Chapter 55

2K 274 2
                                    

Chapter - 55
ကြက် သုံးကောင်


အဲ့လူက ကြောင်လေးကို သူ့လက်ထဲမှာ ကိုင်ထားပြီး နျဲ့ပုဖန်တို့ဆီကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သူ ချဉ်းကပ်လာတာနှင့်အမျှ သူ့လက်ထဲက ကြောင်ဟာ ပို၍ ပြင်းထန်စွာ တဆတ်ဆတ် ရုန်းကန်လေ၏။

ထိုလူ၏ မျက်လုံးများမှာ အနည်းငယ် အေးစက်သွားသည်။ သူသည် နျဲ့ပုဖန်နဲ့ သုံးလှမ်းအကွာတွင် ရပ်လိုက်ပြီး “အထဲမှာ ဘာရှိလဲ” ဟု အထင်သေးသော လေသံဖြင့် မေးလိုက်သည်။

ဘေးမှာ ထိုင်နေသော ချင်ပေါ်အာက မျက်နှာပျက်သွား၏။ နျဲ့ပုဖန် မျက်နှာကတော့ တည်ငြိမ်နေပေမယ့် သတိကြီးကြီး ထားနေရသည်။

နျဲ့ပုဖန်မှာ ထိုသူဆီက ပြင်းထန်တဲ့ ဖိအားမျိုး လုံးဝမခံစားရသကဲ့သို့ ခပ်အေးအေးပင် မေးစေ့ကို လက်ထောက်လျှက် ဖြေလိုက်၏။

''ကြက်တွေ''

"ဘာ" ထိုသူက ခဏလောက် ကြာတော့ ကြောင်သွားသည်။ သူ့ မေးခွန်းနဲ့ "ကြက်" ဆိုတဲ့ စကားလုံးဟာ ဆက်စပ်မှု ရှိမနေ၍ ဖြစ်၏။

"ကြက်လို့ ပြောတာ'' 
နျဲ့ပုဖန်က ထပ်ပြောသည်။

“ဒီထဲမှာ ဘာရှိလဲလို့ မေးတယ်မလား၊ အဲ့ဒါ ကြက်တွေလို့ ငါ ဖြေတယ်လေ၊ နားလည်ရဲ့လား''

နျဲ့ပုဖန်က ကလေး တစ်ယောက်ကို ရှင်းပြသလိုမျိုး တစ်ခွန်းခြင်း ပြောပြလိုက်၏။

အနီးနားရှိ လူအနည်းငယ်ထံမှ ပင့်သက်ရှိုက်သံအချို့ထွက်ပေါ်လာသည်။ ၎င်းတို့ဟာ ထိုယောက်ျားက ဒေါသဖြစ်မှာ စိုးရိမ်လို့လား ဒါမှမဟုတ် ကြက်ရဲ့ဆိုတဲ့ စကားက မသင့်တော်တာ ကြောင့်လား မသိ။

ထိုလူက ခဏလောက် နှုတ်ဆိတ်သွားပြီး “မင်းကြက်တွေ ထုတ်လိုက်၊ ကြည့်ကြရအောင်” လို့ ပြောလာသည်။

နျဲ့ပုဖန်က လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး
“တစ်ကြိမ်ကြည့်ရင် အကြွေစေ့ ၁၀ ပြား”
ဟု လက်ဟန်လုပ်ကာ ပြောလိုက်သည်။

လူတိုင်းထံမှ နောက်ထပ် ပင့်သက်ရှိုက်သံ တစ်ခု ထွက်ပေါ်လာသည်။ ချင်ပေါ်အာသည်ပင် နျဲ့ပုဖန်ကို ပုံမှန်အတိုင်း နှိမ့်ချ ပြုမူရန် တိုးတိုးတိတ်တိတ်အရိပ်အကဲပြလေသည်။

