဖက်မလုပ်တော့ပဲ လီယီ ဘက်သို့ လှည့်၍ ပြောသည်။

''အစ်ကို၊ ကျွန်တော့်အိမ်က ဒီညတော့ အိပ်လို့ရဦးမှာ မဟုတ်ဘူး။ ကျွန်တော် အစ်ကိုနဲ့ လာနေမယ်''

''အင်း၊ မင်း ငါ့အိမ်မှာနေချင်နေလေ။ ငါက နျဲ့ပုဖန်နဲ့ သွားအိပ်လိုက်မယ်''
လီယီ ကလည်း ချက်ချင်းပြန်ဖြေ၏။

''အစ်ကိုက သူနဲ့အိပ်မယ် ဟုတ်လား''

လီဟိုက်သည် နျဲ့ပုဖန်ကို လက်ညိုးထိုး၍ ပြော၏။

''သူက ယောကျ်ားချင်း ကြိုက်တတ်တယ်လေ။ မသိဘူးလား''

''ကိစ္စမရှိပါဘူး''

လီဟိုက် မကြာခင်ကြုံရမည့် အဖြစ်ဆိုးကို အတူတူခံပေးရမှာထက် နျဲ့ပုဖန် ဆီမှာ နားဒုက္ခခံပြီး သွားအိပ်တာက ပိုကောင်းဦးမည်။
ညီအစ်ကိုတွေဟာ အကျပ်တည်းကြုံချိန်မှာ တစ်ယောက်ကိုတစ်ယောက် လွှဲချတတ်တယ် ဟူသောစကားသည် ဟုတ်ပေမည်။
လီဟိုက်မှ လီယီနှင့် နျဲ့ပုဖန်တို့ကို တစ်လှည့်ဆီ ကြည့်ပြီးနောက် အစ်ကိုဖြစ်သူအား အဝေးကို ဆွဲခေါ်သွား၏။

''အစ်ကို၊ မင်း သူဖြားယောင်းတာ ခံရလိမ့်မယ်နော်''

''မဖြစ်နိုင်ပါဘူး''
လီယီက မသိချင်ယောင်ဆောင် ပြော၏။

လီဟိုက်သည် လီယီ၏ စိတ်ကိုမသိပဲ သူ့ကိုယ်သူ အဟုတ် ထင်နေသည်။ နောက်ပြီး သူ့အစ်ကိုအပေါ်လည်း ယုံကြည်နေသည်။

''ဟုတ်ပါပြီ။ ဒီညတော့ အစ်ကို အိပ်ချင်ရင် သွားအိပ်ပါ၊ အစ်ကိုက သိုင်းပညာ တော်ပြီးသား ဆိုတော့ သူနှောက်ယှက်မှာကို ပူစရာမလိုဘူး''

လီယီသည် လီဟိုက်၏ ပုခုံးကို ပုတ်လိုက်သည်။ ညီဖြစ်သူနဲ့ သူချစ်ခင်ရတဲ့လူတို့ကြားက ပဋိပက္ခထဲတွင် သူနေ,နေရသည်မို့ လီဟိုက်အား ''မင်း ဂရုစိုက်ပါ'' ဟု တစ်ခွန်းသာ ပြောလိုက်နိုင်၏။

လီဟိုက်သည် သူကြားရသည်ကို နားမလည်နိုင်စွာ ဖြစ်နေရသည်။ လီယီသည် သူ့အပေါ်တွင် ဂရုမစိုက်ဘူးဟု ထင်ခဲ့ပေမယ့် အရာရာ၌ အမြဲကူညီပံ့ဖိုးပေးလေ့ရှိသည်။

ထိုည၌ နျဲ့ပုဖန်သည် ကိုယ်လက်သန့်စင်၍ အိပ်ခန်းထဲသို့ ဝင်ခဲ့၏။ လီယီသည် ကုတင်ပေါ်၌ စာအုပ်တစ်အုပ်ကို ဖတ်လျှက်ရှိလေသည်။

နျဲ့ပုဖန်ကို မြင်သောအခါ လီယီက ပြောလိုက်သည်။

''မင်း သူ့ကို သိပ်မမုန်းပါနဲ့''

''ဘာကိုလဲ။ ရှင်းရှင်းလင်းလင်းပြော''

နျဲ့ပုဖန်က ကုတင်ပေါ်တက်ရင်း နားမလည်သလို ပြန်မေး၏။

''မင်းသိလား။ လီဟိုက်က တစ်ခါတစ်ခါ စိတ်ပျက်စရာကောင်းပေမယ့် အဲ့လောက်ဆိုးရွားတဲ့သူ မဟုတ်ပါဘူး''

