Chapter 87

842 101 1
                                    

Chapter - 87
အချစ်အတွက် တိုက်ပွဲ (အပိုင်း - ၁၁)

ဖန်းလုံ သည် မျက်လုံးအောက်မှ အမဲစက် တစ်စုံဖြင့် နိုးလာသည်။ တစ်ညတာ လှုံ့ဆော်မှုမှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုများကို စုစည်း၍ မပြီးသေးမီတွင် အစေခံ တစ်ဦး၏ သတင်းပေးပို့ချက်ကို ကြားလိုက်ရသည် - 

''သခင်လေးဝေက ဆော့ကစားဖို့ အိမ်တော်အပြင်ကို ထွက်သွားပါတယ်၊ သူ့ကို ကာကွယ်ဖို့တစ်ယောက်ယောက် စေလွှတ်လိုပါသလား''

"ဘာ။ အိမ်ကထွက်သွားတယ်၊ ဟုတ်လား"  ဖန်းလုံ က အံ့အားသင့်စွာ မေးလိုက်သည်

"သူ ဘယ်သွားမလို့တဲ့လဲ"

''သခင်လေး ဝေက ဘာမှ မပြောပါဘူး၊ ဒီနေ့ ရာသီဥတု ကောင်းတာကြောင့် အပြင်ထွက်ပြီး သူ့ကြွက်သားနဲ့ အရိုးတွေကို လေ့ကျင့်ခန်း လုပ်သင့်တယ်လို့ပဲ ပြောတယ်''

ကြွက်သားနဲ့ အရိုးတွေကို လေ့ကျင့်ခန်းလုပ်မယ်၊ ဟုတ်လား" ဖန်လုံ၏ ပါးစပ်ထောင့်တို့ လှုပ်သွားပြီး "သူ့ကို တားထားလိုက်ပါ၊ ငါ ချက်ချင်းလာခဲ့မယ်" လို့ ပြောလိုက်၏။

သူ ခပ်မြန်မြန်ပင် လန်းဆန်းပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်၍ အိမ်တံခါးဝကို ပြေးသွားခဲ့သည်။ ပထမတစ်ချက်မှာ တောက်လောင်နေတဲ့ မီးတောက်တွေလိုမျိုး အရာကို မြင်လိုက်ရ၏။  နျဲ့ပုဖန်သည် အနီရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး နံနက်ခင်း အလင်းရောင်တွင် ငြိမ်သက်စွာ ရပ်နေသည်။ ဝတ်ရုံ၏ အနားစွန်းများတွင် အရောင်ဖျော့သော ရွှေရောင်ချည် ထိုးထားကာ ခါးတွင် အပြားကြီးသော ခါးစည်းတစ်ခု ပါသည်။  သူ၏ ရှည်လျားသော ဆံပင်များသည် တစ်ဝက်တစ်ပျက် လွင့်ကျနေကာ သူ၏ ချောမောသော အသွင်အပြင်ကို ပုံဖော်ထားသည့်နှယ်။

ထိုကဲ့သို့ တင့်တယ်ဟန်ရှိသော ၀တ်စုံသည် သူ့အပေါ်တွင် ကွဲပြားစွာ ဆွဲဆောင်မှု တစ်ခု ရှိနေစေ၏။ နေကဲ့သို့ ရွှန်းလဲ့နေပြီး ပိတောက်ပင်ကဲ့သို့ တင့်တယ်ကာ လှပမှုလည်း မပျက်စေပါ။

ဒါပေမယ့် သည်ဝတ်စုံကို ဝတ်ပြီး အပြင်ထွက်တဲ့အခါ ထင်ရှားလွန်းနေမှာလား။ ပြီးတော့ သည်ဝတ်စုံကိုလည်း နည်းနည်း ရင်းနှီးပုံရတယ်။

"မင်းရဲ့အဝတ်အစားတွေက ဘယ်ကရလာတာလဲ"
ဖန်းလုံက မေးလိုက်သည်။

"ဒီဟာလား" နျဲ့ပုဖန် က သူ့ကိုယ်သူ ငုံ့ကြည့်ကာ ပြုံး၍ “ကြည့်ကောင်းလား။ အိမ်တော်ထိန်းက  အဝတ်ရှာဖို့ ငါ့ကို သိုလှောင်ခန်းဟောင်းကို ခေါ်သွားတယ်။ ဒါတွေက မင်းမဝတ်ဘူးဆိုလို့ ငါ ဒီအ၀တ်တွေကို ရွေးလာတာ''