တကယ်တော့ နျဲ့ပုဖန်သည် မိမိကိုယ်ကို လုံးဝ ပုံမှန်ဖြစ်နေကြောင်း ခံစားရသည်။ ပိုကြီးတဲ့ အဆင့်အတန်း နောက်ခံနဲ့ လူတွေဟာ လှည့်စားလို့ ပိုကောင်း၍ ဖြစ်သည်။ ကြေးနီဒင်္ဂါး အနည်းငယ်သည် ထိုလူများအတွက် ဘာမှ မဖြစ်နိုင်သလို၊ မြေပြင်ပေါ်ပြုတ်ကျသွားရင်တောင် နှမျောပြီး ပြန်ကောက်ကြမှာ မဟုတ်၊ သို့သော် နျဲ့ပုဖန်အတွက်တော့ အသားပေါက်ဆီ အနည်းငယ် ဝယ်စားလို့ရမည် ဖြစ်သည်။
ဒါ့အပြင် အခု ချိုချိုသာသာ ဆက်ဆံလိုက်ရင်တောင် ဘာ မျက်နှာသာမှ ရမှာ မဟုတ်သလို အလကား သက်သက် အချိန်ကုန်မည်၊ ဘာကြောင့်နိမ့်ချ ပြောဆိုနေရမှာလဲ။

အဲ့လူကတော့ သူ့ကို လှောင်ပြောင်ဝံ့တဲ့သူကို တစ်ခါမှ မတွေ့ဖူးသကဲ့သို့ နျဲ့ပုဖန်ကိုသေသေချာချာ ကြည့်လာသည်။ 
ကြက်တောင်းပိုင်ရှင် လူငယ်မှာ တောက်ပသော မျက်လုံးများအပြင် ဘာမှ ထူးထူးခြားခြား ရှိသည့်ပုံမပေါ်။ သိုင်းပညာရှင်၏ အရှိန်အဝါ၊ မြင့်မြတ်သော ပုဂ္ဂိုလ် တစ်ဦးဦးကဲ့သို့ အရှိန်အဝါ လည်း မရှိ၊ မြင့်မားသော ရာထူးတစ်ခုခုမှ လာသူလည်း မဟုတ်နိုင်။ ဒါပေမယ့် သူ့ အငွေ့အသက်က လန်းဆန်းနေပြီး သူ့မျက်လုံးတွေက ပြုံးရွှင်တောက်ပနေတာကြောင့် မြင်ရသူအဖို့ နွေဦးလေညင်းကို ခံစားရသကဲ့သို့ အေးချမ်းစေသည်။

“ကောင်းပြီ" မထင်မှတ်ပဲ ထိုယောက်ျားက တကယ်သဘောတူလိုက်သည်။ သူလည်း ထူးခြားတဲ့ ခံစားချက်အချို့ကို ခံစားရပြီး ချွမ်ကျွင်း ကို ကြောက်လန့်စေတဲ့အရာက ဘယ်လိုတိရစ္ဆာန်မျိုးလဲဆိုတာ မြင်ချင်နေမိသည်။

သူ၏ တုံ့ပြန်မှုသည် တစ်ခုခုမှားနေပြီဟု ထင်မှတ်ရလုနီးပါးပင် သူ့နောက်မှ လိုက်ပါလာသူများ အားလုံးလည်း အံ့သြနေကြသည်။

"မင်းရဲ့ကတိကို မမေ့နဲ့" 

နျဲ့ပုဖန်က ပျော်ရွှင်စွာ ဝါးခြင်းတောင်းကို ဖွင့်၍ ပန်းပွင့်မိန်းကလေးကို ကိုင်ကာ ထုတ်လာသည်။

''သူက ပန်းပွင့်မိန်းကလေးလို့ ခေါ်တဲ့ ကြက်မလေးပါ၊ အိမ်ကို စောင့်ရှောက်တဲ့ နေရာမှာ အရမ်းသစ္စာရှိပြီး ထက်မြက်တဲ့အတွက်ကြောင့် ခရီးသွားတဲ့အခါမပါမဖြစ် အဖော်လေးပေါ့''