''အဲ့ဒါလား။ ငါလည်း သူ့ကို သဘောကျပါတယ်''
နျဲ့ပုဖန် လေးလေးနက်နက်ပြန်ဖြေ၏။

'မင်း သဘောကျတာကို ခံရတာကိုက သူ ကံဆိုးတာပါပဲကွာ' ဟု လီယီ စိတ်မသက်သာစွာ တွေးကာ  ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်၏။

နျဲ့ပုဖန်သည် လီယီ လက်ထဲက စာအုပ်အား သတိထားမိသွားသည်။ ချက်ချင်းဆိုသလို နျဲ့ပုဖန်၏ မျက်နှာသည် ထူးဆန်းသွား၏။

''မင်း ဘာလို့ ဒီစာအုပ်ကို ဖတ်နေတာလဲ''
ဒါ နျဲ့ပုဖန် အံဆွဲထဲမှာ ထည့်ဖွက်ထားခဲ့တဲ့ စာအုပ်မလား။

''ဘာလို့ ဒီစာအုပ်ကို မဖတ်ရမှာလဲ''

လီယီ ကလည်း တအံ့တသြ ပြန်မေးလိုက်သည်။
''ဒါနဲ့ မင်း ဒီစာအုပ်ကို ဘယ်ကရလာတာလဲ''

''ငါ့ကို အထင်မလွဲပါနဲ့။ ဒီစာအုပ်က ငါတမင် စုဆောင်းထားတာ မဟုတ်ဘူး။ ကောက်ရတာပါ''

''ငါက ဘာအထင်လွဲစရာရှိလို့လဲ''
လီယီက နျဲ့ပုဖန်ကို မော့ကြည့်ကာ ရယ်လိုက်သည်။

''အေးပါကွာ''

နျဲ့ပုဖန် ကတော့ ထူးဆန်းသောမျက်လုံးတို့ဖြင့် လီယိကို စိုက်နေ၏။

''ဟေ့၊ မင်းဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ''

နျဲ့ပုဖန်က ပြောပြသည်။

''မင်းက စိတ်ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်တတ်လို့လားပဲ။ မင်းပုံစံက အဲ့ဒီစာအုပ်ကို ဖတ်ပြီး နည်းနည်းလေးမှ မတုန်လှုပ်သလိုလိုနဲ့၊ လေးစားစရာကြီး''

လီယီက ပြန်မေးသည်။

''စာအုပ်က ဘာဖြစ်နေလို့လဲ''

''မသိဘူးလေ ''

နျဲ့ပုဖန်က သေချာမပြောပဲ ကုတင်ပေါ်တွင် လှဲကာလီယီ အား ပြုံးလျှက်ကြည့်၍ ခပ်လေးလေး ပြောလိုက်သည်။

''ယောကျ်ားတွေကို ပိုပြီး စိတ်ကျေနပ်မှု လိုချင်တာမျိုး နေမှာပေါ့''

လီယီက အချိန်တော်ကြာ တိတ်နေပြီးမှ ရုတ်တရက် မေးကြည့်၏။

''မင်းက ဘာစာအုပ်လို့ ထင်လို့လဲ''

''မသိချင်ယောင် မဆောင်ပါနဲ့။ ကာမစာအုပ်က လွဲရင် ဘာဖြစ်နိုင်မှာလဲ''

''.....''

လီယီသည် စာအုပ်ကို လက်ထဲမှာ ကိုက်လျှက်  ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် သူသည် နျဲ့ပုဖန်အား စာအုပ်ကို ဖွင့်ပြ၍ ရှင်းပြလေသည်။

''မင်း ဒီစာအုပ်က စာတွေက ဘာတွေရေးထားလဲဆိုတာ သိလား''

နျဲ့ပုဖန်က လီယီကို တစ်ချက်မော့ကြည့်၏။

''သိသလိုလိုပဲ''

လီယီက သက်ပြင်းချ၍ ဆက်ပြောပြသည်။

''ဒီစာအုပ်ကို ယီကျင်းတုကျွယ် လို့ခေါ်တယ်''

''အိုး ဟုတ်လား''
နျဲ့ပုဖန်က စာအုပ်ကို ကိုင်ကာ သေချာကြည့်သည်။

''ရုပ်ပြပုံထဲက ယောကျ်ားနှစ်ယောက်က တိမ်နဲ့မိုးကို ကိုယ်စားပြုတယ်''