ဖန်းလုံသည် စူးရှသော အကြည့်ဖြင့် အိမ်တော်ထိန်းကို ကြည့်လိုက်သည်။ အိမ်တော်ထိန်းက ကမန်းကတန်း ခေါင်းငုံ့သွား၏။

ဤဝတ်စုံသည် သူ့အပေါ် မကောင်းကြံသော လူတစ်ယောက်က ပေးခဲ့သော ဝတ်စုံ ဖြစ်သည်၊ ထိုဝတ်စုံကို မြင်တိုင်း စော်ကားခံရသလို ခံစားရ၍ အိမ်တော်ထိန်းအား လွှင့်ပစ်ဖို့ ပေးခဲ့၏။ အိမ်တော်ထိန်းက ဒါကို သိမ်းထားလိမ့်မယ်လို့ သူ မထင်ခဲ့ပေ၊ ယခုတွင် ထိုဝတ်စုံကို ပြန်မြင်လိုက်ရခြင်းက  အတိတ်ဆိုးတွေကို ပြန်အမှတ်ရစေသည်။

"အပြင်ထွက်ချင်ရင် တခြားအဝတ်အစား ပြောင်းလိုက်ပါ''
ဖန်းလုံက အေးစက်စွာပြောသည်။

"ဘာကြောင့်လဲ။ ဒါကောင်းမယ် ထင်တယ်"

"လဲလိုက်ပါ" ဖန်းလုံက ကြမ်းတမ်းစွာ ပြောလိုက်သည်။

နျဲ့ပုဖန်က သူ့ကို ခဏလောက် လှည့်၍ ကြည့်ပြီးမှ လက်မြှောက်လိုက်သည်။

''ကောင်းပြီ။ မင်း အရမ်း လဲစေချင်နေတယ်ဆိုတော့လဲ''

ဖန်းလုံလည်း စိတ်သက်သာရာရပြီး စကား ဆက်ပြောတော့မည့် အချိန်မှာပဲ နျဲ့ပုဖန်က အဝတ်အစားချွတ်ပြီး အိမ်အတွင်းဘက်သို့ လျှောက်သွားလေပြီ။

''မင်း ငါ့ကို အဝတ်လဲခိုင်းတဲ့အတွက် နောက်ထပ်အဝတ်လှလှ တစ်စုံ ရှာပေးမှ ဖြစ်မယ်''

ဟေး၊ ဒါပေမယ့် အဝတ်ကို လူ ကြားထဲမှာ ဒီအတိုင်းမချွတ်ချနဲ့လေ။

ဖန်လုံးလည်း ကြောင်အသွားပြီး၊ ရှေ့သို့ အမြန်ပြေးကာ နျဲ့ပုဖန် လက်ကို ဆွဲ၍ သူ့ အိမ်ဆောင်ရှိရာဆီဆွဲခေါ်သွားခဲ့သည်။ ထို့နောက် တံခါးကို "ဝုန်း" ကနဲပိတ်လိုက်ပြီး ဖန်းလုံသည် နျဲ့ပုဖန်ကို အိပ်ခန်းထဲသို့ ဆွဲခေါ်လာကာ ဗီရိုကို ဖွင့်၍
"မင်း လိုချင်တာကို ရွေး"
လို့ ပြောလိုက်သည်။

နျဲ့ပုဖန် ကြည့်လိုက်တော့ ဗီရိုမှာ အဝတ်တွေဟာ တစ်ရောင်တည်း ပြည့်နေပြီး လှပ ဆန်းပြားသော အ၀တ်အစား လုံးဝ မရှိတာကို တွေ့လိုက်ရသည်။  ဒါပေမယ့် ပစ္စည်းတွေက အရမ်းကောင်းပြီး အားလုံးက ထိပ်တန်းအဆင့် ရှိနေ၏။

ထို့နောက် နျဲ့ပုဖန်က သူနဲ့ ဖန်းလုံတို့ရဲ့ခန္ဓာကိုယ်အရပ်အမောင်း ကွာခြားမှုကို နှိုင်းယှဥ်ကာ ပြောလိုက်သည်။

''နိုင်ငံတော် ပညာရှိကြီး၊ ဒီမှာ ငါ့ကို အရှက်ခွဲဖို့ မကြိုးစားနဲ့၊ မင်း အဝတ်တွေက ကြီးလွန်းလို့ ငါဘယ်လို ဝတ်မလဲ''

