Chapter 36

2.1K 290 1
                                    

Chapter-36
သစ်မြစ်ကလေး နှင့် တာ့ချီ
...............

မျောက်ကလေးကို မွေးထားပြီးနောက်တွင် နျဲ့ပုဖန်သည် တခြားသော ကြက်ဥများကိုလည်း သေချာ လိုက်လံစစ်ဆေးလေသည်။
ဤတွင် အခြားသန္ဓေအောင်သော ကြက်ဥနှစ်လုံးကို ထပ်တွေ့ရ၏။
မိတ်လိုက်ရာသီဖြစ်၍ ကြက်များကလည်း တက်ကြွကာ ဥအထွက် ကောင်းနေသည်။
သန္ဓေအောင်ဥများကြောင့် မကြာမီ ကြက်သိုက်ရွာလေးတွင် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာပေလိမ့်မည်။

နျဲ့ပုဖန်သည် သန္ဓေအောင် ဥနှစ်လုံးကိုကိုင်ကာ ကြက်ဥထဲမှ မည်သည့်အကောင်လေး ပေါက်လာမလဲဟု စိတ်လှုပ်ရှားနေခဲ့သည်။ ကောင်းတဲ့ သတ္တဝါဖြစ်မလား၊ ဆိုးတဲ့သတ္တဝါ ဖြစ်မလားတော့ မသိ။

ထို့နောက် နျဲပုဖန်သည် နံနက်စောစောတွင် အထုတ်အပိုး ပြင်ဆင်ကာ ကြက်ဥသားဖောက်ရန်အတွက်တောင်ပေါ်က သစ်တောထဲသို့သွားဖို့ သူ့ကြက်အုပ်ကို ဦးဆောင်ကာ ထွက်လေသည်။
သူအိမ်က ထွက်ရန်ပြင်နေစဥ်တွင် ကျန်းကျွင်းရှီကတွေ့သွားပြီး လိုက်လာ၏။ ထို့နောက် လီယီကလည်း ဘယ်ကမှန်းမသိ ပေါ်လာလေသည်။ သည့်နောက်တွင် လီဟိုက်၊ စုချန်းယိ၊ ရှန်းမုလန်တို့လည်းအသီးသီးရောက်လာကာ နျဲ့ပုဖန်နှင့်အတူ လိုက်ခဲ့ကြ၏။

နျဲ့ပုဖန်သည် သူ့နောက်တွင် လူတွေအများကြီးလိုက်လာခြင်းကို သဘောမကျ။ ကြက်ဥအကောင်ဖောက်ရာတွင် ၎င်းတို့ကြောင့် အနှောက်ယှက်တစ်စုံတစ်ရာဖြစ်မှာ စိုးရိမ်နေခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း သူ့မှာ လူအင်အားများနေခြင်းသည် အခြားသော ပြင်ပရန်သူတို့၏ ဘေးအန္တရာယ်ကို ကာကွယ်ရန် အသုံးဝင်သေးသည်။ ထို့ကြောင့် ၎င်းတို့ကို လိုက်ခဲ့ရန် နျဲပုဖန်လက်ခံခဲ့ခြင်း ဖြစ်၏။

နွေဦးရာသီ၏ တောတောင်ရေမြေ သဘာဝရှုခင်းသည် ပကတိ စိမ်းလန်းသစ်လွင် လက်ဆတ်လျှက်ရှိနေသည်။

''ရှေ့စူးစူးမှ လေမုတ်သုန်ရူး၊ သူရဲကောင်းကို ရစ်မူးစေတဲ့ ရာသီနွေဦး ''
ရှန်းမုလန်က ခံတွင်းလာရာ ကဗျာစာသားကို ရွတ်လိုက်၏။

''ပြည်တော်ပြန် သူရဲကောင်းအား
အသက်ဆက်စေအောင် ကောင်းချီးပေးသလား
နွေဦးလေ၊ အေးတယ် အေးတယ်
လေရူးစွေ၊ ပြေးတယ် ပြေးတယ်''

စုချန်းယိကလည်း သီချင်းလုပ်ဆို၏။

ဤတွင် ရှန်းမူလန် အတွေးတစ်ခု ရသွားသည်။
''ညီအစ်ကိုတို့ရေ၊ ကျွန်တော်တို့တွေ အခုလိုအပန်းဖြေခရီးထွက်လာကြရင်းနဲ့ ကဗျာစာပေ ဆွေးနွေးပွဲလေး လုပ်ရင် မကောင်းဘူးလား''

