Chapter 26

2.3K 276 0
                                    

Chapter-26
အစားအသောက်ကို ညစ်ညမ်းမခံနိုင်ပါ
...................

နံနက်စောစောတွင် နျဲ့ပုဖန် နိုးလာခဲ့သည်။ သူ့ဘေးမှာတော့ ညက ညီအစ်ကိုနှစ်ယောက်စလုံး ရှိမနေကြတော့။ သို့သော် ဒါကို နျဲ့ပုဖန် ဂရုမစိုက်၊ ဖရိုဖရဲဖြစ်နေသော အင်္ကျီကို ပျင်းရိစွာ ပြင်ဝတ်လိုက်သည်။ ထို့နောက် တံခါးဘောင်ကို မှီ၍ ရပ်နေကာ  သူ့ကိုငေးနေသော လီယီကို တွေ့လိုက်ရ၏။
ထို့ကြောင့် နျဲ့ပုဖန်သည် ခန္ဓာကိုယ်ကို နောက်လှန်လှဲချ၍ ဆွဲဆောင်မှူရှိရှိ ပို့စ်ပေးကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

ငေးနေသော လီယီမှာ သက်ပြင်းချ၍ မျက်လုံးချင်းစုံအောင်ပင် မကြည့်နိုင်တော့ပဲ မျက်နှာလွှဲသွားသည်။

''မင်္ဂလာ နံနက်ခင်းပါ''
နျဲ့ပုဖန်က အိမ်အပြင်သို့ထွက်ရန် လျှောက်လာခဲ့သည်။
ဤတွင် လီယီသည် နျဲ့ပုဖန်၏ ခါးကို စွေ့ကနဲ လှမ်းဖက်ကာ နားအနားတိုး၍ တိုးတိုးပြောလိုက်သည်။

''မင်းကို မနေ့ညကလို လေ့ကျင့်ခန်းမျိုး ထပ်လေ့ကျင့်ပေးရမယ်နဲ့ တူတယ်''

နျဲ့ပုဖန်သည် သူ့ကို မျက်စောင်းထိုးလိုက်၏။

''မင်းရဲ့ စိတ်ကိုသာ မူမှန်အောင် အရင်လေ့ကျင့်ဦး''

လီယီ ကလည်း နျဲ့ပုဖန်၏ ခန္ဓာကိုယ်ကို ခြေအဆုံး ခေါင်းအဆုံး ကြည့်ပြီး ...
''မင်းက ယောကျ်ားလေးရော ဟုတ်ရဲ့လား" ဟုရိသဲ့သဲ့ ဆို၏။

''ယောကျ်ားလေး ကိုယ်လုံးလေး၊ မမြင်ဘူးလား''
နျဲ့ပုဖန်သည် ခေါင်းကို မော့ကာ မာန်ပါပါဖြင့်ပြော၏။
''ငါ့ယောကျ်ား ခန္ဓာကိုယ်ကို ငါကိုယ်တိုင် ကိုင်တွယ် သန့်ရှင်းရေးလုပ်တယ်၊ နောက်ပြီး မိန်းကလေးတွေကိုလည်း တောင်းတနေတယ်''

''မိန်းကလေး ဟုတ်လား''

လီယီက သူ့မေးစေ့ကိုကိုင်၍ ...

''မင်း ဒီဘဝတော့ မိန်းကလေးတွေနဲ့ တွေ့ဖို့ စိတ်မကူးလေနဲ့''

နျဲ့ပုဖန်က ဘာကိုမှ သိပ်ဂရုမစိုက်ပါ။ သူဟာ သာမာန်လိင်စိတ်ရှိသူ တစ်ယောက်လို့သာ သူ့ကိုယ်သူအခိုင်အမာ ယုံကြည်ထားပြီး သူရဲ့မရိုးသားတဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေဟာလည်း အပျော်သက်သက်လုပ်နေခြင်းသာ ဖြစ်သည်။
လီယီသာ ယင်နှင့်ယန်၏ သဟဇာတ ဖြစ်မှု၊ သဘာဝတရားနှင့် မိန်းမနှင့်ယောကျ်ားတို့ကြားက ချစ်ခြင်းမေတ္တာ၏ သဘောသဘာဝ ကိုသေသေချာချာနားလည်မည်ဆိုပါက ဒီလိုစကားမျိုးပြောနိုင်ဦးမှာလား။