ဖန်လုံးသည် သူ့ထက်လူကောင်သေးသော နျဲ့ပုဖန် ကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်၏။

''မင်း မဝတ်ကြည့်ပဲ ဘယ်လိုလုပ်သိမလဲ၊ အဝတ်ကနည်းနည်း ပိုကြီးနေတာနဲ့ မင်း ဝတ်လို့ မရစရာလား''

"ဟုတ်လို့လား" နျဲ့ပုဖန်သည် သူ့ကို သံသယဖြင့် စိုက်ကြည့်ကာ နောက်ဆုံးတွင် မီးခိုးရောင် ၀တ်စုံကို ရွေးချယ်ခဲ့သည်။

သူ တုံ့ဆိုင်း မနေဘဲ ကုတင်ဘေးသို့ သွားကာအဝတ်လဲလိုက်သည်။

ဖန်းလုံကတော့ ထိုင်ခုံပေါ် မှီ၍ သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်။

အနီရောင် ၀တ်စုံကို ချွတ်လိုက်ပြီးနောက် အဖြူရောင် အတွင်းခံ ၀တ်စုံက ပေါ်လာသည်။  ရင်ဘတ်မှာ အနည်းငယ် ပွင့်နေပြီး ကျောက်စိမ်းကဲ့သို့ အသားအရည်ဟာ ပေါ်လွင်နေ၏။ ၎င်း အရေပြားလှလှပေါ်တွင် လက်များ အပေါ်အောက် ရွေ့လျားနေပုံမှာ လှပသော ကောက်ကြောင်းကို ပိုထင်ရှားစေသည်။

တစ်ဝက်လောက် နိမ့်ကျသွားသော မျက်တောင်များ၊ ကော့ညွတ်နေသော မျက်တောင်များနှင့် နှုတ်ခမ်းလှလှများသည် အလွန်လှပပြီး ထူးကဲစွာဆွဲဆောင်မှု တစ်မျိုး ရှိ၏။

ဖန်းလုံ၏ စိတ်ထဲတွင် မနေ့ညက လိင်တူချစ်သူ စာအုပ်ထဲတွေ့လိုက်ရသော ပုံများ၊ ခြေလက်များ လုံးထွေးနေသော အမျိုးသား နှစ်ဦးကို ရုတ်တရက် သတိရသွားမိသည်။ နှစ်ယောက်သား သာယာမှုအလယ်မှာ တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာ ဖက်ထားကြသည်...

ဖန်းလုံမှာ မိမိပါးစပ်ကို မိမိအုပ်ထားမိသည်။ အသက်ရှူသံ အနည်းငယ် မြန်ဆန်လာကာ သူ့ခန္ဓာကိုယ်ဟာလည်း အနည်းငယ် ပူလာပြီး နှလုံးခုန်နှုန်း မမှန်တော့ပါ။ သူ အနည်းငယ် စိတ်ရှုပ်သွားပြီး နျဲ့ပုဖန်ကို ထပ်မကြည့်ဝံ့ဘဲ ခေါင်းကို အလျင်အမြန် လှည့်လိုက်သည်။

“နိုင်ငံတော်ရဲ့ပညာရှိကြီး၊ ကျေးဇူးပြုပြီး ငါ့ကို ခါးစည်းကြိုး ချည်ပေးပါလား” 
နျဲ့ပုဖန်က လမ်းလျှောက်လာပြီး ဖန်းလုံ လက်ထဲသို့ သူ့ ခါးပတ်ရှည်ကို အပ်လိုက်သည်။

ဖန်းလုံက ၎င်းကို ယူကာ လက်နှစ်ဖက် ဆန့်၍ တာဝန် ထမ်းဆောင်ရန် စောင့်ဆိုင်းနေပြီး မေးစေ့ကို အနည်းငယ် မော့ထားလေသည်။

ပထမတော့ နျဲ့ပုဖန်၏ ခါးတွင် ထိုင်လျှက်က မထပဲ ခါးပတ်ပတ်ပေးနေသည်။ ထို့ကြောင့် နျဲ့ပုဖန် သည် သူ့အတွက် ပိုမိုလွယ်ကူစေရန် နောက်ထပ်ခြေတစ်လှမ်း တိုးကပ်လာခဲ့သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖိကပ်လုလုနီးပါး ဖြစ်ကာ အသက်ရှုသံကိုပင် ပြတ်ပြတ်သာသား ကြားနေရသည်။

