Chapter 97

799 107 0
                                    

Chapter - 97
ဖခင်အိုကြီးနှင့် နျဲ့ပုဖန်


မေ့မျောနေသောအခြေနေတွင် နျဲ့ပုဖန်သည် သူ့ပတ်ပတ်လည်၌ နွေးထွေးသော အရာများ ဝန်းရံနေသကဲ့သို့၊ ရံဖန်ရံခါ သူ့ပတ်ဝန်းကျင်တွင် ပုံရိပ်သဏ္ဌန်များ ဖြတ်သွားနေသကဲ့သို့ ခံစားရသည်။  အင်္ကျီဖြူ ဝတ်ထားသော သိပ္ပံသုတေသီ အများအပြားသည် ကိရိယာ တစ်ခု ရှေ့တွင် ရပ်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြ၏။ သူတို့ရဲ့ အမူအရာတွေက စိတ်လှုပ်ရှားနေပြီး မျှော်လင့်တကြီး အရိပ်အယောင်များ ပြသနေကြသလိုပင်။

မဖြစ်နိုင်ဘူး၊ သူ မသေဘဲ အခြေစိုက် စခန်းကို ပြန်ရောက်သွားတယ်ဆိုတာ ဖြစ်နိုင်လို့လား။

နျဲ့ပုဖန် မျက်လုံးကို ဖွင့်သော်လည်း သူ့ ခန္ဓာကိုယ်ကို သူ မမြင်နိုင်ပါ။ သူသည် သူ့ ရှေ့တွင် တဖျက်ဖျက် ပြောင်းလဲနေသော ပုံရိပ်များကိုသာ မြင်နေရသည်။ ဒါတွေက သူ့ မသိစိတ်ထဲတွင် စွဲထင်ရစ်နေခဲ့သည့် မှတ်ဉာဏ် အပိုင်းအစတွေ ဖြစ်သည်။

မှတ်ဉာဏ်လား၊ ဟုတ်ပါသည်။

သူ ကူးပြောင်းမလာခင်မှာ သူ့ဘဝရဲ့ အနာကျင်ဆုံးနဲ့ အပျော်ရွှင်ရဆုံး အမှတ်တရတွေ အားလုံးက ဒီအခြေစိုက် စခန်းမှာ ဖြစ်ခဲ့တာ ဖြစ်သည်။  သူသည် အခြေစိုက် စခန်း၏ ပြန်လည်ရှင်သန်ခြင်းစနစ်  မျိုးရိုးဗီဇ စမ်းသပ်ချက် ၃၄၃ မျိုးတွင် အားလုံးကိုအောင်မြင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ခဲ့၏။ သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် ကြွက်သား တစ်ရှူးများသည် အထူး ပြုပြင် မွမ်းမံထားသော ကုထုံးဖြင့် ကုသခံထားရ၏။

သူ့ ဦးနှောက်က နဂိုအတိုင်း ရှိနေသရွေ့ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းဟာ ပြန်လည်ရှင်သန်နိုင်သည်။ သူ့ဖြစ်တည်မှု၏ အဓိပ္ပါယ်မှာ အရေပြား၊ သွေး၊ အရိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ မျက်ကြည်လွှာ၊ ရိုးတွင်းခြင်ဆီနှင့် အခြားသော အင်္ဂါများနှင့် တစ်ရှူးများ အားလုံး တစ်ခုခု ထိခိုက်ပျက်စီးမှု ရှိခဲ့ရင်တောင် သက်ဆိုင်သော ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများကို အလိုလျောက် ပြန်လည် အစားထိုး ထောက်ပံ့ပေးနိုင်သော စနစ်ရှိနေခြင်း ဖြစ်၏။

ဒါ့အပြင် စနစ်ဖြင့် ပြုပြင်ထားသောသူ၏
ကိုယ်တွင်းအင်္ဂါနှင့် သွေးအမျိုးအစားသည် ခန္ဓာကိုယ်အား ထိခိုက်ပျက်စီးမှု မှန်သမျှကိုအကောင်းဆုံး တွန်းလှန်ကာ ပို၍ပင် သန်မာသောအခြေအနေ ရောက်ရှိအောင် စွမ်းဆောင်နိုင်သောကြောင့် ၎င်း၏ ကိုယ်တွင်းအင်္ဂါနှင့် သွေးအမျိုးအစားကို 'အံ့ဖွယ်ဖြစ်စဥ်' ဟု ခေါ်ကြလေသည်။