ထိုလူသည် နျဲ့ပုဖန်၏ ကြွားဝါ ပြောနေသော စကားများကို လျစ်လျူရှုထားသည်။ သူအစက ကြမ်းတမ်းသော သားရဲ တစ်မျိုးမျိုး မြင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဝါးခြင်းတောင်းထဲတွင် အမှန်တကယ်ပင် ကြက်တစ်ကောင်ရှိနေခဲ့သည်။
မီးတောက်ကဲ့သို့သော ဦးခေါင်းနှင့် ရောင်စုံအမွေးအမျှင်များ ရှိနေခြင်းက  ၎င်းသည် သာမန်ကြက်တစ်ကောင် မဖြစ်နိုင်ကြောင်း ထောက်ပြနေသည်။ သူ မျှော်လင့်ထားတာနဲ့ မြင်လိုက်ရတာ တလွဲဖြစ်နေသည့်အတွက် နည်းနည်း ဒေါသထွက်သွားသည်။

သို့သော် သူ့လက်ထဲတွင် ရှိသည့် ကြောင်သည် ဤကြက်ကို အလွန် ကြောက်လန့်နေပုံရပြီး ပန်းပွင့်မိန်းကလေးအား အော်ဟစ်နေခဲ့သည်။

ပန်းပွင့်မိန်းကလေး၏ မူလပုံစံမှာ တောခွေးတစ်ကောင်ဖြစ်ပြီး ခွေးသည်  ကြောင်များ၏ သဘာဝရန်သူ ဖြစ်သောကြောင့် ဘယ်ကြောင်က မကြောက်ပဲနေမည်နည်း။
ထိုအခါ ပန်းပွင့်မိန်းကလေးက စားပွဲပေါ် ခုန်တက်ကာ လည်ကိုဆန့်၊ တောင်ပံဖြန့်၍ သူမ၏ အရှိန်အဝါကို ပြသသည်။

ကြောင်ဖက်တီးသည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ် ရုန်းကန်ကာ ပန်းပွင့်မိန်းကလေးအား မကြည့်ဝံ့ပဲ သူ့သခင်ဆီ တွယ်ကပ်၍ လက်သည်းများဖြင့်အင်္ကျီကို ကြောက်အား လန့်အား ကုတ်ခြစ်နေသည်။

ထိုအခါ ထိုလူ၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ပေါ်လာသည်။ သူ ဂရုတစိုက် လေ့ကျင့်ထားတဲ့ ကြောင်က ကြက်ကို ကြောက်နေတာလား။ ချွမ်ကျွင်းဟာ မြွေတွေနဲ့ ခွေးတွေကိုတောင် သတ္တိရှိရှိတိုက်ခိုက်ရဲပြီး၊ သိုင်းပညာရှင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါတောင် ကြောက်ရွံ့နေသူ မဟုတ်။  အောက်တန်းကျတဲ့ ကြက်မကို ဘာလိုကြောက်ရတာလဲ။ ကြားရတာ ရယ်စရာ ကောင်းတယ်။

ဝါးခြင်းတောင်းထဲတွင် ဝှက်ထားသော အခြားသားရဲများ ရှိသေးသည်ဟု သူ ယုံကြည်နေပြီး ထိုသတ္တဝါတွေကို မြင်တဲ့အခါ ချွမ်ကျွင်း ပို၍ ကြောက်သွားမှာ ထင်ရှားသည်။

ထိုလူက ထပ်ပြောသည်။

“မင်းရဲ့ ဝါးတောင်းထဲမှာ ဘာကျန်သေးလဲ။  ထုတ်ပြီး ကြည့်ရအောင်"

နျဲ့ပုဖန် က လက်နှစ်ချောင်းကို ထောင် ပြီး “အကြွေ ၂၀” လို့ ပြောလိုက်သည်။

“ကောင်းပြီ”  ထိုလူ၏ လေသံက အေးစက်နေ သည်။ ဝါးခြင်းတောင်းထဲမှာ ရှားပါးပြီး ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်တွေ ဝှက်ထားတယ်ဆိုတာကို သူ သေချာပေါက် မြင်ချင်နေသည်။

မမျှော်လင့်ဘဲ နျဲ့ပုဖန်သည် ဝါးခြင်းတောင်းထဲမှ နောက်ထပ် ကြက်များကို ထုတ်ယူလိုက်သည်။ 