လီယီက နျဲ့ပုဖန် နားလည်အောင် သေချာရှင်းပြ၏။

''ဒီ 'ယိကျင်းတုကျွယ်' စာအုပ်က ဖန်းယွီရှန့်ရဲ့  လက်ယာကောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက မူရင်းစာအုပ်က ပျောက်သွားခဲ့တာ။ စာအုပ်ထဲမှာ အရိုးနဲ့ကြွက်သား ဖွဲ့စည်းပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ သိုင်းပညာ အရင်းအမြစ်တွေ ရေးသားထားတယ်။ ပြီးတော့ ဖူခူဆာဝါ မျိုးရိုးရဲ့ သားစဥ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး လူနှစ်ဦးတစ်ယောက်နဲ့ တစ်ယောက် ကူညီပြီး လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေပါတယ်၊ ဒါတွေကို လေ့ကျင့်မယ်ဆိုရင် ပြောင်းလဲလာမယ့် အရိုး၊ ကြွက်သားဖွဲ့စည်းပုံတွေ၊ သွေးလည်ပတ်ပုံတွေကို ရုပ်ပုံနဲ့တကွ ရေးပြထားတာ၊ အဲ့လို စာအုပ်ပဲ''

နျဲ့ပုဖန်သည် လီယီ ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ကောင်းကင်ကျမ်းစာ တစ်ပုဒ် အကြောင်းကြားလိုက်ရသလိုဖြစ်နေသည်။ ယခု သူနေ,နေသောခေတ်သည် သိုင်းပညာနှင့် ဒဏ္ဍာရီလာဇာတ်လမ်းများသာ တည်ရှိပြီး လူအများစုသည် သူ့ထက်ငါ အပြိုင် ပြိုင်စံရှားဖြစ်ဖို့သာ သိကြသည်။ စိတ်ကူးယဥ်ဆန်ဆန် မှော်ဆန်ဆန်ကိစ္စများ ရှိမနေပါ။ ထို့ကြောင့် လီယီပြောပြသည်ကို နျဲ့ပုဖန် သံသယမဝင်မိပေ။

''ဒါဆို ဒီစာအုပ်က လျှို့ဝှက်ဆန်းကျယ်တဲ့ ကိုယ်ခံပညာရပ်ပေါ့၊ မင်း ကာမစာအုပ်တွေကို ပေါ်တင်ဖတ်ချင်လို့ လိမ်ပြောတာ မဟုတ်ဘူးလား''

နျဲ့ပုဖန်က မျက်စောင်းထိုးကာ မကျေနပ်ဟန်ဖြင့်မေးသည်။

ငါ့ကိုများ မင်းလို အောင့်မေ့နေသလား။ လီယီ စိတ်ထဲက ပြောလိုက်သည်။

''မင်း၊ ငါပြောတာ မယုံဘူးဆိုရင် စမ်းလေ့ကျင့်ကြည့်မလား''

''လေ့ကျင့်ရမယ် ... ဘယ်လို လေ့ကျင့်ရမှာလဲ''

လီယီသည် စာအုပ်ကို ယူကာ ပြောပြသည်။

''ငါ မင်းကို အခြေခံလေ့ကျင့်ခန်းတွေမှာ ကူညီပေးမယ်၊ မင်းရဲ့ အားနည်းနေတဲ့အရိုးနဲ့ ကြွက်သားတွေသန်မာလာလိမ့်မယ်''

''အားနည်းတယ် ဟုတ်လား''
နျဲ့ပုဖန်က စိတ်ဆိုးကာ ထထိုင်လိုက်သည်။

''ငါက ဘယ်မှာ အားနည်းတဲ့ ပုံပေါက်နေလို့လဲ။ ဒီလောက် သန်မာတာကို''

ဟုဆိုကာ လက်မောင်း ကြွက်သားများကို ပြလေသည်။

လီယီက စကားဖြင့် ပြန်မပြောပဲ သူ့ လက်မောင်းကြွက်သားကို လက်တွေ့ညှစ်ပြ၍ နျဲ့ပုဖန်အား ပညာပြလိုက်သည်။

''ကောင်းပြီ။ ဒါဆို လေ့ကျင့်ကြည့်မယ်''

နျဲ့ပုဖန် ထိုသို့ပြန်ပြောရုံသာ တတ်နိုင်တော့သည်။

လီယီသည် နှုတ်ခမ်းများ ကွေးသွားအောင် အမှတ်မထင် ပြုံးလိုက်မိ၏။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now