ခွဲစိတ်ကုသခြင်း လုပ်ငန်းစဥ်များကို သူ့ဘဝ တစ်ခုလုံး၌ အဖန်ဖန် အထပ်ထပ် လုပ်လာခဲ့ရသည်။   ပြန်လည်ရှင်သန်ခြင်းစနစ်၏ ခွဲစိတ်မှု တစ်ခုပြီးတိုင်း၊ သူ ခံစားရသော နာကျင်မှု ဝေဒနာသည် အရိုးခြင်စီအတွင်း၌ ပုရွက်ဆိတ် အကောင် တစ်ထောင်မျှ ဝင်ရောက် ကိုက်ခဲနေသည်နှင့် တူသောကြောင့် သည်းမခံနိုင်လောက်အောင် နာကျင်ရသည်။

ဤသို့ဖြင့် သူ၏ ခန္ဓာကိုယ် သည် အထူးစမ်းသပ်မှုများကို အောင်မြင်ခဲ့ပြီးနောက် ထုံဆေးအပါအဝင် ဆေးဝါး အမျိုးမျိုး၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကို ဖြည်းညှင်းစွာ ချေဖျက်နိုင်လာ၏။ ဆိုလိုသည်မှာ မေ့ဆေး၊ ထုံဆေး မတိုးသောကြောင့် ခွဲစိတ်မှု အများစုတွင် အစိမ်းသတ်သတ် ခွဲစိတ်နေသလို ခံစားရမည် ဖြစ်ပြီး  ခွဲစိတ်မှု အပြီးတွင် သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

အကြိမ်ပေါင်းများစွာ သူ သေလုမျောပါး ဝေဒနာများကို ခံစားရပြီး သုတေသီများကလည်း အမျိုးမျိုး လေ့လာစမ်းသပ်ခဲ့ကြ၏။
နောက်ပိုင်းတွင် သူ၏ ခန္ဓာကိုယ်မှာ ပိုမို ပြည့်စုံလာပြီး ပြန်လည် ကျန်းမာမှု အခြေအနေလည်း တစ်ကြိမ်ထပ် တစ်ကြိမ် ပို၍ မြန်ဆန်လာသည့်အလျောက် ခုခံနိုင်ရည် အင်အားလည်း တိုးတက်လာခဲ့သည်။

အသက် တစ်ဆယ့်နှစ်,နှစ် မတိုင်မီအတွင်း သူသည် ငရဲ၌ နေထိုင်နေရသကဲ့သို့ ခံစားခဲ့ရ၏။ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက သူနဲ့ မဆိုင်ပဲ သူတစ်ပါးအတွက်သာ အသက်ရှင်ရသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် သူသည် သေမည့်နေ့ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။

ထိုကာလမှာပင် မီးခိုးကဲ့သို့ သဏ္ဍာန်ဖြင့် အဘိုးအိုတစ်ဦး၏ အသွင်အပြင်သည် သူ့ ဘဝ၏ နောက်ဆုံး အလင်းရောင်ကဲ့သို့ ပေါ်ပေါက်လာခဲ့၏။

အဘိုးအို ပြောခဲ့သော ပထမဆုံး စကားကို သူမှတ်မိနေသေးသည်။
''ဒီနေ့ကစပြီး မင်းက ငါ့သားပဲ။ ငါ မင်းကို 'ပုဖန်' လို့ တရားဝင် နာမည်ပေးဖို့ ငါ့ အထက်လူကြီးဆီမှာ လျှောက်လွှာတင်ပြီးပြီ။ နောက်ပြီး ငါ့ရဲ့မျိုးရိုးနာမည် 'နျဲ့' ကို မင်း ဆက်ခံရမယ်''

"နျဲ့...ပု...ဖန်"

"ဟုတ်တယ်၊ ငါ့သား နျဲ့ပုဖန် "

ရလဒ်အနေနဲ့ကတော့ အဓိပ္ပါယ် မရှိတဲ့ ကုဒ်နာမည်အစား သူ့ ကိုယ်ပိုင်နာမည်ကို ရခဲ့သည်။

ခွဲစိတ်မှု တစ်ခုစီမှ ပြန်လည် ကောင်းမွန်လာချိန်တိုင်းတွင် ၎င်း၏ ဖခင်ဖြစ်သူနှင့်အတူတူ ငါးမျှားခြင်း၊ ရေကူးခြင်း၊ အသားကင် စားခြင်း၊ ရံဖန်ရံခါ ဗီဒီယိုဂိမ်းများ အတူတူ ကစားခြင်း၊ ထူးထူးဆန်းဆန်း ကာတွန်းရုပ်ရှင်များနှင့် ရုပ်ရှင်များ ကြည့်ခြင်း၊ လျောက်လည်၍ လမ်းဘေး အစားအစာများစားသောက်ကာ ကိုယ့်ကိုယ်ကို မေ့လောက်သည်အထိ ရယ်မောခြင်းများပြုလုပ်ခဲ့ကြသည်။