“ပိုးကောင်လေးတဲ့ သူက ကြက်မလေး၊ ယောက်ျားတွေကို ချစ်တယ်၊ အားနည်းသူကို အနိုင်ကျင့်တတ်တယ်၊ အားကြီးသူကို ကြောက်ရွံ့တယ်၊ အရမ်းမာနကြီးပြီးတော့  မွေးရာပါ အဆင့်အတန်း မြင့်မြင့်မွေးလာတာကြောင့် အကျင့်ဆိုးတွေ အများကြီး ရှိပေမယ့် ပန်းပွင့်မိန်းကလေးကိုတော့ ကြောက်တယ်''

နျဲ့ပုဖန်က သေချာ မိတ်ဆက်ပေး၏။

ပိုးကောင်လေးက မကျေမနပ်ဖြင့် ကုပ်ခြစ်ပြီးသောင်းကျန်းတော့မည့်ဟန် ရှိနေသော်လည်း ပန်းပွင့်မိန်းကလေး၏ အကြည့်တစ်ချက်အောက်တွင် ငြိမ်သက်သွားကာ နာခံစွာဖြင့် ဘေးမှာ သွားရပ်လိုက်သည်။

ထိုလူသည် ဘေးချင်း ယှဥ်ရပ်နေသော ကြက်နှစ်ကောင်ကို ကြည့်ကာ နောက်ဆုံးတွင် နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားသည်။
သူ့မှာ ဘာမှမပြောနိုင်၊ နောက်တွင် မာန်ပါပါဖြင့် သူ့အင်္ကျီလက်တွေကို လိပ်တင်လိုက်သည်။
ဒါပေမယ့် သူ့ကြောင်က တုန်တုန်ယင်ယင် ဖြစ်နေတုန်းပါပဲ။

"အထဲမှာ ဘာကျန်သေးလဲ။ အားလုံးကို ထုတ်လိုက်"  ထိုလူ၏ မျက်လုံးများသည် အေးစက်ပြီး လူသတ်တော့မည်ကဲ့သို့ ဖြစ်နေ၏။

"အကြွေ သုံးဆယ်"

ထိုလူက သဘောတူသည်။

နျဲ့ပုဖန်က သူ့လက်ကို ဝါးခြင်းတောင်းထဲ နှိုက်လိုက်တဲ့အခါ အံ့သြစရာ မရှိဘဲ ကြက်ဖြစ်နေဆဲဖြစ်သည်။

ပထမတစ်မျိုးက ကြက်၊ ဒုတိယလည်း ကြက်၊ တတိယကလည်း ကြက် ဖြစ်နေတုန်းပဲ။  ထိုဝါးခြင်းတောင်းထဲတွင် အဆုံးမဲ့ ကြက်များ ရှိနေပုံရသည်။

အဲ့လူက ဒေါသတကြီးနဲ့ မေးလိုက်သည်။

“မင်း အထဲမှာ ကြက်ဘယ်နှစ်ကောင်တောင် ရှိနေတာလဲ''

"သုံးကောင်တည်းပါ''

နျဲ့ပုဖန်က ပခုံးတွန့်ကာ "သူတို့ အားလုံးကို ထည့်ထားဖို့က လွယ်တော့ မလွယ်ဘူးလေ၊ အကုန်ထည့်လာရင် သူတို့တွေ ပြည့်ကျပ်နေမှာပေါ့''

တစ်နည်းဆိုရသော် ဝါးခြင်းတောင်းက ကြီးနေလျှင် သူ ကြက်များကို ပိုသယ်လာမည်လား။

ထိုလူသည် သူ၏ မိုက်မဲသော အမှုကို ပြုမိကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

ကြက်သုံးကောင်အတွက် အချိန်အများကြီး ဖြုန်းရတာ တကယ် စိတ်မကောင်းစရာ ဖြစ်သည်။ ဒါပေမယ့် ဒီလို ဇိမ်ခံဧည့်ရိပ်သာမှာ နေထိုင်ဖို့ တတ်နိုင်တဲ့ ဝတ်ကောင်းစားလှနဲ့ ဝတ်ကောင်းစားလှဝတ်ဆင်ထားတဲ့ သခင်လေးတစ်ယောက်က ကြက်သုံးကောင် ယူလာမယ်လို့ သူ ဘယ်လိုလုပ် ထင်မှာလဲ။ ချမ်းသာတဲ့ မိသားစုမှ လုံးဝဥဿုံ ကြွယ်ဝတဲ့ သခင်လေးတစ်ဦးဟာ ခွေး သို့မဟုတ် ငှက် ဒါမှမဟုတ် အခြားကောင်းမွန်တဲ့ အိမ်မွေးတိရိစ္ဆာန်မျိုးရှိနိုင်ပေမယ့် ဘယ်သူက ကြက်ကို မွေးထားမှာလဲ။ သည်လူက ဘာလို့ ထူးဆန်းနေတာလဲ။