''ဘာလုပ်နေကြတာလဲ ဟေ့''

ထိုအချိန်တွင် ကျန်းကျွင်းရှီ သည် ခြံဝန်းအတွင်းသို့ ဝင်လာ၏။
လီယီ နှင့် နျဲ့ပုဖန်တို့ ပူးကပ်ဖက်ထားသောမြင်ကွင်းကြောင့် စိတ်ထဲ မသက်မသာခံစားလိုက်ရသည်။

လီယီက နျဲ့ပုဖန်ကို ပိုတင်းတင်းဖက်ကာ သူ့အပိုင်ဖြစ်ကြောင်း ကြေညာသည်။
ကျန်းကျွင်းရှီကတော့ တည်တည်ငြိမ်ငြိမ် ပြုံးလျှက်
''နျဲ့ပုဖန်၊ မင်းအတွက် ငါရေပူလုပ်ပေးထားတယ်။ သွားချိုးချေ'' ဟုပြောလိုက်သည်။

''ကျေးဇူးပဲ''
နျဲ့ပုဖန်းလည်း ကျန်းကျွင်းရှီ ကို အားကိုးတကြီးပြုံးပြကာ လီယီ လက်မှ ရုန်း၍ ထွက်သွား၏။
ကျန်း နှင့် လီ တို့မှာ တစ်ယောက်နှင့်တစ်ယောက် ပြာကျမတတ် ကြည့်ကာ မျက်လုံးချင်း စစ်ဖြစ်နေကြ၏။ အတန်ကြာကြာ မျက်လုံးစစ်ပွဲဖြစ်ပြီးတဲ့နောက်မှာ ရေမိုးချ်ိုးခဲ့ကြပြီး၊ ထို့နောက် နျဲ့ပုဖန်၏ မီးဖိုချောင်ထဲက လှမ်းခေါ်လိုက်သံကြောင့် သူတို့၏ အသံတိတ်စစ်ပွဲမှာ မီးခိုးမထွက်ပဲ အဆုံးသတ်ခဲ့ရလေသည်။

ဒီနေ့အတွက် ရွာ၏ အဓိကစားသောက်ဖွယ်ရာမှာ ဖက်ထုပ်ဖြစ်သည်။
ချက်ပြုတ်ထားသော ဖက်ထုပ်များကို စားသောက်ပွဲ ပြင်ဆင်ရန် သယ်သွားကြပြီမို့ နျဲ့ပုဖန်မီးဖိုချောင်ထဲတွင် ငံပြာရည်စပ်ရင်း တစ်ယောက်တည်း ကျန်ခဲ့၏။
ထိုအချိန်တွင် ခပ်အေးအေးအသံတစ်ခု နျဲ့ပုဖန် နောက်မှ ထွက်လာသည်။

''ဒီမှာ သက်သက်လွတ်ဖတ်ထုပ်ရှိလား ခင်ဗျ''

''အင်း၊ ဟောဟိုက နှစ်ပွဲက သက်သက်လွတ်ဖတ်ထုပ်တွေပဲ''

နျဲ့ပုဖန်က လှည့်မကြည့်ပဲ ပြန်ပြောလိုက်သည်။

''ကျေးဇူးပါ ခင်ဗျ''

နျဲ့ပုဖန် စကားပြန်ပြောရန် နောက်ကို လှည့်ကြည့်လိုက်သောအခါတွင် ဘာအရိပ်အယောင်မှ မတွေ့ရချေ။ နောက်ပြီး ဘေးမှာထားသော သက်သက်လွတ် ဖက်ထုပ်နှစ်ပွဲလည်း မရှိတော့။

အသံသည် အခုမှကြားဖူးသောအသံဖြစ်ပြီး ကျီဝေါရွာတွင် နေ,နေကြသော သူတို့၏ အသံများမဟုတ်။
နျဲ့ပုဖန် မီးဖိုချောင်အပြင်ကို ထွက်ကာ လျောက်ကြည့်ပေမယ့် ဘာအရိပ်ယောင်မှမတွေ့ရ။ ထို့ကြောင့် တံခါးဘေးတွင် ရောက်နေသော ကြက်တစ်ကောင်ကို မေးလိုက်သည်။