''အကြံကောင်းပဲ''
စုချန်းယိလည်း သဘောကျသွားသည်။ ထို့နောက် ကျန်းကျွင်းရှီ နှင့်လီညီအစ်ကို၏ သဘောထားကိုလည်း မေးစမ်းကြည့်ကြသည်။

''မင်းတို့ရော ဘယ်လိုထင်လဲ၊ လုပ်ချင်လား''

လီဟိုက်ကတော့ ပြုံးပြုံးပင် လက်ခံ၏။

ကျန်းကျွင်းရှီနှင့် လီယီတို့ကတော့ နျဲ့ပုဖန်၏ အရိပ်အကဲကို တစ်ချက်လှမ်းကြည့်ပြီးနောက် မအီမသာဖြင့် ခေါင်းညိတ်လိုက်ရသည်။
နျဲ့ပုဖန်သည် စာပေ မတက်ကျွမ်းသောကြောင့် ဤနေရာတွင် အရာဝင်မည် မဟုတ်ပေ။ ၎င်းတို့နှင့်နည်းတူ စာပေကဗျာတို့အကြောင်း ဖွဲ့နွဲ့ပြောဆိုနိုင်မည်မဟုတ်။
နျဲ့ပုကလည်း သိပ်သဘောကျပုံ မရသောဟန်ပေါ်နေသည်။
နာရီဝက်ခန့်သွားပြီးနောက်၌ အပန်းဖြေစခန်းချရန်သင့်တော်သောနေရာကို ၎င်းတို့တွေ့ခဲ့ကြသည်။ အလွန်လှပသော ရှုခင်းရှိကာ ထိုနေရာသည် တောင်များ အထပ်ထပ်ဝိုင်းရံထားသော မြေပြန့်ကလေး ဖြစ်သည်။
ထိုနေရာတွင် ကြက်များကိုလည်း စားကျက်လွတ်ပေးထားလိုက်သည်။

ထို့နောက် ဖျင်ဖျာကို နေရာတွင်ခင်းကာ ကျန်းကျွင်းရှီက သယ်လာသော အသားပေါင်းခြင်းတောင်း၊ဝိုင်နှင့် အခြားစားစရာများကို ခင်းကျင်းစီရင်၏။
လူတွေအားလုံးကလည်း ရှုခင်းမြင်ကွင်းတို့ကို ခံစားကာ စိတ်ညစ်ညူးမှုတို့ကို သက်သာစေသည်။
''ဒီလိုလှပတဲ့ ရှုခင်းအရှေ့မှာ အရင်ဆုံးကောင်းချီးခံယူသင့်တယ်''

စုချန်းယိ ဝိုင်ခွက်ကိုင်မြှောက်ပြီး ကောင်းချီးခံယူဆုတောင်းသောအခါ အားလုံးလည်း အတူတူလိုက်လုပ်ကြ၏။
၎င်းတို့ ခွက်ချင်းတိုက်ကြပြီး နျဲ့ပုဖန်လည်း သူတို့နှင့် အတူတူထိုင်ကာ ဝိုင်ခွက်ချင်း တိုက်လိုက်၏။
ဤတွင် ရှန်းမူလန်က သက်ပျင်းချကာ ...

''ဒီလိုတောတန်းတွေသစ်တောတွေ သာယာလှပတဲ့ရှုခင်းတွေရှိနေတာ ငါတို့ခဏခဏ ထွက်လည်သင့်တယ်'' ဟု ဆိုလိုက်သည်။
ဤတွင် လီဟိုက်ကလည်း ခေါင်းတွင်တွင်ညိတ်ကာထောက်ခံ၏။

''ဟုတ်ပါတယ်...မြို့တော်ကြီးတွေ လမ်းမတွေဟာလူသူဘယ်လောက်ပဲ စည်ကားစည်ကား၊ တောတောင်သဘာဝရဲ့အလှကိုတော့ ဘယ်ယှဥ်နိုင်ပါ့မလဲ''

ဤတွင် နျဲ့ပုဖန်က နောက်ကွယ်ကနေ မျက်နှာကိုရှုံ့မဲ့ကာ ကြောင်သူတော်ကောင်ဟုစိတ်ထဲမှ ကဲ့ရဲ့မိသည်။

''အလင်းအားကောင်းတုန်းအချိန်လေးမှာ ကဗျာတွေအကြောင်း စလိုက်ကြရအောင်လား''