တတိယကြက် ပေါ်လာချိန်မှာတော့ သူ့ လက်ထဲမှာ ရှိနေတဲ့ ကြောင်က ပိုလို့တောင် တုန်လှုပ်နေပြီ၊ သူ့ခန္ဓာကိုယ်က ကွေးကောက်နေပြီး မျက်လုံးတောင် မဖွင့်ရဲတော့ချေ။ ထိုမျှသာမကဘဲ ဧည့်ရိပ်သာ အပြင်ဘက်ရှိ မြင်းများသည်လည်း နှာမှုတ်ကာ မသက်မသာဖြင့် အော်ဟစ်ကုန်ကြသည်။

ထိုလူသည် အလွန်အံ့သြသွား၏။ ထို့နောက် ကြက်ကို စေ့စေ့ကြည့်ကာ အဝါရောင် အမွေးများ အနက်ရောင် အစင်းကြောင်းများ ပါရှိသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အခြားကြက်နှစ်ကောင်ထက် အနည်းငယ် ပိုကြီးပြီး ၎င်း၏ မျက်လုံးများသည် ထက်မြက်ပြီး တောက်ပနေသည်။

သူ သေသေချာချာ ကြည့်လိုက်ပြီး အံ့အားသင့်သွားရသည်။ သူက မသိစိတ်ကနေပြီး “ဒါက ဘယ်လိုကြက်မျိုးလဲ” ဟု မေးလိုက်မိသည်။

“ရွှေခဲ” ဟု ခေါ်သော ကြက်သည် ကံမကောင်းမှုများကို ဖယ်ရှားပေးပြီး စည်းစိမ်နှင့် ကံကောင်းခြင်းများကို ဆွဲဆောင်ပေးသည်ဟု ဆို၏။

"သူက ကြက်တွေအားလုံးထဲမှာ အမိုက်ဆုံး ထိပ်တန်း ညီအစ်ကိုပဲ" ဟု နျဲ့ပုဖန်က လက်မထောင်ကာ ချီးကျူးလိုက်သည်။

ထိုလူသည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး အံ့ဖွယ် ရွှေရောင်ကြက်နှင့် သူ့ ကြောင်ကို တစ်လှည့်ဆီ ကြည့်နေသည်။ မတူကွဲပြားသော မျိုးစိတ်နှစ်ခု ဖြစ်ရာ ကြာက ဘုံ ပိုမြင့်သည်ဟူသော အစွဲများဘေးဖယ်လိုက်ပါက...ထိုကြက်နှင့် သူ့ကြောင်၏ အရှိန်အဝါသည် လုံးဝ မယှဥ်နိုင်ပဲ မိုးနဲ့ မြေလိုကွာခြားလှသည်။

သူသည် အေးစက်သောမျက်နှာဖြင့် ကြောင်ကို သူ့လက်နှစ်ဖက်တွင် ကိုင်ကာ အစေခံ ထံသို့ ပေးပြီး “ယူသွားလိုက်တော့'' ဟု အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ လှည့်ထွက်သွားတော့မည့်ဆဲဆဲ။

နျဲ့ပုဖန် က ...