သူ့ အဖိုးအို၏ နောက်ထပ်စကားက
'' ပုဖန်၊ မင်းက ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို တခြားသူတွေဆီမှာ အပ်နှံထားရတာ၊ ဒါကြောင့် ကျန်တဲ့အချိန်တွေမှာ ဘဝကို ပျော်ပျော်ပါးပါး အသုံးချပြီး အချိန် မဖြုန်းဘဲ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်တယ်'' ဟု ဆို၏။

ထို့ကြောင့် နျဲ့ပုဖန်သည် တောက်ပစွာ ပြုံးခဲ့သည်။

ထိုအချိန်မှစ၍ စက်ရုပ် တစ်ခုလို တည်ရှိလာခဲ့သော 'အံ့ဖွယ်ဖြစ်စဥ်' ဟူသည့် ဘဝအား ပေါ့ပေါ့ပါးပါး ပျော်ပျော်နေတတ်သော နျဲ့ပုဖန် က အစားထိုး ဝင်ရောက်သွားတော့သည်။

သူသည် အခြေစိုက် စခန်းတွင် အပျော်ဆုံး စမ်းသပ်ခံ ဖြစ်လာပြီး လူတိုင်းအတွက် ပျော်ရွှင်စရာ ဖြစ်လာသည်။ သူ ပြုံးလိုက်သောအခါတွင် အခြားသူများက အလိုအလျောက် ပြန်ပြုံးပြတတ်ကြသည်။ ကြင်နာမှုနှင့် ပျော်ရွှင်မှုသည် ကူးစက်တတ်သော အရာများဖြစ်ပြီး သူ၏ ပြောင်းလဲမှုများကြောင့် အခြေစိုက် စခန်း တစ်ခုလုံးသည်လည်း တက်ကြွမှု အပြည့်ရှိနေခဲ့ကြလေသည်။

လွတ်လပ်မှုကို လိုချင်တဲ့အခါ လွတ်လပ်မှုဟာ သူ့အနားမှာ ရှိနေတယ်ဆိုတာ သူ နားလည်ခဲ့၏။  ပျော်ရွှင်မှုကို လိုချင်တဲ့အခါ ပျော်ရွှင်မှုဟာ သူ့ လက်ဖဝါးထဲမှာ ရှိနေသည်

သူ့ ဖြစ်တည်လာခဲ့တဲ့ နိမ့်ကျတဲ့ အစမ်းသပ်ခံကြွက် ဘဝကို ပျော်မွေ့တတ်တဲ့ နှလုံးသားနဲ့ အစားထိုးလှဲလှယ်ပြစ်လိုက်သည်။

သူ့ အသက် ၂၀ မတိုင်ခင်အထိ နှလုံးနဲ့ ကျောက်ကပ် အစားထိုး ခွဲစိတ်မှုများမှာ ဟန်ချက် မညီခြင်း မကြာခဏ ကြုံရသည့်အတွက် သေလုနီးပါး ဖြစ်ခဲ့ရ၏။

သူ ကုတင်ပေါ်တွင် ပျော့ခွေကာ လဲလျောင်းနေချိန်၌ သူ့အဖေအိုကြီးက ထူးထူးခြားခြား စကားတစ်ခွန်း ပြောလာခဲ့သည်။

''ပုဖန်၊ မင်းရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အသိမှတ်ပြုဖို့အတွက် အထက်က မင်းအသက် ၅၀ အရွယ် ရောက်ရင် အနားပေးဖို့ ဆုံးဖြတ်ထားကြတယ်။ အဲ့အချိန်ရောက်ရင် မင်းမှာ တရားဝင်အထောက်အထားတွေ ပိုင်ဆိုင်ရလိမ့်မယ်၊ နောက်ပြီး လှပသော ဗီလာ တစ်ခုမှာ နေထိုင်ပြီးတော့ သုံးမကုန်တဲ့ ငွေတွေလည်း ရှိနေလိမ့်မယ်၊ မင်း သွားချင်တဲ့ နေရာကိုလည်း သွားလို့ရပြီ"

ထိုအချိန်တွင် နျဲ့ပုဖန် သံသယဝင်ခဲ့၏။

''တကယ်လား။ သူတို့က အဲ့လောက်တောင် ရက်ရောတာလား။ ကျွန်တော့်ကို လှည့်စား နေတာမဟုတ်ဘူးမလား။

