Chapter 107

1.1K 116 0
                                    

Chapter - 107
ဥကပေါက်တဲ့ ကလေး အပိုင်း (၂)


နျဲ့ပုဖန် ၏ လက်ရှိဘဝသည် အလွန် သာယာနေပြီး သူ နေ့စဉ် လုပ်လေ့ရှိသည့် အရာမှာ ကြက်လေ့ကျင့်ခြင်း၊ ဥများ စုဆောင်းခြင်းနှင့် ကလေးများနှင့် ကစားခြင်းပင် ဖြစ်သည်။ 

အိပ်ပျော်နေတဲ့ ကလေးလေးတွေရဲ့ ချစ်စရာအသွင်အပြင်ကို မြင်လိုက်တိုင်း သူ မခံမရပ်နိုင်အောင် အသည်းယားသည်။ ထို့ကြောင့် မနေနိုင်ပဲ ကလေးလေးတွေကို သူ့လက်တွေနဲ့ ဖျစ်ညှစ်ကိုင်တွယ်မိပါက ကလေးဟာ အိပ်ရာမှ လန့်နို့လာမည်ဖြစ်ပြီး ကမ္ဘာ မြေကြီးကို ကွဲအက်စေနိုင်လောက်တဲ့ ငိုသံတွေ ထွက်ပေါ်လာပေမည်။

ကလေး၏ ဖခင် လင် ယောကျ်ားတွေဟာ ဒေါသအလွန် ထွက်နေကြသည်။
သူတို့ နေ့တိုင်း လုပ်ရမယ့် အရာဟာ သူခိုးတွေကိုစောင့်ကြည့်ဖို့နဲ့ တိရစ္ဆာန်တွေ ရန်က တားဆီးဖို့အပြင်၊ ကလေးများ အိပ်ပျော်နေချိန် ဆယ်ပေအတွင်း ကလေးတွေ အနားကို နျဲ့ပုဖန် မချဉ်းကပ်လာစေရန်လည်း တင်းကြပ်စွာ တားမြစ် စောင့်ကြပ်ရသည်။

သို့သော် ထိုလူသည် အမှတ် သည်းခြေ ကင်းမဲ့သူဖြစ်သည့် အလျောက်၊ အခွင့်အရေး ရတိုင်း အနှောက်ယှက်ပေးရန် သူ့ လက်ချောင်းများကို ဆန့်ထုတ်လာလေ့ ရှိပေသည်။

သို့သော် တစ်ခါတစ်ရံတွင် ဖခင် တစ်ဦး၏ ချစ်ခြင်း မေတ္တာကိုလည်း ပြသခဲ့သည်။  ဥပမာအားဖြင့်၊ သူသည် ရံဖန်ရံခါ '၁ ကလေး' ကို ပွေ့ဖက်ကာ ရွာရှိ တိရစ္ဆာန်များကို လက်ညှိုးထိုးပြပြီး

“သား၊ မင်းက ကြက်သိုက်ရွာရဲ့ အကြီးဆုံးသားပဲ၊ မင်း ဒီနေရာကို အခုကစပြီး အမွေဆက်ခံရမယ်၊ ငါ့ရဲ့ ကြက်ဘုရင် နေရာကို မင်းဆီ လွှဲပြောင်းပေးမယ်၊ ကြက်သိုက်ရွာ ဘုရင်ပေါ့..မင်းဘယ်လိုထင်လဲ၊ အံမခန်းပဲ မဟုတ်လား"

ထိုသို့ စကားတွေ ပြောလိုက်သည်နှင့်တပြိုင်နက် နျဲ့ပုဖန်၏ သားငယ်မျက်လုံး၌ ပမာမခန့်အကြည့်များ ချက်ချင်း တွေ့ရလေ့ရှိပြီး၊ ဖခင်ဖြစ်သူ ဝမ်ရှင်းချန် ကလည်း ချက်ချင်းဆိုသလို အလျှင်အမြန်ရောက်လာကာ ကလေးကို ခေါ်ယူသွားလေ့ရှိသည်။

"ပုဖန်၊ ငါတို့က သူ့ အနာဂတ်ကို သူ့ဘာသာသူ ဆုံးဖြတ်ခွင့် ပေးသင့်တယ်''

ကြက်သိုက်ရွာကို အမွေဆက်ခံရမှာလား။ ကျေးဇူးပြုပြီး ဘုရားရှင် သနားညှာတာပေးပါဦး။

"အမွေ ဆက်ခံသူကို အမြန် မဆုံးဖြတ်ရင် နောင်မှာ သူ့ ညီအစ်ကို မောင်နှမတွေနဲ့ ရန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ" 