အမှတ်မထင် ခေါင်းငုံ့ကြည့်မိရာ နျဲ့ပုဖန်သည် ဖန်းလုံ၏ နားရွက်များမှာ အမှန်တကယ် အနီရောင်ပြောင်းသွားသည်ကို သတိပြုမိသည်။ သူ ပျော်သွားသလို ခံစားလိုက်ရ၏။ သူ့ မျက်လုံးများသည် အတွေး တစ်ခုဖြင့် ဖျတ်ခနဲ လင်းလက်သွားပြီး။ တစ်ဖက်သား၏ နားထဲသို့ ခပ်စူးစူး လေ မှုတ်ထုတ်လိုက်သည်။

ဖန်းလုံ တောင့်တင်းသွားပြီး ရုတ်တရက် ခေါင်းကိုမော့ကြည့် လိုက်ရာ နျဲ့ပုဖန်၏ ရယ်ရွှင်နေသောမျက်လုံးများနှင့် စုံ၍ နှုတ်ခမ်းချင်း ထိလုနီးပါး ဖြစ်သွားခဲ့သည်။

အချိန်တွေက ရပ်တန့်သွားပုံရ၏။ သူတို့ နှစ်ယောက်ကြားထဲ ထူးဆန်းတဲ့ အငွေ့အသက်တွေ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

"ခါးပတ်ကို ချည်ပြီးပြီလား" နျဲ့ပုဖန်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ အသံတိုးတိုးဖြင့် မေးသည်။

“မပြီးသေးဘူး''

ဖန်းလုံ၏ မျက်လုံးများတွင် အကန့်အသတ်မဲ့သောဆွဲဆောင်မှု တစ်မျိုး ရှိကာ လေးနက်တည်ကြည်နေသည်။ နှုတ်ခမ်းများသည်လည်း အနည်းငယ် ပွင့်ဟနေကာ ဆွဲဆောင်မှုရှိစွာ ဖိတ်ခေါ်နေသကဲ့သို့ဖြစ်သည်။

နျဲဲ့ပုဖန်သည် အချိန်အတော်ကြာအောင် ငေးမောနေမိရာမှ အသိစိတ်ပြန်ဝင်ကာ
ရုတ်တရက် လေးနက်စွာ ပြောလိုက်၏။

“နိုင်ငံတော် ပညာရှိကြီး၊ မင်းမှာ ဆွဲဆောင်မှုရှိတဲ့ မျက်လုံး တစ်စုံ ရှိတယ်၊ ဒါအလဟသ မဖြစ်သင့်ဘူး၊ ဒီကမ္ဘာမှာ မင်းရဲ့အကြည့်တွေကို ဘယ်သူက ခံနိုင်ရည်ရှိမလဲဆိုတာ သိဖို့ အပြင်ထွက်ကြည့်သင့်တယ် ”

"တကယ်လား" ဖန်းလုံက လေးလေးနက်နက်ကြည့်ကာ "အနည်းဆုံးတော့ မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" ဟု အသံတိုးတိုးနဲ့ ပြောလိုက်သည်။

ထိုတွင် နျဲ့ပုဖန်က ပြုံးပြီး မျက်လုံးများကို ပြူးကြည့်ကာ "မဟုတ်ဘူး။ ငါကလည်း အရမ်းချစ်စရာကောင်းတယ်လေ။ မင်းရော ခံနိုင်လား ကြည့် ကြည့်စမ်းပါ" 

နျဲ့ပုဖန်က မျက်လုံးများအား အစွန်းမှ လက်ညှိုးကို ဆွဲတင်ကာလိုက်ရာ ၎င်းတို့သည် ကျဥ်းမြောင်းဆွေစောင်း သွားကာ အိပ်ငိုက်နေသော မျက်လုံးများနှင့် ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ဖန်းလုံက ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး သူ့ရဲ့ တည်ကြည်ပြတ်သားသော အိန္နြေကို တဖြည်းဖြည်း ပြန်ဆည်လိုက်သည်။
သူက ခါးစည်းကို အမြန်ဆွဲပေး လိုက်ပြီး "ကောင်းပြီ၊ အပြင်ထွက်ရအောင်" ဟု ပြောကာ ထထွက်လာခဲ့သည်။

“ကောင်းပြီ” 
နျဲ့ပုဖန်သည်လည်း မနက်ခင်းအလင်းရောင်ကဲ့သို့အားမာန်ဖြင့် အခန်းထဲက ထွက်လာခဲ့သည်။