"ကြေးဒင်္ဂါး ၃၀ ပေးဖို့ မမေ့နဲ့၊ မင်းရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်"

ထိုလူ၏ လူသတ်တော့မည်ကဲ့သို့ အရှိန်အဝါသည် သူ လှေကားထစ်တွေပေါ်တက်သွားကာမှ ပျောက်ကွယ်သွားတော့သည်။

အစေခံလေးက ရှေ့သို့ လှမ်းလာကာ ငွေတုံးကြီးတစ်တုံးကို ထုတ်၍ နျဲ့ပုဖန်အား ပေးလိုက်သည်။  သူ့ကို ကြည့်လာသော သူမ၏ မျက်လုံးများသည် လူသေကို ကြည့်နေသလိုမျိုး အေးစက်နေသည်။

နျဲ့ပုဖန်ကတော့ ဘာမှမသိပဲ သူ့အိတ်ထဲက ငွေစ သုံးစကို ထုတ်ကာ လှမ်းပေးဖို့လုပ်သည်။

''ဟေ့၊ နေပါဦး၊ ဒီမှာ ပြန်အမ်းလိုက်ဦးမယ်လေ''

အိမ်အကူက သူ ပြောတာကို နားမထောင်ပဲ အပေါ်ထပ်ကို တက်သွားလေသည်။ အခြားအစေခံများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကာ မထွက်ခွာမီ နျဲ့ပုဖန်ကို သေသေချာချာ စိုက်ကြည့်သွားခဲ့ကြသည်။

"ဒွမ် သခင်လေး၊ အဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလား"

ချင်ပေါ်အာ မနေနိုင်တော့ပဲ ပိုက်ဆံတွေကို ပြုံးပြုံးနဲ့ အိတ်ထဲထည့်နေတဲ့ နျဲ့ပုဖန်အား မေးလိုက်သည်။

''မသိဘူး" နျဲ့ပုဖန်က  ပေါ့ပေါ့ပါးပါးပင် "ဘယ်သူလဲ"

''သူက တုန်းရှန်းရှောင်းဖူရဲ့ သခင်၊ ကျန်းဟူနယ် သိုင်းလောကရဲ့ အထင်ကရ ဆရာတစ်ဆူ  ဝူလင် ဝေဒီ ပဲ''

ချင်ပေါ်အာက စကားကို သတိကြီးကြီး ပြောနေရဟန်တူသည်။

''မင်း မလို့ သူ့ကို လှောင်ပြောင်ဝံ့တယ်''

"လှောင်ပြောင်တယ်လား။ ငါ အဲ့လို မလုပ်ပါဘူး"  နျဲ့ပုဖန်က အပြစ်ကင်းသလို ပြော၏။
“သူ ကြက်ကို မြင်ချင်တယ်ဆိုလို့ သူ့ကို ပြလိုက်တာလေ၊ ဒါက တရားမျှတတဲ့ စီးပွားရေး အပေးအယူပါ''

ချင်ပေါ်အာက သူ့နဖူးသူ ရိုက်လိုက်ပြီး "ပြဿနာက မင်းရဲ့ဝါးခြင်းတောင်းထဲမှာ ကြက်တွေ တကယ်ရှိတယ်လို့ ဘယ်သူ ထင်မှာလဲ''

"မဟုတ်သေးဘူး။ ကြက်တွေက ဘာဖြစ်နေလို့လဲ" 
နျဲ့ပုဖန်က မကျေမနပ်ဖြင့် ပြောသည်။ 

“သူတို့ဟာ အရေအသွေး ကောင်းမွန်သလို အဘက်ဘက်က လိမ္မာပါးနပ်ပြီး တစ်သွေးတစ်မွေးတည်း သဘာဝအတိုင်း မွေးမြူထားတဲ့ ကြက်တွေပါ။  သိုင်းပညာ ၁၈ မျိုးရှိမယ် ဆိုရင်တောင် သူတို့က ၁၉ မျိုးလောက် တက်မြောက်ထားကြတာ၊ သာမာန်သူခိုး တစ်ယောက်လောက်ကတော့ သူတို့ အသာလေး ရှင်းနိုင်ကြတယ်''

ချင်ပေါ်အာက သက်ပြင်းချရင်း ...
“ကုန်ကုန်ပြောရရင် ဒွမ်သခင်လေး၊ ကျေးဇူးပြုပြီး နောက် ရက်အနည်းငယ်အတွင်းမှာ ဂရုစိုက်ပြီးနေပါ''
သူ့ မျက်လုံးများသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