နျဲ့ပုဖန်က သူကိုယ်တိုင်တောင် နားမလည်နိုင်သော အရာများ အတွက် စိုးရိမ်နေပြန်သည်။

ထိုအခါ၌ ဝမ်ရှင်းချန် က စိတ်ဆိုးသော အမူအရာမျိုးဖြင့် ထုတ်ပြောခဲ့သည် -

"သူတို့က လိုက်ဖက်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်ကြမှာ သေချာပါတယ်၊ ကြက်သိုက်ရွာ အမွေဆက်ခံတဲ့ ကိစ္စမှာ ဘယ်တော့မှ ပဋိပက္ခ ဖြစ်မှာ မဟုတ်ဘူး"

"တကယ်လား" နျဲ့ပုဖန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တောက်ပစွာ ပြုံးကာ

"ဟုတ်တယ်၊ ဒါအမှန်ပဲ ငါ နျဲ့ပုဖန် မွေးထားတဲ့ ကလေးတွေ ဘယ်လိုလုပ် စိတ်သဘောထားသေးသိမ်ကြပါ့မလဲ''

“…..”

ဝမ်ရှင်းချန်ကတော့ တည်ငြိမ်စွာ နှုတ်ဆိတ်နေသည်။

"အင်း၊ ဒီအချိန်က '၂ ကလေး' နေရောင်အောက်မှာ ဆော့ရမယ့် အချိန်ပဲ" 

နျဲ့ပုဖန်သည် စကား ဆုံးတာနဲ့ လေပြင်းကဲ့သို့ အိမ်ထဲသို့ ပြေးဝင်သွားသည်။

အလင်းရောင် အလုံအလောက် ရရှိခြင်းက ငယ်ရွယ်သော အပင်ငယ်များ၏ ကြီးထွားမှုကို အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်သောကြောင့် '၂ ကလေး' ကို နေရောင်အောက်တွင် နေပူစာလှုံရန် နေ့တိုင်း ခေါ်ထုတ်လာလေ့ရှိသည်။
ယခု ရာသီမှာ ဆောင်းဦးပေါက် ကာလ ဖြစ်သောကြောင့် ဝမ်ရှင်းချန်လည်း ဝင်မတားခဲ့ပေ။
ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီဆိုပါက သူလည်း ကလေးတွေကို အပြင် ခေါ်ထုတ်ခွင့် မပြုမှာ သေချာသည်။

ဝေဒီ ရွာမှ ပြန်သွားပြီးနောက်၊ '၂ ကလေး' ကိုလည်း တုပုန်း ၏ အကူညီဖြင့် ဝမ်ရှင်းချန်ကပဲ ပြုစုစောင့်ရှောက်ထားခဲ့သည်။ ခေါင်းဆောင် ဝေ အနေဖြင့် သူ့ကလေးကို လုံးဝ စိတ်ပူစရာ မလိုပေ။ မူလက ဝေဒီ သည် နို့ထိန်းသည် အချို့ စေလွှတ်ခဲ့သေးသော်လည်း ၎င်းတို့သည် ကြက်သိုက်ရွာရှိ တိရစ္ဆာန်တပ်၏ အန္တာရယ်ပြုမှုနှင့် လိုက်လျောညီထွေ မရှိသော ရာသီဥတုဒဏ်ကို မခံနိုင်သောကြောင့် ၎င်းတို့ အားလုံး ထွက်ပြေးသွားကြသည်။

"နည်းနည်း ဖယ်စမ်းပါ''

နျဲ့ပုဖန်က ခြံထဲမှာ လှဲလျောင်းနေတဲ့ ကျားကို ခြေနဲ့ လှမ်းတွန်းထုတ်လိုက်ပြီး ထိုဘေးတွင် လက်လှုပ်ပုခက်ကို ထားလိုက်၏။

ကျားသည် ထရပ်ကာ မကျေနပ်သဖြင့် ဟိန်းဟောက်ပြီးနောက် ပုခက်ဆီသို့ ပျင်းရိစွာ လျှောက်သွားသည်။ ထို့နောက် ၎င်းသည် ၎င်း၏ ကျားခေါင်းကို ပုခက်ထဲသို့ ထည့်ကာ ၎င်း၏ '၂ ကလေး' ၏ ဆံပင်များကို မှုတ်ထုတ်လိုက်သည်။