တစ်ဖက်တွင် ဖန်းလုံက သူ့လက်ဖြင့် သူ့ ရင်ဘတ်ကိုသူ ဖိလိုက်သည်။-- အခုမှပဲ တော်သေးတယ်၊ သူ တခြားသူကို နမ်းလုနီးပါး ဖြစ်သွားခဲ့တယ် ...။

"ဘယ်သွားချင်လဲ" ရထားပေါ် ရောက်သောအခါ ဖန်းလုံက မေးသည်။

နျဲ့ပုဖန်က “ရန်ရှန်းရဲ့ အကြီးဆုံး လောင်းကစားရုံကို ” ဟု တက်ကြွစွာ ပြန်ပြောလာသည်။

"ပယ်တယ်" ဖန်းလုံသည် အဆိုပါ အကြံပြုချက်ကို အသိအမှတ် မပြုဘဲ ဗီတိုအာဏာ သုံးခဲ့သည်။

“ဒါဆို အကြီးဆုံး ပြဇာတ်ရုံ”

“ပယ်ချတယ်” လူများလွန်းသဖြင့် လေထုသည် ဆူညံကာ ပွက်ပွက်ဆူနေသည့် နေရာဖြစ်သည်။

"အကြီးမားဆုံး အပျော်စီးသင်္ဘော"

“ပယ်ချတယ်” ဖောက်ပြန်သူတွေ များလွန်းတယ်။

"အကြီးဆုံး ရေချိုးခန်း" နျဲ့ဖန်၏ လေသံသည် အနည်းငယ် စိတ်ဆိုးနေပြီ ဖြစ်သည်။

“ဒါလည်း ပယ်ချတယ်” အခန်း တစ်ခန်းထဲမှာ ကိုယ်လုံးတီး လူတွေ အတူတူစု ရေချိုးပြီး ဂျီးတွန်း ကြတာလား။ ယုတ်ညံ့လွန်းတယ်။

ထို့ကြောင့် နျဲ့ပုဖန် လည်း မကျေမနပ်ဖြစ်ပြီး "ဒါဆို မင်းပြော၊ ရန်ရှန်းမှာ ဘယ်သွားလို့ရလဲ"

ဖန်းလုံက တည်ကြည်စွာ ပြောပြသည်။

"လက်ဖက်ရည်ဆိုင်တွေ၊ ခမ်းနားတဲ့ အဆောက်အအုံတွေ၊ စစ်တုရင်ခန်းမတွေ၊ အနုပညာပြတိုက်တွေ အများကြီးပဲ။ မင်း ရွေးလို့ရတယ်''

နျဲ့ပုဖန်က စောတကတတ်၏။

“နိုင်ငံတော် ပညာရှိ၊ မင်းက ပျင်းစရာ ကောင်းလွန်းတယ်။ မင်းမှာ တခြားအပျော် လိုက်စားစရာတွေ မရှိဘူးလား"

“စား၊ သောက်၊ မင်းလို ပြည့်တန်ဆာ ရှာပြီး လောင်းကစား လုပ်ရမှာလား။ မလိုပါဘူး"

"ပြည့်တန်ဆာ ဒါမှမဟုတ် လောင်းကစား ရှာဖို့ မလိုဘူး ဆိုရင် ဘာလို့ အပြင်ထွက်လာတာလဲ"
နျဲ့ပုဖန်က ဖန်းလုံ ပုခုံးပေါ် လက်တင်လိုက်သည်။

“မင်းကို လမ်းပေါ်မထွက်ဖို့ ကန့်သတ်ချက်ထားပြီးသားပဲ။ မြို့ပြင်ထွက်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး"

သည်ကောင်လေး သူ့ဆီက ပြေးဖို့ ကြံစည်နေတယ်ဆိုတာ ဖန်းလုံ လုံဝ မမေ့ခဲ့ပါ။

ထိုအခါ နျဲ့ပုဖန် သည် လှည်း၏ ကော်ဇောပေါ်တွင် လှဲလျောင်းကာ ငိုကြွေးတော့သည်-

''သနားစရာ ကောင်းလိုက်တဲ့ ငါလေး၊ အမျိုးမျိုး ကန့်သတ် ချုပ်ခြယ်ခံနေရတယ်''

"မင်းရဲ့ဆန္ဒကိုက ဖောက်လွဲ ပျက်စီးနေတာလေ''