''စောစောက တစ်ယောက်ယောက် ဝင်လာတာတွေ့လိုက်သေးလား''

ကြက်ကလေးသည် နျဲ့ပုဖန် ကို အာရုံမစိုက်ပဲ သူ့အမွှေး သူဆိတ်နေသည်။
မဖြစ်နိုင်တာ၊ ဒီလို ကြက်တွေ ဝိုင်းနေတဲ့နေရာကို  ဘယ်သူ တိတ်တိတ်လေး ခိုးဝင်နိုင်မှာလဲ။
ထို့နောက် နျဲ့ပုဖန်သည် ပန်းပွင့်မိန်းကလေးကို ခေါ်လိုက်၍ သက်သက်လွတ်ဖက်ထုပ်တစ်ခုကို အနံ့ခံခိုင်း၏။
''ပန်းကလေး၊ ဒီအနံ့ရှိတဲ့နေရာဆီ ငါ့ကိုခေါ်သွားစမ်း။ သူခိုးဖမ်းရအောင်''

ပန်းပွင့်မိန်းကလေးသည် အတောင်များကို တဖျက်ဖျက်ခတ်လျှက် ရှေ့မှဦးဆောင်ကာ တစ်နေရာသို့ ဦးတည်သွား၏။ နျဲ့ပုဖန်လည်း နောက်မှလိုက်သွားသည်။

ရွာကိုကျော်သွား၍ ရွာအစွန်၏ ခပ်လှမ်းလှမ်းတောင်စောင်းတစ်ခုအနီးတွင် ပန်းပွင့်မိန်းကလေးက ရပ်လိုက်သည်။

သို့သော် လူမပြောနှင့် ခွေးတစ်ကောင်၊ ကြောင်တမြီးမှပင် မတွေ့ရချေ။ သို့သော် ဖက်ထုပ်ပန်းကန်အလွတ်နှစ်ခုကို တွေ့လိုက်ရ၏။

စားတာ တော်တော်မြန်တဲ့လူပဲ ...
နျဲ့ပုဖန် ဒေါသထွက်သွားသည်။ ထိုပုဂ္ဂိုလ်သည် ရွာထဲကို လျှို့ဝှက်လမ်းတစ်ခုနေ ဝင်လာတာဖြစ်လိမ့်မည်။ သူခိုးဝိဇ္ဇာတစ်ယောက် ဖြစ်မည်ထင်သည်။

ရတနာသိုက်ကိစ္စကြောင့် အိမ်တော်လေးခုက လူများသာမက အခြားသော အိမ်တော်များမှ လူများသည်လည်း ထိုကိစ္စကို စိတ်ဝင်စားနေကြသည်။ သို့သော် ၎င်းတို့မှာ ကျီဝေါရွာသို့ ပေါ်ပေါ်တင်တင် မဝင်ရဲကြ၍ သူခိုးဝိဇ္ဇာများကို စေလွှတ်ကာ လျှို့ဝှက်လမ်းရှာခိုင်းထားခြင်း ဖြစ်မည်။ ကျီဝေါရွာရှိ ကြက်များသည် လူစိမ်းတစ်ဦးဝင်လာသည်နှင့် ချက်ချင်းသိကြသည်။ ထို့ကြောင့် ယခုပုဂ္ဂိုလ်မှလွဲ၍ ရွာထဲသို့ ဘယ်လူစိမ်းမှ မဝင်လာရဲကြပဲ အပြင်ကသာ အခြေအနေကြည့်နေကြရခြင်း ဖြစ်သည်။