''မင်းကို ဘာလို့ လှည့်စားရမှာလဲ။ မင်းကို လှည့်စားတော့ရော ဘာရမလဲ''

အဘိုးအိုက သူ မှုတ်ဆိတ်မွှေး ကိုင်လျှက် ပြန်ဖြေသည်။

''အဲ့အချိန်ရောက်ရင် ငါ့အသက်က ၈၀ လောက် ဖြစ်နေပြီ၊ မင်း အနားယူပြီးရင် ငါ့ကို ပြန်ပြီး ပြုစုပေးပေါ့လေ''

''မလုပ်ချင်ပါဘူး၊ ကျွန်တော်က အဲ့ပိုက်ဆံတွေနဲ့ ကမ္ဘာပတ်ပြီး ခရီးသွားမှာ၊ ခင်ဗျားကို သက်သက် ဒုက္ခခံပြီး ပြုစုရမှာလား''

အဘိုးအိုသည် ချက်ချင်းပင် ဒေါသ အကြီးအကျယ် ဖြစ်သွား၏။

ထိုသို့ ပြောလိုက်သော်လည်း နျဲ့ပုဖန်၏ မျက်နှာသည် မျှော်လင့်ချက် အပြည့်နှင့် ပျော်ရွှင်နေပြီး သူ့စိတ်ထဲတွင် အနာဂတ်တွင် အဖိုးအိုနှင့် အတူနေထိုင်မည်ဟု စိတ်ကူးယဥ်  ပုံဖော်ထားသည်။

ဒါပေမယ့် သူ့ ဖခင်ခဲ့က မသိခဲ့ဘူး၊ သူ ပြောခဲ့တာက အဖြူရောင် မုသားပဲဆိုတာ။

စဉ်ဆက်မပြတ် အစားထိုး ကုသမှုမျက သူ၏ ဦးနှောက်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးအန္တရာယ်ကို ဖြစ်စေခဲ့သည်။ လူတစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်းက နှစ် 90 ဆိုရင် သူက နှစ် 30 ပဲ အသက်ရှင်နိုင်လိမ့်မည်။ ပိုအတိအကျ ပြောရလျှင် သူသည် အသက် 26 နှစ်တွင် အသက်ရှင်နေတော့ မည် မဟုတ်ပေ။

ဒါပေမယ့် သူ့မှာ နောင်တ မရခဲ့ပါဘူး။

ဘဝကို ဆုံးခန်းတိုင်အောင် ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်တယ်ဟု သူ ခံစားမိသည်။ သူ မသေခင်မှာ သူ့အဖေအိုကြီး အပါအဝင် ကျန်တဲ့သူတွေနဲ့အတူတူ ဟာသတွေလုပ်ရင်း ရယ်မောပျော်ရွှင်နေခဲ့၏။ သူက ၎င်းတို့ကိုအဆုံးထိ စိတ်မထိခိုက်စေချင်ခဲ့ပဲ သူ့ရဲ့နာကျင်မှု ဝေဒနာတွေကို ပျော်ရွှင်ခြင်းတို့နှင့်အတူ ပြည်ဖုံးကာချရန် ဆုံးဖြတ်ခဲ့လေသည်။

ဟား ဟား၊ ပျော်ပျော်နေကြည့်လိုက်တော့လည်းဘဝက ထင်သလောက် မဆိုးပါ။

သို့သော် ဘုရားသခင်တွင် အခြားအစီအစဉ်များ ရှိပုံရသည်။

အသက် ၂၄ နှစ်၌ အထက်အရာရှိများ၏ တောင်းဆိုချက်အရ အခြေစိုက်စခန်းကို အခြားနေရာသို့ ပြောင်းရွှေ့ရန် လိုအပ်ခဲ့သည်။

ထိုနေ့တွင် သူသည် လူပေါင်း တစ်ရာ့ငါးဆယ်ခန့်နှင့်အတူတူ သင်္ဘောပေါ်တက်ခဲ့၏။

သင်္ဘောထွက်ပြီး သုံးနာရီ အကြာတွင် လေဆင်နှာမောင်းနှင့် ကြုံတွေ့ခဲ့ရသည်။  ဒီအခြေအနေက လုံးဝကို မမျှော်လင့်ထားသောအခြေအနေ တစ်ရပ် ဖြစ်ပြီး  သင်္ဘော၌ ပြင်ပသို့ထွက်၍ မရသော လုံခြုံရေး အလုံပိတ်ခန်းများနှင့် နိုင်ငံတော်အဆင့် သုတေသန ဝန်ထမ်းများ အပြည့်ပါဝင်ခဲ့၏။