ရှန်းမုလန် ဦးဆောင်၍ စုချန်းယိကို ကဗျာစရွတ်ဖို့တိုက်တွန်းသည်။

''ချန်းယိက ဒီနေရာမှာ ထူးချွန်တဲ့သူပဲ၊ မင်း အရင်စလိုက်ပါလား''

''ဒါဆို ငါက စလိုက်မယ်'' ဟု ဆိုကာ စုချန်းယိလည်းအဝေးက ညို့မှိုင်းနေသော တောင်တန်းများကို ကြည့်ကာ ကဗျာစပ်၏။

''မိုးမခပင် မြပိုးသား၊ စိမ်းညို့ညို့တောအုပ်သည်နွေဦး၏ ဆည်းဆာပါတကား''

ထို့နောက် ရှန်းမုလန်လည်း ခဏမျှစဥ်းစားနေပြီကဗျာတစ်ကြောင်းစပ်၏။

''ခြေအစုံကိုရပ်သည့်နေရာတွင် စပျစ်ဝိုင်သည်ချို၏။ ဝေးလံခေါင်ရာအရပ်၏ ကောင်းကင်တွင် တိမ်လိပ်များတလွင့်လွင့်''

ရှန်းမုလန်က ဤသို့စပ်ဆိုလိုက်သည်။

ထိုအခါ နျဲ့ပုဖန်လည်း ကောင်းကင်ကိုကြည့်မိသွားပြီး ကောင်းကင်၌ မီးခိုးရောင်ကြက်တစ်ကောင်ပျံသန်းနေသည်ကို မြင်လိုက်ရလေသည်။

''ဟိုမှာ ဘာဖြစ်နေတာလဲ''
လီဟိုက်က အလန့်တကြားမေး၏။

''အိုး၊ ဘာမှမဟုတ်ပါဘူး''

နျဲ့ပုဖန်က အေးအေးသာဖြေ၏။
ကျန်းကျွင်းရှီသည် ပျံနေသောကြက်ကို ကြည့်ကာသဘောကျစွာ ရယ်နေပေမယ့် လီယီကတော့မျက်နှာထားတည်တည်ဖြင့်သာနေသည်။

ကြက်ကလေးသည် 'တိမ်လိပ်များ တလွင့်လွင့်' ဟူသောစကားကြောင့် သူ့ကိုယ်သူ တိမ်များလွင့်သကဲ့သို့ ထပျံခြင်းဖြစ်သည်။

သည့်နောက်တွင် ၎င်းတို့သည် ကဗျာဆက်ဆိုခြင်းကို ဆက်လက်လုပ်ဆောင်ကြ၏။
လက်တန်းရွတ်ဆိုရသော ကဗျာစာသားများ ဖြစ်ပေမယ့် စီလျော်မှုရှိလှပါသည်။

နျဲ့ပုဖန်လည်း ပျင်းလာသဖြင့် ကြက်ဥပြုတ်တစ်လုံးကိုင်ကာ အရှေ့ရှိ မြေကြီးပေါ်တွင်ခြေထောက်ဖြင့် ဟိုခြစ်၊ ဒီခြစ် ခြစ်နေ၏။

လီဟိုက်သည် နျဲ့ပုဖန်၏ ပုံစံကိုမြင်ပြီးနောက်ကြိတ်၍ ဝမ်းသာနေခဲ့သည်။
ဒီလူနျဲ့ပုဖန်သည် အမြဲဟိတ်ကြီး၊ ဟန်ကြီးထုတ်နေပေမယ့် ယခုတွင် သူမကျေမနပ်ဖြစ်ရမယ့် အလှည့်ရောက်ချေပြီ။ နျဲ့ပုဖန်သည် ဒေါင်းများအလယ်ကဘဲရုပ်ဆိုးလေးလို ဖြစ်နေ၏။

အခြားသူများအားလုံးသည် နျဲ့ပုဖန်အပေါ်တွင်အာရုံမရှိပဲ ကဗျာစပ်ခြင်းကိုသာ စိတ်ဝင်စားနေကြသည်။