နိုင်ငံတော် ပညာရှိက ပေါ့ပေါ့ပါးပါး ပြောသည်။

“မင်း မရွေးချယ်နိုင်ရင် ငါ ဆုံးဖြတ်မယ်၊ ဦးလေးကျီ၊ ခမ်းနားတဲ့ပြတိုက် အဆောက်အအုံကို သွားပါ"

ရထား အပြင်ဘက်မှ ကတိပြုသံ ထွက်ပေါ်လာပြီးနောက် ရထားက အရှိန်မြှင့်လာသည်။

"ခမ်းနားထည်ဝါတဲ့ ပြတိုက် အဆောက်အအုံမှာ မင်း ဘာလုပ်မှာလဲ" နျဲ့ပုဖန်က ပျော့ညံ့စွာမေးလိုက်သည်။

"ရှုခင်းတွေကို ခံစားလို့ရတယ်၊
ရေကန်ထဲမှာ ရွက်လွှင့်လို့ရတယ်၊ သီချင်းနားထောင်တာ၊ ပန်းချီ ဆွဲတာ၊ ကဗျာတွေ ရေးတာ၊ စစ်တုရင် ကစားတာ၊ ငါးဖမ်းတာ၊ အကုန် လုပ်လို့ရတယ်လေ။ အဲ့နေရာက ပြီးပြည့်စုံတဲ့ အပန်းဖြေကလပ် တစ်ခုပဲ။

သာယာသော ပတ်ဝန်းကျင်နှင့် သာယာသော ရှုခင်းများဖြင့် မြို့တော်၏ မြောက်ဘက်တွင်  ခမ်းနားသော ပြတိုက် အဆောက်အအုံ တည်ရှိ၏။

နျဲ့ပုဖန်သည် ဖန်းလုံနှင့်အတူ အဆောက်အဦးထဲသို့ လိုက်သွားပြီး နှစ်ယောက်သား ဥယျာဥ်ထဲသို့ ဝင်ခဲ့သည်။ ထိုအခါ ရုပ်ချောသော ကောင်လေးက သူတို့ကို ချက်ချင်း နှုတ်ဆက်သည်။

ခြံဝင်းထဲသို့ မလှမ်းမီ၊ ဖန်းလုံ ၏ ခြေသံများ ရပ်တန့်သွားပြီး သူ့ အကြည့်များသည် တိကျသော ဦးတည်ရာသို့ ရွေ့လျားသွားသည်။ သူတို့ အပြင်ထွက်လာကတည်းက တစ်ယောက်ယောက်က သူတို့နောက်ကို နောက်ယောင်ခံ လိုက်နေတယ်ဟု ခံစားရသည်။ ဧကရာဇ်သည် နျဲ့ပုဖန်ကို လျှို့ဝှက်ကာကွယ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ထားလိမ့်မည်ဟု စိတ်ထဲတွင် သူ သိ၏။

"ဒီနေ့ ခမ်းနားတဲ့ အဆောက်အအုံကို ဘယ်သူတွေ လာသေးလဲ''
ဖန်းလုံက စားပွဲထိုးကို မေးလှိက်သည်။

စားပွဲထိုးက ဖြေသည်။
"လုရှန်းရှုက ရှန်းရန် သခင်လေး၊ ဟန်လင်းကျောင်းတော်ရဲ့ သခင် ဟော်ကျီရှုနဲ့ တခြား မျက်နှာသစ်ပညာရှင်တွေ လာကြတယ်''

ဖန်းလုံ၏ မျက်လုံးများ အနည်းငယ် မှိန်သွားပြီး သူက ခေါင်းညိတ်ကာ "ငါ သိပြီ၊ မင်း သွားလို့ရပြီ၊ ငါတို့ ဒီမှာ နေတာကောင်းမယ်"

စားပွဲထိုးက ဦးညွှတ်ပြီး ထွက်သွားတယ်။

ထိုအချိန်တွင် နျဲ့ပုဖန်သည် လက်တစ်ဖက်တွင် ငါးမျှားတံ တစ်ချောင်းကို ကိုင်ကာ ခြံဝင်းထဲမှ ပြေးထွက်လာပြီး နောက်တစ်ဖက်တွင် သံပြား တစ်ချပ်ကိုင်၍ စိတ်လှုပ်ရှားစွာဖြင့် “ငါတို့ ဒီနေ့ အသားကင်စားမလား။ ပထမဆုံး ငါးကင်မယ်၊ ပြီးရင် ကိုယ့်ဘာသာ အသားကင် လုပ်မယ်"