ရာသီဥတု ပြောင်းလဲမှုတွေဟာ သတိထားရမယ့် အရေးကြီးဆုံးအရာ ဖြစ်ပြီး သည်အပေါ်မှာ အမှားအယွင်းတွေ လုံးဝ လုပ်လို့ မရပေ။

လေဆင်နှာမောင်းသည် အလွန်လျင်မြန်စွာ ထူးထူးခြားခြား ရောက်လာပြီး လေဖိအားနည်း ရပ်ဝန်းမှ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ဖြစ်သည်။  ဘာမှ ပြန်ခုခံခွင့်ပင် မရှိပဲ လူများစွာကို ပင်လယ်ထဲသို့ ဆွဲသွင်းသွားခဲ့သည်။ ပင်လယ်ကို ရှုမြင်ခံစားနေသော နျဲ့ပုဖန်သည် ပထမဦးဆုံးသော လေဆင်နှာမောင်း ဘေးဒဏ် သင့်ခဲ့သူ ဖြစ်၏။

ပင်လယ်ထဲကျသွားသော နျဲ့ပုဖန်သည် သင်္ဘောဆီသို့ သူ့ လက်ကို ဆန့်တန်းကာ ကူကယ်ရာကို ရှာနေခဲ့၏။ သူ၏ ပထမဆုံး အတွေးမှာ အခန်းထဲတွင်အိပ်နေသောသူ၏ ဖခင်အိုကြီးကို ဖြစ်လေသည်။

ပင်လယ်ရေက သူ့နှာခေါင်းနဲ့ ပါးစပ်တို့ကို ပြည့်လျှံသွားသည့်အတွက် မသက်သာသော ဝေဒနာကိုပြင်းထန်စွာ ခံစားလိုက်ရသည်။

သူ သည်လိုနည်းနဲ့ သေမယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါ။ သူ သေမယ့် နောက်ဆုံးအချိန်မှာတောင်ရယ်ရယ်မောမော သေဆုံးသွားချင်တာ ဖြစ်သည်။

26 နှစ်တာ ကာလတိုလေးသာဖြစ်ခဲ့သော်လည်း ဘဝရဲ့အချိန်တွေကို တစ်ပါသူ လက်ထဲမှာ ပင်ပန်းဆင်းရဲစွာ ကုန်ဆုံးခဲ့ရသည်။ ဘုရားသခင်က သနားစရာကောင်းသော သူ့လိုလူအတွက် တကယ်ပဲ သည်ကြီးမားတဲ့ ကံကြမ္မာ ဆိုးကြီးကို ယူဆောင်လာခဲ့သလား။ သနားစဖွယ် ကောင်းလှသည်။

အိုး...
ဤသို့ဖြင့် နျဲ့ပုဖန်သည် တဖြည်းဖြည်း အမှောင်ထဲသို့ ကျသွား၏။

သူ၏ နောက်ဆုံးဆုတောင်းမှာ နောက်ဘဝ တစ်ခုသာ ရှိခဲ့ရင် ခင်ဗျားက ကျွန်တော့် အဖေပြန်ဖြစ်လာနိုင်ပါမလားဟူ၍...။

နျဲ့ပုဖန်သည် စိတ်ထဲတွင် ပြုံးလိုက်မိ၏။ ဘဝသည် အမြဲတမ်း အံ့ဩစရာများနှင့် ပြည့်နှက်နေ၏။

သူ မသေဘဲ တခြားကမ္ဘာ၌ ကူးပြောင်းနေထိုင်သူဖြစ်လာခဲ့ပြီး သူ့အဖေနဲ့ အရမ်းတူတဲ့ အဘိုးအို တစ်ယောက်နဲ့ တွေ့ပြီးနောက် သူတောင်ပေါ် ရွာလေးကို အမွေဆက်ခံရခဲ့သည်။

နောက်တော့ အစွမ်းထက်တဲ့ ကြက်တွေ ရောက်လာခဲ့သည်။

၎င်းတို့နောက်တွင် ကျန်းကျွင်းရှီ၊ လီရီ၊ လီဟွေ့၊ စုချန်းယီ၊ ထျန်းနွီ၊ ရှန်းမုယန်၊ ဝေဒီတို့နှင့် ဆုံတွေ့ခဲ့ရသည်။

နောက်ပိုင်းတွင် သူသည် ထိုက်ပိုင်၊ နိုင်ငံတော်ပညာရှိကြီးတို့အပြင် ဧကရာဇ်မင်း အစရှိသည့် လူများစွာနှင့်လည်း တွေ့ဆုံခဲ့ရသည်။