ယခုတွင် ချွင်းချက်တစ်ခုရှိသွားပြီ ဖြစ်သည်။
နျဲ့ပုဖန်သည် မေးစေ့အား ပွတ်သပ်စဥ်းစားလျှက် နေရာမှ လှည့်ပြန်လာခဲ့သည်။
ဤတွင် ခပ်လှမ်းလှမ်းမှ ကြက်တစ်ကောင်သည်ပါးစပ်ထဲ၌ တောက်တောက်ပြောင်ပြောင်အရာတစ်ခု ကိုက်ချီထားသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် နျဲ့ပုဖန်လည်း ကြက်ထံမှ ထိုအရာကို ဆွဲလုကာ သေချာကြည့်လိုက်တော့ ဒင်္ဂါးပြားတစ်ခုဖြစ်နေ၏။
ဒင်္ဂါးပြား၏ ရှေ့ဘက်တွင် သင်္ဘောပုံတစ်ခုရိုက်နှိပ်ထားပြီး တစ်ဖက်၌ ဤဒေသသုံး စကားလုံးမဟုတ်သည့် စာတစ်ချို့ပါရှိနေသည်။
ဤဒေသ၏ ငွေကြေးမဟုတ်သည်မှာ သေချာပြီ။
နျဲ့ပုဖန် ဘေးဘီဝဲယာကို မျှော်ကြည့်လိုက်ရာ  တောင်သည် ရေကန်နှင့် တစ်ဆက်တည်းရှိနေသည်ကို တွေ့လိုက်ရ၏။ ရေကန်သည် ရတနာသိုက်၏ အဝင်ဝဖြစ်၏။ ဤဒင်းဂါးပြားမှာလည်း ရတနာသိုက်ထဲမှ ထုတ်ယူလာဟန်ရှိသည်။ တောင်ကုန်းတွင် ကျင်းပေါက်ငယ်တစ်ခု ရှိနေ၏။ ထိုနေရာကနေ မြေကိုတူးပြီး ရတနာသိုက်ထဲ ဖောက်ဝင်ခဲ့ဟန်ရှိသည်။
ဒီလိုဆို သော့တွေ ဘာလို့လိုတော့မှာလဲ။
နျဲ့ပုဖန်သည် မေးစေ့ကို ပွတ်ကာတွေးတောနေသည်။

''မဟုတ်သေးဘူး။ ဒီတောင်က တော်တော်ကြီးမားတယ်။ တောင်ကို ဖောက်ပြီးဝင်ဖို့ဆိုတာ မြေကြီးဖောက်ဖို့ အချိန်နဲ့ အင်အား တော်တော်စိုက်ရမယ်၊ ဒီက လူတွေအတွက် ဖောက်ဝင်ဖို့ မလွယ်လှဘူး''

ထိုအချိန်တွင် ကြက်ကလေးသည် ကျင်းပေါက်ထဲသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရ၏။ နျဲ့ပုဖန်သည် ကြက်၏အမြီးကို လှမ်းဆွဲထုတ်လိုက်သည်။

''ကြက်ကလေး၊ နောက်တစ်ခါ အဲ့အပေါက်ထဲကို မဝင်နဲ့၊ အပြင်မှာ မကောင်းတဲ့လူတွေ အများကြီးက စောင့်ကြည့်နေကြတာ၊ မင်း ဒီလိုလျောက်ဝင်နေတာတွေ့ရင် သူတို့ ဖမ်းပြီး ကင်စားကြလိမ့်မယ်''

မောင်ကျီ ဟုခေါ်သော ကြက်လေးသည် စိတ်ဆိုး၍  ခုန်ဆွခုန်ဆွလုပ်ကာ ရန်မူ၏။
နျဲ့ပုဖန် က ထပ်ပြောသည်။
''ဒါဆို ရတနာသိုက်ထဲကနေ ပစ္စည်းတွေ ယူ,ယူလာတာ မင်းပေါ့လေ၊ ဒါဆို ဟိုစာအုပ်ကိစ္စကလည်း မင်းပဲဖြစ်ရမယ်''

မောင်ကျီ သည် ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့လိုက်သည်။

''တော်တယ်''
နျဲ့ပုဖန်သည် ကြက်ကလေး၏ ခေါင်းကို လက်ဖြင့်ပွတ်ကာ ''မင်း ပစ္စည်းတွေ ထားတဲ့နေရာကို ငါ့ကိုခေါ်သွားပေး၊ မင်း ဘယ်လောက်ကောင်းတဲ့ပစ္စည်းတွေ ခိုးထားလဲ ကြည့်ရမယ်''

မောင်ကျီ က ခေါင်းကို တဆက်ဆက်ငြိမ့်သည်။
ထို့နောက် ရွာရှိရာ ဘက်သို့ ထွက်သွား၍ သူ့နောက်မှ နျဲ့ပုဖန် လိုက်လာခဲ့၏။

နျဲ့ပုဖန် ရွာထဲသို့ ဝင်လာသောအခါ ကျန်းကျွင်းရှီကို အရင်ဆုံး မြင်လိုက်ရ၏။

''နျဲ့ပုဖန်၊ မင်းဘယ်သွားနေတာလဲ။ မင်း ဖက်ထုပ်တွေရော ဘယ်မှာလဲ။ ဘာလို့ မကျွေးသေးတာလဲ ...''