၂ ကလေး က တခစ်ခစ်ရယ်ပြီး ကျားပါးသိုင်းမွေးကို လှမ်းဆုပ်ကိုင်လိုက်သည်။

ကျားသည် အမွှေးဆွဲခံရ၍ နာကျင်မှုနှင့်အတူ ရှုံ့မဲ့ကာ ထွက်ပြေးသွားလေသည်။

"ဟားဟား" 

၁ ကလေး က လက်ခုပ်တီးပြီး ရယ်မောရင်း ကျားက စူးစူးရဲရဲ စိုက်ကြည့်နေ၏။
ဒါပေမယ့် ကျားက ကလေးတွေရဲ့ အပြစ်ကင်းစင်ပြီး ကလေးဆန်တဲ့ အမူအရာကို မြင်တော့ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ပုံရပြီး ခေါင်းကို လှည့်ကာ မောက်မာစွာ ထွက်ခွာသွားခဲ့သည်။

ဝမ်ရှင်းချန် က ၁ကလေး ကို ပုခက်ဘေးက ကော်ဇောပေါ်မှာ တင်လိုက်ပြီး

''လျောက်ဆော့မနေနဲ့ ညီမလေးနဲ့ ကောင်းကောင်းနေ'' ဟု မှာလိုက်သည်။

၁ ကလေး သည် ပုခက်တွင်းရှိ သူ့ညီမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကော်ဇောပေါ်တွင် လှည့်ထိုင်လိုက်ကာ သူ့ညီမအား တင်းပါး မြှောက်ပြ၍ စနောက်သရော်၏။

နျဲ့ပုဖန်က  သူ့ တင်ပါးလေးကို ပုတ်ပြီး ဆူပူကြိမ်းမောင်းရင်း

''ကောင်လေး မင်းက တကယ်ကို ရဲတင်းလိုက်တာ။ ဒီလို နောက်ပြောင်နေလို့ကတော့ နောင်ကျရင် အရသာ ရှိတဲ့ အစားအသောက်တွေ အားလုံးကို မင်း ညီမကိုပဲ ကျွေးမယ်၊ မင်းကို မကျွေးဘူးကွ သိလား''

၁ ကလေးကို နျဲ့ပုဖန်က နမ်းလိုက်၏။၊ နို့ပဲ သောက်နိုင်တဲ့ မကောင်းဆိုးဝါး ပေါက်စ တစ်ကောင်အတွက် ဘယ်လို အရသာ ရှိတဲ့ အစားအစာနဲ့ သောက်စရာ ဆိုတာ ရှိဦးမှာလဲ။

နျဲ့ပုဖန် က သူ့ကို မြှောက်ချလိုက်ပြီး မျက်လုံးချင်းဆုံကာ

''အားလုံးကို မင်း စိတ်တိုင်းကျ သောင်းကျန်းဖို့တော့ ခွင့်မပြုထားနိုင်ဘူးကွ၊ မင်းရဲ့ဆိုးသွမ်းတဲ့အပြုအမူအတွက် ရိုက်နက်ဆုံးမသင့် ဆုံးမရမှာပဲ၊ မင်းရဲ့ဒေါင့်မကျိုးတဲ့ အချိုးတွေကို ကြည့်ရင် မင်းမှာငါ့ဆီက အရှက် သိက္ခာ ကြီးတဲ့ စရိုက်ရော ဝမ်ရှင်းချန်ဆီက အိန္ဒြေရှိပြီး တည်ကြည်တဲ့ ဗီဇမျိုးရော ဘာလို့ အမွေ မရထားတာလဲလို့ တွေးမိတယ်''

ထိုစဥ် ဝမ်ရှင်းချန်က ကောင်းကင်ကို မော့ကြည့်နေသည်။ ၁ ကလေး သည် လည်းကောင်းကင်ကိုလိုက်၍ မော့ကြည့်သော်လည်း ကောင်းကင်မှာ သူ့အတွက် ကြီးလွန်းနေသောကြောင့် မျက်လုံး လှန်သွား၏။

"ဟင်၊ မင်း ငါ့ကို မျက်လုံးတွေ မှိတ်ပြရဲတယ်ပေါ့"  နျဲ့ပုဖန်သည် ၁ ကလေး မျက်နှာကို လက်နှစ်ဘက်ဖြင့် ဖိကာ ပွတ်လိုက်သည်။