သူ တကယ် ပျော်ခဲ့ရ၏။

အခုရော သူ တကယ်သေပြီလား မသိဘူးလား။  အခု သူတို့တွေ ဘာတွေ လုပ်နေကြမလဲ။ သူ့အတွက် ဈာပနကျင်းပဖို့ ပြင်ဆင်နေကြပြီလား။  သူ့ကို ကြိမ်းမောင်းဆဲဆိုနေကြသေးလား။

အင်း သူတို့တွေ မပြောမဆိုနဲ့ ရုတ်တရက် သေသွားတဲ့ နျဲ့ပုဖန်ကို ပိုလို့တောင် ကျိန်ဆဲနေကြဦးမယ်နဲ့ တူပါတယ်။

သူ နောက်ဆုံး စကားတစ်ခွန်း ချန်ထားခဲ့သင့်သည် - နျဲ့ပုဖန် သေဆုံးသွားသော်လည်း နျဲ့ပုဖန်၏ ကြက် ထောင်ပေါင်းများစွာ ကျန်ရှိသေးသည်။ ဟူ၍။

ထို့ကြောင့် မည်သူမှ အထီးကျန်မည် မဟုတ်ပေ။

"နျဲ့ပုဖန်" 
လီရီသည် တည်းခိုခန်းထဲမှ အလန့်တကြားအော်ဟစ်လိုက်သည်။

သူသည် အသိစိတ် ကင်းမဲ့နေသော နျဲ့ပုဖန်၏ အင်္ကျိကော်လာကို ဆွဲကိုင်လိုက်ပြီး ဒေါသ အပြည့်ဖြင့် မျက်နှာကို တည့်တည့်ကြည့်ကာ အော်ဟစ်ကျိန်းမောင်းလေ၏။

''မင်း အခု နိုးလာလိုက်တာ ပိုကောင်းမယ်''

ပထမနေ့တွင် နျဲ့ပုဖန် မနိုးပါ။

နောက်နေ့ကျတော့လည်း မနိုးပါ။

သုံးရက်မြောက်သောနေ့၌လည်း သူ မနိုးသေး။

လေးရက်မြောက်နေ့ ရောက်သောအခါတွင် လူတိုင်း မျှော်လင့်ချက်မဲ့သွားကြသည်။ နောက်ဆုံး၌ အားလုံးသည် သူ ပြန်လည် နိုးထမလာနိုင်တော့သည်ကို လက်ခံလိုက်ကြရ၏။

သို့သော် ဤအချက်ကို လူတိုင်း မယုံနိုင်သေးပေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပင်
နျဲ့ပုဖန်မှာ အရှင်လတ်လတ် အကောင်းပကတိအတိုင်း ရှိနေခဲ့သည် မဟုတ်ပါလား။

သူ့ အခြေအနေက ပုံမှန်အတိုင်း ဖြစ်ပြီး လူ နားမလည်နိုင်တဲ့ စကား အဆန်းကြီးတွေ ပြောတတ်တာက လွဲရင် တခြား မူမမှန်တာ ဘာမှမရှိပေ။
သူ သေရင်တောင် ကြက်သိုက်ရွာမှာပဲ သေမယ်လို့ပြောခဲ့ပြီး ...

"ဒီလောကကနေ ထွက်သွားတော့မယ်" လို့လည်းခဏခဏ ပြောခဲ့သေးသည်။

ဒါပေမယ့် သူလို လူမိုက်ရဲ့စကားကို ဘယ်သူယုံမှာလဲ။ လူတိုင်း၏ နှလုံးသားထဲတွင် ဤလူသည် အသက် အလွန်ကြီးသည်အထိ ရှင်သန်နေမည် ဖြစ်ပြီး သေခြင်းတရား ရောက်လာမည့်အချိန်ကို မရှူနိုင် မကယ်နိုင် စောင့်မျှော်နေလိမ့်မည်ဟု ထင်ခဲ့သည်။

နျဲ့ပုဖန်ဆီ သေဆုံးခြင်း ရောက်လာချိန်မှာ သူတို့တွေ အားလုံးကတော့ မြေကြီးထဲတွင် အရိုးဆွေး၍ မြေသြဇာများ၊ ပြာမှုန့်များ၊ ဖြစ်သွားလောက်မည်ဟုထင်မှတ်ခဲ့ကြ၏။