''မင်း ဆာနေရင် စားတော့လေ၊ နောက်ပြီး လူတွေ ဗိုက်ဆာနေတော့မယ်။ မင်း သူတို့ဆီ လိုက်ပို့ပေးလို့ရမလား၊ ဖက်ထုပ်တွေကိုလေ''

''မင်းက ဘာဖြစ်လို့လဲ''

''ငါ ကိစ္စလေးရှိလို့ပါ''

နျဲ့ပုဖန် က အော်ပြောရင်း ဘေးကနေ အပြေးထွက်သွားလေ၏။

ကြက်ကလေး မောင်ကျီ သည် နျဲ့ပုဖန် အား တစ်ဖက်ရွာပြင်ရှိ ခြံဝန်းတစ်ခုဆီသို့ ခေါ်သွား၏။ ဤနေရာသည် ရွာထဲနှင့် နည်းနည်းလှမ်း၍ ပြင်ဆင်လက်စ တန်းလန်းဖြစ်ပြီး လူသူမနေ။ မောင်ကျီ သည် ထိုခြံဝန်းထဲရှိ အိမ်၏ သစ်သားတံခါးအား ကုတ်ခြစ်ပြနေ၏။
နျဲ့ပုဖန် လည်း ထိုသစ်သားတံခါးကို ဆွဲဖွင့်လိုက်တယ်ဆိုရင်ပဲ အထဲ၌ ပြိုးပြိုးပြောင်ပြောင် ကျောက်မြတ်ရတနာ အဆင်တန်ဆာတချို့၊ စာအုပ်စာပေများနှင့် အခြားသော အဖိုးတန်ပစ္စည်းများကို မြင်လိုက်ရသည်။ အားလုံးပေါင်း ပစ္စည်း လေးဆယ်၊ ငါးဆယ်ခန့် ရှိဟန်တူပြီး အတော်လေးတန်ဖိုးကြီးပေသည်။

နျဲ့ပုဖန်သည် ကြည်လင်၍ လှပသည့် အနက်ရောင်ပုလဲလုံးလေးတစ်လုံးကို ကောက်ယူလိုက်၏။ ပုလဲကို သေချာကြည့်ပြီးနောက် သူ့အိပ်ကပ်ထဲ ထည့်လိုက်သည်။
ဤသည်ကို မြင်သောအခါ မောင်ကျီ သည် စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အတောင်ပံကို ဖြန့်၍ နျဲ့ပုဖန် အား ရန်လုပ်၏။ သူ၏ အသိုက်ဖြစ်သော ရတနာပုံအား ကာကွယ်နေဟန်လုပ်၍ နျဲ့ပုဖန်အား မျက်ထောက်နီဖြင့် ကြည့်နေသည်။

''ဟေ့၊ ငါ ပုလဲလေးတစ်လုံးပဲ ယူတာပါကွာ၊ ဘာမှ မဖြစ်ပါဘူး။ အဲ့လောက်ကြီး စိတ်မဆိုးပါနဲ့''

ထို့နောက် နျဲ့ပုဖန်သည် ၎င်းရတနာပုံပေါ်၌ အဝတ်စများ အုပ်ကာ လူမသိသာအောင် ဖွက်ထားလိုက်သည်။