နျဲ့ပုဖန်လည်း ချင်ပေါ်အာ အကြည့်နောက်သို့ လိုက်ကြည့်ရာ လူများစွာက သူ့ကို ရှောင်ဖယ်သွားသည်ကို တွေ့လိုက်ရ၏။ သူတို့သည် သူ့အား မသတီစရာတစ်ခုလို အထင်သေးစွာ ကြည့်ကြသည်။

''ငါ့ကို သတ်ပြီး ငါ့အလောင်းကို တောထဲမှာ ပစ်၊ ကျားစာ အကျွေးခံ ရတော့မှာလား''
နျဲ့ပုဖန်က ရုတ်တရက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

ချင်ပေါ်အာက ခေါင်းခါ၏။

"ငါ မင်းကို ကြောက်အောင် ခြောက်နေတာ မဟုတ်ဘူး။ သခင် ဝေ က သိုင်းပညာမှာ ထက်မြက်သလို နက်နဲတဲ့ အကြံအစည်တွေနဲ့ ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်ပဲ။ သူ့ ဒေါသက ပိုလို့တောင် မှန်းဆလို့ မရသေးတယ်။ သူက အင်ပါယာ တရားရုံးတော်မှာလည်း အရေးပါတဲ့ ရာထူးရှိတယ်။ နောက် ဧကရာဇ် ကိုယ်တော်တိုင်က မျက်နှာသာ ပေးထားရတဲ့ လူ၊ ကောင်းကင် နတ်နန်း ပြီးရင် တုန်ရှင်းရှောင်းဖူက သည်လောကမှာ သြဇာအာဏာ အကြီးဆုံးပဲ။ လူတစ်ယောက်ကို ငါးလေး၊ ဖားလေး သတ်သလို သတ်ဖို့က သူ့အတွက် လက်ဖျောက် တီးသလောက်ကို လွယ်တယ်။ သူ့ လက်ချက်နဲ့ သေကြ၊ ဒုက္ခ ရောက်သွားကြရတဲ့လူတွေ မရေမတွက်နိုင်အောင်ပဲ၊ ဒါကြောင့် သူ့ကို ဘယ်သူမှ သွားမထိရဲကြဘူး''

“အဲ့လောက်တောင် အစွမ်းထက်တယ်လား''
နျဲ့ပုဖန် ကြောက်လန့်ကာ အော်လိုက်သည်။

"မင်း ဒီကနေ အမြန်ဆုံး ထွက်သွားဖို့ ငါ အကြံပေးချင်တယ်''

နျဲ့ပုဖန်က သူ့ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး

"ခင်ဗျားက ငါနဲ့ အတူထိုင်နေတာဆိုတော့ ငါတို့က တစ်ဖွဲ့တည်းလို့ သူတို့ထင်သွားပြီး ခင်ဗျားကိုလည်း သူတို့ ဒုက္ခပေးမှာကို ကြောက်နေတာလား"

"ဟားဟား" ချင်ပေါ်အာက ရယ်မောရင်း “ကျုပ်က ကျင်းဟူမှာ နေလာတာ ဆယ်နှစ်ကျော်လောက်ရှိပြီ၊ ပြီးတော့ ကျုပ်က သည်မှာ နည်းနည်း နာမည်ကြီးတယ်လေ။ သခင် ဝေနဲ့ ကျုပ်က မျက်မှန်းတန်းမိတဲ့အခြေအနေမှာ ရှိတယ်''

“အိုး ...”
နျဲ့ပုဖန်သည် ရွှေခဲ၏ အမွေးအတောင်များကို ပွတ်သပ်ကာ အတွေးများ လွင့်ပျံသွားသည်။

သည်အချိန်မှာ တုန်တုန်ယင်ယင်နဲ့ စားပွဲထိုးကရောက်လာပြီး ...
“သခင်လေး၊ မင်း ဒီတည်းခိုခန်းမှာ ဆက်နေဦးမှာလား'' လို့ မေးလိုက်သည်။

“နေမယ်။ ငါ ပိုက်ဆံ ပေးပြီးပြီလေ'' 
နျဲ့ပုဖန်က မဆိုင်းမတွ ပြန်ဖြေ၏။

ချင်ပေါ်အာက သူ့ကိုကြည့်ကာ တစ်ခုခု ပြောတော့မည် ဖြစ်သော်လည်း နျဲ့ပုဖန်က ဦးစွာ တားလိုက်သည်။

“မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ဦးလေး၊ ငါက အမြဲတမ်း ကံကောင်းတဲ့သူမို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

အယ်...ဦးလေး၊ ဟုတ်လား။ ချင်ပေါ်အာမှာ ရှုံ့မဲ့သွားပြီး သူ့ မျက်နှာကို သူ ပြန်စမ်းကြည့်မိသည်။
သူ အဲ့လောက်တောင် အသက်ကြီးတဲ့ပုံ ပေါက်နေတာလား။

အခန်းယူဖို့ စာရင်းသွင်းပြီးနောက်တွင် နျဲ့ပုဖန်က ထရပ်ကာ  “ခဏလောက် အနားယူဖို့ ငါ့ အခန်းထဲ သွားဦးမယ်၊ ညနေစာ အတူတူ စားရအောင်၊ ငါ ဧည့်ခံပါ့မယ်'' ဟူ၍ ရှားရှားပါးပါး ရက်ရောစွာ ဖိတ်လိုက်သည်။

ထို့နောက် ချင်ပေါ်အာက ခေါင်းညိတ်ပြီး နျဲ့ပုဖန် ထွက်သွားတာကို အေးအေးဆေးဆေး ကြည့်နေလိုက်၏။

သည်လူက ပိုလို့တောင် စိတ်ဝင်စားဖို့ ကောင်းတယ်ဟု ခံစားရသည်။ ပျော်ပျော်နေတတ်ပြီး မိုက်မဲသော စရိုက်လက္ခဏာနဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသည်။ သည်လို ထူးထူးခြားခြား ဆန်းကြယ်တဲ့ လူက ဘယ်လို နေရာမှာများ မွေးဖွားကြီးပြင်းခဲ့တာလဲ။ သူက သိုင်းလောကအထွတ်အထိပ်ကိုလည်း မကြောက်မရွံ့ စော်ကားဝံ့သေးတယ်''

ဝေဒီ၏ အမူအရာကို ယခု ပြန်တွေးမိတဲ့အခါ ချင်ပေါ်အာတစ်ယောက် အကြီးအကျယ် မရယ်မောပဲ မနေနိုင်ပေ။ ဤ ဝူလင်း ခေါင်းဆောင် ဝေ သည် အေးစက်ပြီး မာနကြီးသူ ဖြစ်၏။ သူ စိတ်ဝင်စားသော တစ်ခုတည်းသော အရာမှာ ကြောင်များကို လေ့ကျင့် သင်ကြားပေးရခြင်း ဖြစ်သည်။ သူလေ့ကျင့်ပေးထားသည့် ကြောင်များသည် ကျားများကို ရင်ဆိုင် တိုက်ခိုက်ရန်ပင် သတ္တိရှိလေသည်။သူတို့ရဲ့ နာမည် ဂုဏ်သတင်းက အရမ်းကျော်ကြားခဲ့ပေမယ့် အခု ကြက်သုံးကောင်ကြောင့် သူ့ ကြောင်က ကြောက်ချီးပန်းမတတ် ထိတ်လန့်နေလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။

လက်တွေ့  ကျားများကို ရင်ဆိုင်ရဲသော သတ္တိ ဆိုတာကို ထိုကြောင်က လက်တွေ့ သက်သေပြသွားလေသည်။
၎င်းတို့ သတ္တဝါ အချင်းချင်းမှာပင် ကျားကိုမြင်သည်နှင့် ထိုအရာက ကျားဆိုတာ သူတို့ရဲ့သဘာဝအလျောက် အတပ် သိကြလေသည်။ ကျား၏ အရှိန်အဝါနှင့် ရနံ့သည် တခြား သတ္တဝါများအား ထိတ်လန့် ဦးညွှတ်စေသည်။

ကျားတွေက ကြောက်စရာ ကောင်းသည်။
ကြက်ခန္ဓာကိုယ်ထဲက ကျားကတော့ ပိုလို့တောင်ကြောက်စရာ ကောင်းလေသတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now