ဒါပေမယ့် အခု အခြေအနေကိုတော့ ဘယ်လိုမှလက်မခံနိုင်ကြပေ။

ဤတွင် ဖန်းလုံက ရုတ်တရက် ပြောလာသည်။

"သူ နန်းတော်ထဲမှာတုန်းက နန်းတွင်းသမားတော်က သူ့ကိုကြည့်ပြီး သူ့သွေးခုန်နှုန်းအရ အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ လက္ခဏာလို့ ပြောခဲ့ပေမယ့် သူ့ရဲ့ သန်စွမ်း ကျန်းမာပြီး စွမ်းအင်အပြည့်ဖြစ်နေတဲ့ပုံစံကို ကြည့်လိုက်တော့ ဒါဟာ သူ့ရဲ့ထူးခြားတဲ့ ခန္ဓာကိုယ်ကြောင့် ထင်တယ်လို့ ကောက်ချက်ချခဲ့တယ်၊ ဒါကြောင့် အရမ်းကြီး မတွေးကြပါနဲ့''

ထိုက်ပိုင်ကလည်း ဝင်ပြော၏။
ငါတို့ ယန်ရှန်း မြို့ထဲကို ပထမဆုံးဝင်တုန်းက ပုဖန် နဲ့အတူတူ ဆေးဆရာဆီ သွားခဲ့ကြတာကို မှတ်မိသေးတယ်။ သူကို ဆေးဆရာက မကြာခင် သေတော့မယ်လို့ ပြောပေမယ့် ကျွန်တော် သူ့ကို ထပ်မေးကြည့်တော့ သူက ဘာမှမဖြေပဲ ပေါ့ပေါ့ပါးပါးပဲ နေခဲ့တယ်''

အားလုံးသည် အတွေးကိုယ်စီဖြင့် နျဲ့ပုဖန်အားဝိုင်း၍ ဂရုဏာ ဒေါသ ဖြစ်ကြသည်။

သည်ကောင် သေမယ့်ကိစ္စကိုတောင် အလေးအနက် မထားခဲ့ဘူးလား။
သေသွားတာတောင် အေးအေးချမ်းချမ်း မသေဘူး။

"မယုံဘူး"

ကျန်းကျွင်းရှီ၏ မျက်နှာသည် နက်ရှိုင်းသောရေပြင် ကဲ့သို့ မည်းမှောင်နေပြီး နျဲ့ပုဖန်အား စိုက်ကြည့်ရင်း သူ့ လက်သီးများကို တင်းတင်းဆုပ်ထားသည်။

ဝမ်ရှင်းချန်သည် လီရီ၏ လက်ထဲမှ နျဲ့ပုဖန်ခန္ဓာကိုယ်ကို ဆွဲယူကာပြောလိုက်သည်။

"သူ့ကို ရွာကို အရင်ပြန်ခေါ်သွားရအောင်"

ထို့ကြောင့် သူတို့သည် ရထား တစ်စီး ငှားကာ နျဲ့ပုဖန်ကို ကြက်သိုက်ရွာသို့ ပြန်ပို့ခဲ့သည်။

ရွာသို့ ပြန်ရောက်သောအခါတွင် ကြက်သိုက်ရွာ၏ လုံခြုံရေး ကြက်များသည် ရထားကို သိမ်းပိုက်လိုက်ပြီး ကျန်သူများမှာလည်း ကြက် တပ်စုကိုလက်မြောက် အရှုံးပေးခဲ့ရ၏။

ခရီးတစ်လျောက် အရမ်း တိတ်ဆိတ်ခဲ့သည်။ လူတိုင်းက ရထားကို ခဏခဏ ကြည့်နေကြပြီး  တစ်စုံတစ်ယောက်သည် ရထားပေါ်မှ ရုတ်တရက် ခုန်ဆင်းလာကာ မောက်မာစွာ အော်၍ ''ဟာဟား၊ မင်းတို့ ငါ့ကို ကြောက်သွားပြီလား။ ငါက ကြက်သိုက်ရွာရဲ့ ရွာလူကြီးပဲလေ။ ငါ သေဖို့ ဘယ်လိုလုပ်လွယ်ကူနိုင်မပါ့လဲ။ မင်းတို့က တော်တော်မိုက်တာပဲ" ဟု ပြောလာမည်ကို စောင့်မျှော်နေကြ၏။

ကံမကောင်းစွာပဲ၊ ကြက်သိုက်ရွာသို့ ရောက်သည့်တိုင် ထိုသူ နိုးမလာပေ။

စုချန်းယီနှင့် ကြက်သိုက်ရွာတွင် ကျန်ရစ်ခဲ့သော အခြားသူများမှာ အသိစိတ် ကင်းမဲ့နေသော နျဲ့ပုဖန်၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားကြပြန်သည်။