ဖန်းလုံက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သား ငါးမျှားတံ တစ်ချောင်းစီကို ယူကာ ခြံဝင်းထဲမှ ရေကန်ဆီသို့ လျှောက်သွားကြသည်။

ဖန်းလုံသည် တိတ်ဆိတ်ခြင်းကို နှစ်သက်ပြီး ငါးဖမ်းခြင်းသည်လည်း သူ့အတွက် ကောင်းမွန်သော အပန်းဖြေနည်း ဖြစ်သည်။ နျဲ့ပုဖန်လည်း တိတ်တိတ်ဆိတ်ဆိတ် အနားယူရတဲ့ အခိုက်အတန့် ရှိဖို့ သူ မျှော်လင့်ထားခဲ့တာပဲလေ။ သင့်လျော်လျောက်ပတ်တဲ့နည်းနဲ့ မထိုင်တတ်ပေမယ့်လည်း အရင်ဆုံး နားနားနေနေ နေကာ မျက်လုံးမှိတ်၍ ငြိမ်သက်ခြင်းကို ခံစားနေလိုက်သည်။

သူ့ နှလုံးသားလည်း တိတ်ဆိတ်သွားပြီ။

ကံမကောင်းစွာပဲ၊ သူတို့ နှစ်ယောက်ဟာ သိပ်ကံမကောင်းခဲ့၍ တစ်မနက်လုံး ငါးအများကြီး မဖမ်းနိုင်ခဲ့ပါ။

"ကောင်းပြီ၊ စားပွဲထိုးက ငါတို့အတွက် လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးထားတယ်။ အသားကင် လုပ်လို့ရပြီ''

နျဲ့ပုဖန်သည် စိတ်ဓာတ်မကျဘဲ ရေကန်ကို စစ်ဆေး ကြည့်သည်။ ရုတ်တရက် သူ့ မျက်လုံးတွေ တောက်ပလာပြီး ရေထဲက အရိပ်အယောင် တစ်ခုထွက်လာတာကို သူ တွေ့လိုက်ရသည်။ အဲဒါ ကြက်ကလေး တစ်ကောင် ဖြစ်သည်။ 'အရုပ်လေး' ဟု ခေါ်သော ကြက်ကလေး ဖြစ်၏။

သေချာတာပေါ့၊ သူ ဘယ်သွားသွား သူ့ကြက်တွေက သူ သွားလေရာရာ လိုက်နေကြဖြင်း ဖြစ်သည်။ များသောအားဖြင့် သူတို့ဟာ သူတို့ကိုယ်သူတို့ ခိုးကြောင်ခိုးဝှက် ဖုံးကွယ်ထားတတ်တာကြောင့် နျဲ့ပုဖန် ရှာချင်တဲ့အခါမှ သေချာပေါက် ထွက်လာကြလေသည်။

နျဲ့ပုဖန် က သူ့ လက်ကို မြှောက်လိုက်ပြီး "အရုပ်လေး၊ ငါးကြီး တစ်ကောင်ကို ဒီကို ပစ်ပေးပါ'' လို့ အော်လိုက်သည်။

ဖန်းလုံသည် သံသယဖြင့် ရေကန်ထဲသို့ ငုံ့ကြည့်လိုက်ရာ တစ်စုံတစ်ခု၏ အရိပ်နှင့်အတူ လှိုင်းလုံးများသာ တွေ့လိုက်ရ၏။

"အဲဒါ ဘာလဲ" ဖန်းလုံက မေးသည်။

"ငါ့မိတ်ဆွေကောင်းတွေ'' နျဲ့ပုဖန်က ဂုဏ်ယူစွာပြောလိုက်သည်။

ဖန်းလုံက မျက်ခုံးပင့်ကာ ထပ်မမေးတော့။

ဒါပေမယ့် ခဏလောက်ကြာတော့ ကမ်းနားက ရေမျက်နှာပြင်သည် တုန်ခါသွားပြီးတော့ ငါးတစ်ကောင် ကမ်းစပ်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်တင်ခြင်းခံရလေသည်။

ဖန်းလုံက အလိုလိုဖမ်းလိုက်ပြီး၊ ထိကြည့်တဲ့အခါ ချောမွေ့ကာ ထူးဆန်းနေသည်။

“မှန်တယ်၊ အရမ်းတော်တယ်''