ထိုအချိန်မှစ၍ နျဲ့ပုဖန်သည် ရွာအနှံ့ သေသေချာချာ စစ်ဆေးရှာဖွေခဲ့သည်။ ရတနာ အတိုအစများကို ရွာ၏နေရာအနှံ့၌ ဟိုတစ်စ၊ ဒီတစ်စ တွေ့ရ၏။ ၎င်းတို့မှာ များသောအားဖြင့် သေးငယ်သော အတိုအစလေးများ ဖြစ်တာကြောင့် မျက်စိထဲတွင် သာမာန်ကြည့်ရုံမျှဖြင့် မြင်နိုင်မည်မဟုတ်။ ရက်အနည်းငယ်အကြာတွင် နျဲ့ပုဖန် ရတနာ ဆယ်ခုကျော်ကျော် စုဆောင်းရရှိခဲ့သည်။ သို့သော် ရှာမတွေ့သေးသော ရတနာများလည်း ရှိနေဦးမည် ဖြစ်သည်။

ကြက်တွေ ဖောက်ထွင်းထားသော ပညာရှိကြီး၏ ရတနာသိုက်သည် အထဲ၌ မည်သို့မည်ပုံဖြစ်ပျက်နေတော့မည် မသိ။ အိမ်တော်လေးခု ရတနာသိုက်ဖွင့်သောနေ့အထိ အထဲမှ ရတနာတွေ ကျန်နေသေးပါစေ ဆုတောင်းရမည်။ နျဲ့ပုဖန် ကြက်များ၏ အဖျက်စွမ်းအင်သည် သာမာန်လူများ တွေးနိုင်တာထက် ကျော်လွန်နေသည်။ အထူးသဖြင့် ၎င်းကြက်များ၏ ဥာဏ်ရည်အဆင့်အတန်းသည်အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးလျှက်ရှိနေကာ သူတို့ဘာသာ သူတို့တွေးတောဆင်ခြင်၍ လုပ်ချင်တာလုပ်တတ်နေကြသည်။

တကယ်တမ်း ရတနာသိုက်သည် သူ၏ကြက်များ တံခါးမရှိ၊ ဓားမရှိဝင်လို့ရသော နေရာမှန်းသိသောအခါ နျဲ့ပုဖန် စိတ်မဝင်စားတော့ချေ။ ထိုထက် အရိပ်ထဲမှာပုန်းပြီး အသံပဲကြားရတဲ့သူခိုးကို ပိုစိတ်ဝင်စားနေမိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အစာခိုးဖို့ ရွာထဲသို့ အကြိမ်ပေါင်းများစွာခိုးဝင်ခဲ့ပေမယ့် သက်သက်လွတ်ပဲ စားသောကြောင့် ဖြစ်သည်။

နျဲ့ပုဖန်သည် တမင်သက်သက် အသားချည်းပဲ ချက်သော်လည်း ထိုသို့သောနေ့မျိုးတွင် ထိုလူက ထမင်းတစ်ပွဲနှင့် ကြက်ဥပြုတ်နှစ်လုံးကိုသာ ယူသွားသည်။ ထို့ကြောင့် နောက်ဆုံး မနေနိုင်သည့်အဆုံးတွင် ဟင်းသီးဟင်းရွက် တောင်းတစ်တောင်း ပေးလိုက်ရသည်။

ထိုပုဂ္ဂိုလ်ကို ရှာဖို့အတွက် ပန်းပွင့်မိန်းကလေးနှင့်  တခြားကြက်ကလေးများကို တာဝန်ပေးကာ ရွာတွင်း ရွာပြင် သေချာစောင့်ကြည့်ခိုင်းထားသော်လည်း ထူးခြားသည့်ရလဒ် မတွေ့ရပေ။ ထိုပုဂ္ဂိုလ်သည် ဘာသဲလွန်စမှမရှိသော တစ္ဆေကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်ပုံရသည်။

နျဲ့ပုဖန်သည် မနေနိုင်တော့ပဲ ဟင်းများကို ပေါက်တတ်ကရ မျိုးစုံချက်တော့သည်။ ဟင်းတွေထဲမှာ ကြက်ခြေထောက်တွေ အချောင်းလိုက် ထည့်ချက်သည်။ အသီးအရွက်တွေကို စားမရတဲ့အထိ စပ်ပြဲနေအောင် ချက်သည်။ ဟင်းသီးဟင်းရွက်များကို အသားဟင်သဖွယ်ချက်၊ အသားဟင်းကို ရွံစရာ မစင်သဖွယ်ချက်၊ ထိုသို့ ပေါက်တတ်ကရတွေ ချက်ကာ သူခိုးကို စမ်းသပ်သည်။ နျဲ့ပုဖန်၏ စားလို့ တစ်စက်မှ မရသောဟင်းများကြောင့် ရွာရှိ လူများ ရက်အနည်းငယ်အတွင်း ကိုယ်အလေးချိန် ကျကုန်ကြသည်။