ဝမ်ရှင်းချန်သည် နျဲ့ပုဖန် လက်ထဲတွင် ငိုသွားသော ၁ ကလေးကို အလျင်မြန် ပြန်ယူကာ ချော့မြူရ၏။

၎င်းတို့ မိသားစု လေးယောက်သားကို အဝေးမှကြည့်ရသည်မှာ နွေးထွေးပြီး လိုက်ဖက်ညီစွာ ရှိသောကြောင့် လီရီ သည် အလွန် ငြူစူလာကာ နျဲ့ပုဖန် သူ့ကလေးကိုလည်း မွေးဖွားပေးလာမည့်နေ့အား  စောင့်မျှော်နေမိပါသည်။ သို့သော် ဖခင် တစ်ဦး ဖြစ်ပြီးနှင့်သော ဝမ်ရှင်းချန် ၏ နှလုံးသားထဲရှိ ခါးသီးမှုကို မည်သူ နားလည်မည်နည်း။

မကြာခင်မှာ သူ့ ဆန္ဒတွေ အကောင်အထည်ပေါ်လာပြီး သေချာစွာ အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။ — နျဲ့ပုဖန် ဟာ သူ့အတွက် အဝါရောင်ဥတစ်စုံကို မွေးခဲ့၏။  ကိုယ်ဝန် တစ်ခုတည်းနဲ့ အခု သူ့မှာ သား တစ်ယောက်၊ သမီး တစ်ယောက် ရှိလာပြီ။

လီရီ သည် ပျော်ရွှင်မှုဖြင့် ရူးသွပ်နေခဲ့ပြီး သတင်းကောင်းကို တစ်ကမ္ဘာလုံးကို ပြောပြရန်ထက် ဘာကိုမျှ မလိုလားတော့ပေ။ မုန့်စိမ်းကို ဆုပ်နယ်လိုက်တဲ့အခါတောင်မှ ကောက်ကွေးတဲ့ အပြုံးမျက်နှာတွေ ဖြစ်သွားလိမ့်မည်။

သို့သော်၊ သူသည် ၎င်း မကောင်းဆိုးဝါး ပေါက်စများကို  ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ပြီးနောက် ငါးရက် အကြာမှာတော့ ဤပျော်ရွှင်မှုများ လုံး၀ ပြိုပျက်သွားခဲ့တော့သည်။ ယခုတွင် ကလေးထိန်းရန် အခက်အခဲကို သူ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့အား ဥထဲသို့ ပြန်ထည့်ကာ မွေးဖွား မလာစေချင်သည့်ဆန္ဒများ ဖြစ်လာလေသည်။

၃ ကလေး နှင့် ၄ ကလေး တို့ဟာ တကယ့် နတ်ဆိုးကလေးငယ်များအဖြစ် မှတ်ယူနိုင်ပါသည်။ အစ်ကိုကြီးသည် အလွန် စား၍ မွှေနှောက်တတ်ပြီး၊ ညီမငယ်က နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သော နတ်ဆိုး တစ်ကောင်ကဲ့သို့ နက်နဲပြီး ထက်မြက်သူဖြစ်၏။ ပုံမှန်အချိန်တွင် သူမက ရှိမှန်း မသိရအောင် တိတ်ဆိတ် တည်ငြိမ်လွန်းပြီး သူမ စိတ်အလိုမကျသည့်အခါများတွင် တစ်လောကလုံး အုန်းအုန်းထအောင် ဆူညံ သောင်းကျန်းလေသည်။ 
လီရီသည် တကယ်ပင် မောပန်းနေပြီ ဖြစ်သည်။  ကျန်ကျွင်းရှီ သည် သူ့ကို ကြည့်ပြီး မနေနိုင်တော့ဘဲ ရွာထဲသို့ ကလေးထိန်းသည်များ ခေါ်ကာ ကလေးများကို ပြုစုစောင့်ရှောက်ရန် စီစဥ်ချင်သော်လည်း နျဲ့ပုဖန်က လူစိမ်း အများအပြား ရွာထဲ ဝင်လာမည့်အရေးကို လက်မခံပေ။

သူက ပြောသည်။

“ပြင်ပ လူတွေကရဲ့အကျင့်ဆိုးတွေက ကလေးတွေအပေါ် ဆိုးဆိုးရွားရွား လွှမ်းမိုးဖို့ လွယ်တယ်၊ ဒါကြောင့် ကလေးတွေကို ကိုယ်တိုင် ပြုစုပျိုးထောင်တာက ပိုကောင်းတယ်”