နျဲ့ပုဖန်က ရေပုံးကို ယူလာပြီး သူ့ကို ချီးမွမ်းလိုက်သည်။

ဤသို့ဖြင့် ဖန်းလုံသည် ငါးများကို ပုံးထဲသို့ အလျင်အမြန် ပစ်ချပြီး အခြားလက်တစ်ဖက်ဖြင့် လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။  သူ့ လက်ကို သုတ်ခါနီးတွင် နောက်ထပ်ငါးတစ်ကောင်က သူ့ဆီသို့ ပျံသန်းလာသည်ကို ရုတ်တရက်ပဲ ထပ်ဖမ်းမိသွားသည်-- ယခုတော့ သူ့ လက်နှစ်ဘက်စလုံး စိုစွတ်ညစ်ပတ်နေပြီ ဖြစ်သည်။

သူ တုံ့ပြန်ရန်အချိန် မရသေးမီမှာပင်၊ ငါးများသည် ပစ်မှတ်ကို တည့်တည့်မတ်မတ် ပစ်ခတ်နေ သလိုမျိုး ရေထဲမှတစ်ခုပြီးတစ်ခုထွက်လာသည်ကို သူမြင်လိုက်ရပြီး အားလုံးက ဖန်းလုံ ဆီသို့ ဦးတည်လာနေလေသည်။ နျဲ့ပုဖန်သည် ခြေလှမ်းအနည်းငယ် အကွာတွင် ရဲရဲတင်းတင်း ရပ်၍  လက်ခုပ်တီးကာ နိုင်ငံတော် ပညာရှိကြီး၏ ဝေဟင်မှ ငါးဖမ်းခြင်း အတတ်ပညာ စွမ်းဆောင်နေပုံကို ကြည့်ရှုနေသည်။

ငါး ဆယ်ကောင်ဟာ တစ်ကောင်မှ မပြုတ်ကျဘဲ အားလုံး ရေပုံးထဲကို ရောက်ရှိကုန်ကြသည်။  အမြဲတမ်း ကြော့ရှင်းပြီး ကျက်သရေရှိတဲ့ ဖန်းလုံ ဟာ အခုခါ တိုင်းထက် နည်းနည်းလေးနက်ပြီး ပိုအသက်ဝင်နေသလို ရှိနေ၏။

ထို့နောက်တွင် နျဲ့ပုဖန်က ရေထဲကို လက် ဝှေ့ယမ်းပြပြီး “လုံလောက်ပြီ၊ လုံလောက်ပြီ” ဟု အော်လိုက်သည်။

ရေမျက်နှာပြင်သည် ရေပူဖောင်းလေးမျးထလာ ပြီး စိုစွတ်နေသော ကြက်ခေါင်း တစ်ခု ပေါ်လာ၏။ ထိုကြက်ကလေးက နျဲ့ပုဖန်ကို မျက်တောင်ခတ်စာမျှကြည့်ကာ ပျောက်ကွယ်သွားပြန်သည်။

ဖန်းလုံသည် ကြက်ခေါင်းပျောက်သည့် နေရာကို ညွှန်ပြပြီး အချိန်အတော်ကြာ ဘာမှပြောနိုင်ဘဲနေခဲ့သည်။ သူ အခု စိတ်ကူးယဥ်ဆန်တဲ့အရာတွေကိုတွေ့နေရတာဘား၊ အဲဒါ ကြက်လား၊ ဘဲလား။ ကြက်က ရေထဲငုပ်ပြီး ငါးဖမ်းနိုင်သလား။

တစ်ဖက်မှာ နျဲ့ပုဖန် ကတော့ သူ့ ငါးဖမ်းကိရိယာတွေကို ပြန်ထုပ်ပိုးပြီး ဖန်းလုံကိုပြန်ဖို့ နှိုးဆော်လိုက်၏။
"သွားရအောင်၊ ငါးကင်ရမယ်"

“အိုး” ဖန်းလုံ သည် ရေကန်ကို တစ်ချက်ကြည့်လိုက်ပြီး ကြောင်တက်တက်ဖြင့် နျဲ့ပုဖန် နောက်သို့ လိုက်လာခဲ့ပြန်သည်။

တကယ်တော့၊ သူ ရှေ့မှာတုန်းက ကျားကို အနိုင်ယူနိုင်တဲ့ ကြက်တစ်ကောင် မြင်ခဲ့ဖူးပြီးပြီပဲလေ။
ငါးဖမ်းနိုင်တဲ့ ကြက်ရှိတယ်ဆိုတာ အဲ့လောက် အံ့သြစရာတော့ မဟုတ်ဘူးမလား။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now