"သူ နိုးလာတဲ့အခါ ငါ သေချာပေါက်....."
လီရီက သူ့သွားတွေကို အံကြိတ်ထားပေမယ့် သူ့ဒေါသကို ဖြေဖျောက်ဖို့ ဘယ် စကားလုံးတွေ သုံးရမှန်း မသိတော့ပေ။

ရင်ဘတ်၌ တင်းကြပ်နေသော ခံစားချက်သည် အလွန်ပင် အဆင်မပြေလှ။ သူတို့ နှလုံးသားထဲမှာ တစ်ခုခု ပျောက်ဆုံးနေသလို ဖြစ်နေသည်။

''တုန်းရှန်းရှောင်းဖူက နတ်ဆေး သမားတော်ကို ပင့်လာဖို့ လူလွှတ်ထားတယ်။ အဲ့ပုဂ္ဂိုလ်သာဆိုရင် ဒီကောင့်ကို ကုသပေးနိုင်မှာပဲ''
ဝေဒီက ပြောသည်။ သူ့တွင် ကျန်သူများကို တိုက်ခိုက်ရန် အင်အား မရှိတော့ပါ။ အခြားသူများ နည်းတူ တစ်စုံတစ်ယောက် နိုးထလာမည်ဟုသာ မျှော်လင့်နေသည်။

ထိုတွင် ဖန်းလုံသည် သစ်သားစားပွဲကို လက်သီးချက်ဖြင့် ရိုက်လိုက်ရာ အက်ကွဲသွားလေသည်။ သစ်သားစားပွဲ၏ ကွဲအက်နေရာမှ လေထဲသို့ ဖုန်မှုန့်များလွင့်တတ်လာ၏။

''ဟိုင်...အား''
ဟု အော်ကာ သူ နောက်ပြန်ဆုတ်သွားရသည်။

အမှန်မှာ၊ ဖန်းလုံသည် ခွန်အားများစွာကိုအသုံးမပြုထားသော်လည်း ကြက်သိုက်ရွာသို့ မရောက်ဖူးသောကြောင့် ဤနေရာရှိ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများ အားလုံးသည် ထောင်ချောက်များကဲ့သို့ဖြစ်ပြီး ၎င်းတို့ ကိုယ်ကို အန္တရာယ်ပြုသည့် ရန်သူကို တုန့်ပြန် တိုက်ခိုက်တတ်ပေသည်။ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

"တူပုန်း၊ မင်း တာဝန်တွေ ပျက်ကွက်နေပါလား၊ အိမ်ကိုတောင် ဂရုတစိုက် သန့်ရှင်းရေး မလုပ်ဘူး။ ဖုန်တွေ အများကြီး ထွက်လာတယ်''

ကျန်းကျွင်းရှီက ညင်ညင်သာသာ ဆူငေါက်လိုက်၏။

တုပုန်းသည် စကားတစ်ခွန်းမှ မပြောဘဲ အိမ်အပြင်တွင် ပုန်းနေလိုက်သည်။

"အိုက်ယား" ထိုက်ပိုင်က အော်ပြန်သည်။ 
ခုဏက သူ ထိုင်ခုံပေါ်မှာ လက်ကို အမှတ်တမဲ့ တင်ထားပေမယ့် သူ့လက်က နူးညံ့ပြီး စေးကပ်ကပ်ဖြစ်တဲ့ အရာတစ်ခုနဲ့ ထိမိသွားတာကို သူ မသိလိုက်ပေ။

''ဘန်း...''

တံခါးကို မှီလိုက်သော ထိုက်ပိုင်မှာလည်း မတော်တဆ ပြုတ်ကျသွားပြီး သူလဲကျသွားရာနေရာတွင် ကြက်အမွေးများဖြင့် ပေပွသွားလေသည်။

ကျန်းကျွင်းရှီ၊ လီရီ၊ ဝမ်ရှင်းချန် နှင့် အခြားသော ဒေသခံ အများအပြားသည် ဤအခြေအနေများကို အချိန်အတော်ကြာ ကျင့်သားရနေသဖြင့် တည်ငြိမ်အေးဆေးစွာ ထိုင်ကြည့်နေကြ၏။

သူတို့ တစ်ချိန်တည်းမှာပဲ ကုတင်ပေါ်က လူကို လှည့်ကြည့်လိုက်ကြသည်။

- ဒီကောင် သေနေတာတောင် လူတွေကို ဒုက္ခပေးနိုင်သေးတယ်။

ကြက်သိုက်ရွာ ရှိနေသရွေ့ သူ နိုးလာမှာ သေချာသည်ဟု သူတို့ အခိုင်အမာ ယုံကြည်ကြလေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now