လူများ အားလုံး တိတ်ဆိတ်သွားသည် - မင်းကသာ သည်ကလေးတွေကို ဆိုးဆိုးရွားရွား လွှမ်းမိုးနိုင်မယ့် တစ်ဦးတည်းသော သူပဲ။

နျဲ့ပုဖန် သည် သူ့ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ မကောင်းဆိုးဝါး ပေါက်စလေးများကို ဤသဘာဝ လောကတရားရဲ့ရင်ခွင်မှာသာ လွတ်လွတ်လပ်လပ် ရှင်သန်စေချင်သည်။

နျဲ့ပုဖန်က ကလေးများကို ဝံပုလွေကလေး၊ သိုးကလေးတို့နှင့် ကစားစေသည်။

ဝံပုလွေနှင့် သိုး နှစ်ကောင်စလုံးသည် ကလေးငယ်များနှင့် ကစားဖော်များအဖြစ် နျဲ့ပုဖန်မှ အထူး ကျွေးမွေး စောင့်ရှောက်ထားသော ဒုတိယ မျိုးဆက် ကြက်များ ဖြစ်သည်။ ထက်မြက်၊ သွက်လက်၊ သစ္စာရှိပြီး အကူအညီ များစွာရသည့်အပြင် ၎င်းတို့က ကလေးတွေ၏ နို့ထိန်းသည်များသဖွယ် ဖြစ်နေကြသည်။

ကလေးများသည် ဝံပုလွေနှင့်အတူ လှဲလျောင်းကာ ဝံပုလွေ၏ နို့များကို စို့နေကြသည်။ မတော်လို့ ဝံပုလွေက ထ၍ ရန်ပြုပါက ကလေးတွေကို ထိခိုက်ဒဏ်ရာရကာ သေစေနိုင်သည်အထိ အန္တရာယ်ကြီးသော်လည်း နို့စို့ခြင်း လုပ်ငန်းစဥ်မှာ အဆင်ပြေချောမွေ့လျှက် ရှိသည်။

ထိုမကောင်းဆိုးဝါးလေးတွေက နို့စို့ပြီး အိပ်တောင်ပျော်ကုန်ကြပြီ။

ထိုတွင် နျဲ့ပုဖန်က တံခါးကိုမှီလျှက်

"မင်းတို့ နောက်နောင်ဆို ကလေးတွေကို ဒီနည်းနဲ့လည်း ကျွေးမွေး စောင့်ရှောက်လို့ရပါတယ်၊  လူတွေက ရွာရဲ့အရင်းအမြစ်တွေကို ဘယ်လို သုံးရကောင်းမှန်း မသိဘူး။ ရွာမှာ ရှိတဲ့ တိရစ္ဆာန်တွေက ချစ်ခြင်းမေတ္တာ ပြည့်ဝပြီး နူးညံ့ သိမ်မွေ့တယ်၊ ဒါ့အပြင် စေ့စပ် သေချာပြီး သူတို့ အားလုံးက အရည်အချင်း ပြည့်မီတဲ့ ကလေးထိန်းတွေပဲ။ သူတို့တွေကို ဒီလို ကလေးထိန်းဖို့ ဘာလို့များ စောစောကတည်းက တာဝန် မပေးမိတာပါလိမ့်''

ဖခင်များ အားလုံးမှာ ဘာ စကားမှ မပြောတတ်တော့ပေ။
သည်ရွာက တိရစ္ဆာန်တွေကို အမိန့်ပေးနိုင်တာဆိုလို့ မင်းလို အရူးရင့်နေတဲ့ ကောင်ပဲ ရှိတာလေ။

မည်သို့ပင် ဆိုစေကာမူ ကလေးများကို ပြုစုပျိုးထောင်ရသော ယောက်ျားသားတို့၏ စိုးရိမ်ပူပန်မှုများကို ဤနည်းဖြင့် ခေတ္တ ဖြေရှင်းနိုင်ခဲ့သည်။

ဤသို့ လိုက်လျော ညီထွေ ရှိသော ကြက်သိုက်ကျေးရွာတွင် ၎င်းတို့၏ ကလေးများသည် စည်းလုံးညီညွတ်စွာဖြင့် ရှင်သန် ကြီးထွားလာနိုင်မည်မှာ သေချာပါသည်။

ဒါ့အပြင် နျဲ့ပုဖန်ကလည်း နောက်ထပ် ကလေးတွေထပ်မွေးခဲ့လေသည်။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now