ဤတွင် လီဟိုက်က ရုတ်တရက်ထပြောလိုက်၏။
''အစ်ကိုနျဲ့ပုဖန်၊ ဒီလိုလှပတဲ့ ရှုခင်းတွေအရှေ့မှာ ဘာလို့တစ်ယောက်တည်း တိတ်ဆိတ်နေတာလဲ၊ ကဗျာတစ်ပုဒ်လောက် စပ်ဆိုပြီး စိတ်ကို လွတ်လွတ်လပ်လပ် ဖော်ပြကြည့်ပါလား''

ထိုစကားကို ကြားသည့်အခါ လီယီနှင့်ကျန်းကျွင်းရှီတို့သည် လီဟိုက်အား မျက်စောင်းထိုးလိုက်ကြ၏။
ဒီကောင်တော့ ပြဿနာအိုးကို တုတ်နဲ့သွားထိုးပြန်ပြီ။
လီဟိုက်ကတော့ ဘာမှမသိပဲ နျဲ့ပုဖန်ကို အရှက်ခွဲချင်ရုံ သက်သက်စလိုက်ခြင်းဖြစ်၏။

နျဲ့ပုဖန်လို ချက်ကြိုးနဲ့ ရှက်ကြိုး မှားဖြတ်ပြီး မွေးလာတဲ့သူက ဒီလောက်နဲ့ ဘယ်ရှက်တတ်ပါ့မလဲ။
ထိုအခါ နျဲ့ပုဖန်သည် သူ့ကိုယ်သူ ဟိတ်ကြီးဟန်ကြီး ထုတ်လိုက်သည်။

''ငါ ကဗျာစပ်ရမှာလား၊ နည်းနည်းတော့ ရှက်တယ်ကွာ''

ကျန်းကျွင်းရှီနှင့် လီယီသည် ထိုစကားကြောင့်မျက်လုံးပြူး၍ ကြည့်လိုက်ကြ၏။

လီဟိုက်သည် သဘောကောင်းဟန်ဆောင်ကာ ပြုံး၍ပြောသည်။
''ဟားဟား၊ မရှက်ပါနဲ့။ ကျွန်တော်တို့ အားလုံးကဂုဏ်သိက္ခာရှိပြီး ကျိုးနွံတဲ့ လူကြီးလူကောင်းတွေပါဗျ၊ ခင်ဗျားကို လှောင်မှာ မဟုတ်ပါဘူး''

''မဟုတ်ဘူး၊ မဟုတ်ဘူး''

နျဲ့ပုဖန်သည် လက်ကာပြကာ တည်ငြိမ်ရင့်ကျက်သောဟန်ဖြင့် ပြော၏။

''ငါ့ ကဗျာကို နားထောင်ပြီးရင် မင်း ဘာမှမပြောနိုင်အောင် စွံ့အ,သွားကြမှာကို စိုးရိမ်တာပါ၊ မင်းကိုယ်မင်း စိတ်ရောကိုယ်ပါ အရှက်ရပြီး ယူကျုံးမရဖြစ်နေမှာ စိုးလို့ပါ''

''...''

အရင်ဆုံး စွံ့အ,သွားရသူမှာ ကျန်းကျွင်းရှီနှင့် လီယီဖြစ်နေသည်။
နျဲ့ပုဖန်လောက် အရှက်မဲ့တဲ့လူ ဒီလောကမှာ ရှိပါ့ဦးမလား။

''ဒါဆိုလည်း ယူကျုံးမရဖြစ်စေမယ့် အရှက်ရစေမယ်ဆိုတဲ့ ကဗျာကို မင်းစပ်ပြလေ''
လီဟိုက်သည် ဒေါသထွက်သွားသောကြောင့်အံကြိတ်ကာ စိန်ခေါ်လိုက်၏

နျဲ့ပုဖန်က လူတိုင်းကိုကြည့်ပြီး ...
''မင်းတို့ နားထောင်ချင်တာ သေချာလား'' ဟုအတည်ပြုချက်ယူလိုက်၏။

အားလုံးကလည်း သိချင်စိတ်နှင့် စိုးရိမ်မူတို့ လွန်ဆွဲနေသည့်ကြားက လေးတိလေးပင်နှင့် ခေါင်းညိတ်လိုက်ကြသည်။

သို့ဖြစ်၍ နျဲ့ပုဖန်လည်း ခန့်ညားစွာ မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ မျှော်ကြည့်ကာ ကဗျာစပ်ဖို့ပြင်၏။

''ငါ့ကဗျာက လက်တွေ့ဆန်တာမို့ သေချာနားထောင်ကြ''