''မဟုတ်သေးပါဘူး။ မင်း တစ်ခုခုများ ဆေးစားမှားနေတာလား။ ဘာဖြစ်နေတာလဲ''
နောက်ဆုံးတော့ ကျန်းကျွင်းရှီမှာ မနေနိုင်တဲ့အဆုံး စ,မေးရသည်။ သူ့ရှေ့ရှိ စားစရာဟင်းပွဲများမှာ မကောင်းဆိုးဝါးတစ်ကောင်၏ စားပွဲကဲ့သို့ အငွေ့အသက်များ ရနေသည်။

''ငါက ဘာဖြစ်နေလို့လဲ''

နျဲ့ပုဖန်က အေးအေးဆေးဆေးဖြင့် ဟင်းဖက်တစ်ဖက်ကို ပါးစပ်ထဲထည့်ရင်း ဝါးလိုက်သည်။
ကျန်းကျွင်းရှီမှာ နျဲ့ပုဖန် ဝါးစားနေသော ဦးခေါင်သဏ္ဍာန် အရာကြောင့် ကိုယ့်ခေါင်းပင် ကိုယ်ကျိန်းနေမိသည်။

''ဟုတ်ပါပြီ။ မင်း ဘာမှမဖြစ်ဘူးဆိုရင် ဒီဟင်းတွေက ဘာဖြစ်နေတာလဲ''

''ဟင်းတွေကရော ဘာဖြစ်နေလို့လဲ။ ပုံမှန်ပဲ မဟုတ်ဘူးလား''
နျဲ့ပုဖန်က မသိကျိုးကျွံပြုကာ ဆိုသည်။

ကျန်းကျွင်းရှီ လည်း ခြောက်ကပ်ကပ်ရယ်၍ ထိုနေရာမှာ ဆက်ထိုင်နေသော်လည်း စားချင်သောက်ချင်စိတ်များ ကုန်ခမ်းနေပြီ ဖြစ်သည်။

လီယီ ကတော့ မတုန်မလှုပ် ကျောက်ရုပ်လို မျက်နှာဖြင့် ထမင်းစားပွဲတွင် ထိုင်နေသည်။ သူသည် သာမာန်ဖြစ်သော ဟင်းတစ်မျိုးမျိုးကို ရှာဖွေနေပေမယ့် ဟင်းများသည် ရွံရှာဖွယ်အသွင်ဖြစ်နေသည်သာမက ထမင်းကအစ အဝါရောင်ဖြစ်နေသည်ကတော့ စိတ်ပျက်စရာပင်။
ထိုအချိန်တွင် အပြင်မှဝင်လာကြသော ခြေသံများကို ကြားလိုက်၏။ လီဟိုက်သည် မျက်နှာမအီမသာဖြင့် လျောက်လာသည် သူ့နောက်တွင် စုချန်းယိနှင့် ရှန်းမုလန်တို့လည်း ပါလာ၏။ သူတို့သည် အစားအသောက်နှင့် ပက်သက်၍ သည်းမခံနိုင်လောက်အောင် ဒုက္ခရောက်နေရသည့်အတွက် ဆန္ဒလာပြကြခြင်း ဖြစ်သည်။

လီဟိုက်သည် နျဲ့ပုဖန် ကို ဆီး၍ ရန်တွေ့၏။
''နျဲ့ပုဖန်၊ ဒါဘာတွေလဲ ...''
နျဲ့ပုဖန် က သူ့အား ဘာမှမသိသလို မော့ကြည့်သည်။

''ငါတို့က ဒါတွေ ဘယ်လိုစားရမှာလဲကွ ...''

''ဘာလဲ။ အရသာမရှိလို့လား''

နျဲ့ပုဖန်သည် ပြောပြောဆိုဆိုဖြင့် တီကောင်နှင့်တူသော အရာတစ်ခုကို ပါးစပ်ထဲ ထည့်ဝါးကာ အရသာခံနေသောကြောင့် နေရာရှိလူအားလုံးမှာ သူ့ကို တည့်တည့်မကြည့်နိုင်ပဲ မျက်နှာလွှဲထားရ၏။

''ပြောစမ်း။ မင်း ဘာဖြစ်ချင်နေတာလဲ ...''
လီဟိုက် စားပွဲခုံကို ရိုက်၍ စိတ်ဆိုးမာန်ဆိုး ပြောသည်။
နျဲ့ပုဖန်သည် ပါးစပ်ကို အဝတ်စဖြင့် သုတ်လိုက်ပြီး  အေးအေးဆေးဆေး ရှင်းပြသည်။

''တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ အခုတလော ကျွန်တော့် မီးဖိုချောင်ထဲကို ဝင်ဝင်လာပြီးအစားအသောက်တွေ ခိုးတဲ့လူရှိနေတယ်။ ဒါကြောင့် ကျွန်တော် အကြံတစ်ခုရပြီး ဒီလိုတွေ လုပ်ရင် အဲ့သူခိုးခံနိုင်ပါ့မလား သိချင်တာနဲ့ လုပ်ထားတာပါ''

''ကြက်သိုက်ရွာထဲကို အပြင်က လူစိမ်းတစ်ယောက်ခိုးဝင်တယ် ဟုတ်လား''
လီယီ၏ မျက်နှာမှာ ခပ်တည်တည် ဖြစ်သွားသည်။
နျဲ့ပုဖန်က ခေါင်းငြိမ့်ပြ၏။

ဒါဆို အခုတလော နျဲ့ပုဖန်က အစားအသောက်တွေကို အလောင်းကောင်အင်္ဂါလိုတွေ၊ အညစ်အကြေးလိုတွေ လုပ်နေတာ အဲ့ဒီသူခိုးကြောင့်လားဟု လီဟိုက် တွေးရင်း အံကြိတ်မိလိုက်သည်။

နျဲ့ပုဖန် ခေါင်းငြိမ့်၍ လေးလေးနက်နက် ပြောသည်။
''ဒါက အရေးကြီးတဲ့ကိစ္စမို့ပါ၊ အစားအသောက်တွေက ပုံစံတစ်မျိုးဖြစ်နေပေမယ့် အရသာမပျက်စေရပါဘူး''

တမင် သက်သက်လုပ်နေတာ မဟုတ်မှန်းအားလုံး၏ ခေါင်းထဲမှာ တွေးမိသွားကြသည်။

စုချန်းယိ က ထိုင်နေရာမှ ဝင်၍ ပြောသည်။
''ငါတို့ အိမ်တော်ကြီးလေးခုကလူတွေ ရွာထဲမှာရှိနေကြတာကို လူစိမ်းက ခိုးဝင်ရဲတယ်။ ဒါ တော်တော်ကြီးတဲ့ကိစ္စပဲ''

''ငါတို့ ဒီအတိုင်း ထိုင်နေလို့တော့မရဘူး''

ရှန်းမုလန် ကလည်း ထောက်ခံ၏။

''မှန်တယ်'' လီဟိုက် ကလည်း ခေါင်းငြိမ့်၏။

''ဒါဆို လူတိုင်း ဒါကိုလက်ခံရင် ငါတို့တွေ သူခိုးကို အတူတူ ရှာဖမ်းရအောင်''
စုချန်းယိက နှုတ်ခမ်းထောင့်ကွေးလျှက် အန္တရာယ်ရှိသော အပြုံးတစ်ခုကို ပြုံး၍ ပြောသည်။

ရာဇဝတ်ကောင်ကို ဖမ်းဖို့ သူတို့တွေ ပူးပေါင်းကြံစည်နေကြတာဟာ ပုံကြီးချဲ့တာမျိုးတော့ မဟုတ်ပါ။

ရွာတွင် တည်းခိုနေကြသော မင်းမျိုးမင်းနွယ်နှင့်  အထက်တန်းလွှာ အမျိုးကောင်းသားများသည် လူလုံး ထွက်မပြပဲ ပုန်းနေသည့်လူအပေါ် တစ်ချိန်တည်းမှာပင် ရန်လိုမှုများ တိုးပွားလာခဲ့ကြတော့သည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now