အားလုံးကလည်း စိတ်ဝင်တစား နားစိုက်နေကြ၏။

နျဲ့ပုဖန်သည် သူ့လက်တွေကို ဆန့်တန်းကာ ကဗျာစရွတ်တော့သည်။

''ကြက် ကြက် ကြက်၊ ကောင်းကင်ပေါ်ကိုပျံတဲ့ကြက်၊ လက်သည်းတွေ ချွန်ထက်တဲ့ကြက်၊ ကျောက်တောင်ကို ကုတ်ခွဲတဲ့ကြက်၊ အမွှေးရောင်စုံနဲ့ ခန်းညားတဲ့ကြက်''

လေအေးသည် တိုက်ခတ်လျှက်ရှိ၍ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေ၏။

ထိုသို့ ဆိတ်ငြိမ်လျှက်ရှိသော ပတ်ဝန်းကျင်တွင်ချက်ချင်းဆိုသလို ကြက်တို့ အတောင်ပံခတ်ကာ ထပြန်ကုန်ကြ၏။ မူလ ဆိတ်ငြိမ်နေသာ တောအုပ်သည် ဖုန်မှုန့်များ သစ်ရွက်ခြောက်များအမှိုက်သရိုက်များဖြင့် လေဆင်နှာမောင်းတိုက်သကဲ့သို့ ဗြောင်းဆန်ကုန်လေ၏။

လူတိုင်းသည် ဖုန်မှုန့် မုန်တိုင်းကြားတွင် အိန္ဒြေပျက်ကုန်ကြကာ တည်ခင်းထားသော အစားအသောက်များကို အုပ်သူက အုပ်၊ ကာသူက ကာ ဖြစ်ကုန်ကြလေသည်။

တောအုပ်သည် ပကတိ ဗြောင်းဆန် ဆူညံသွား၏။
ထိုအခါ နျဲ့ပူဖန်က သူ၏ကဗျာကို သရုပ်ဖော်ပေးသော ကြက်အုပ်အား တားရန် လက်ကိုဝှေ့ယမ်း လိုက်သည်။
''ကဲ..ကဲ၊ မင်းတို့ရဲ့ အားပေးကူညီမှုကို ကျေးဇူးတင်ပါတယ်။ တော်လောက်ပြီ''

နျဲ့ပုဖန် စောစောကပြောခဲ့သည့်အတိုင်းပင် သူ့ကဗျာကြောင့် လူတွေမှာ အိန္ဒြေသိက္ခာပျက်ကာအရှက်ရ,ရသည်။ စားသောက်ဖွယ်ရာနှင့် အဝတ်များ ပေရေပျက်စီးကုန်သောကြောင့် ယူကျူံးမရဖြစ်ရသည်။ အားလုံးမှာ ဘာမှမပြောနိုင်အောင် စွံ့အ,နေကြသည်။

နျဲ့ပုဖန်ကတော့ မည်သူမှ အနိုင်ယူလို့မရသည့်ဘုရင်တစ်ပါးအတိုင်းပင် ဖြစ်သည်။

စုချန်းယိ အပါအဝင် တခြားသူတို့၏ ဓားသွားကဲ့သို့ချွန်ထက်သော မျက်စောင်းများသည် လီဟိုက်အပေါ်သို့ ကျရောက်ထိုးနှက်ကာ ဒါတွေအားလုံးမင်းကြောင့်ဟု ပြောနေကြသဖွယ်ပင်။
လီဟိုက်မှာလည်း ခေါင်းငုံ့ကာ ငါ့အမှားပဲဟုနောင်တရနေတော့သည်။
ထို့နောက် နျဲ့ပုဖန်သည် သူ့မျက်နှာပေါ်မှ ဆံပင်များကို လက်ဖြင့်သပ်တင်ကာ ခန့်ညားစွာဆို၏။

''ကဲ၊ ဘယ်လိုလဲ။ ဒီအရှင်သခင်ရဲ့အရည်အချင်းက နေရောင်၊ လရောင်တွေကိုတောင် ဖုံးလွှမ်းနိုင်စွမ်းရှိတယ် မဟုတ်လား''

ဟုတ်ပါတယ်၊ မှန်ပါတယ်။ မင်းက တကယ်အမိုက်ဆုံးပါပဲ။ အမိုက်မဲဆုံးပဲ။
အားလုံးမှာ မျက်နှာမဖော်နိုင်အောင် ခေါင်းငုံ့ထားလျှက် တိတ်ဆိတ်နေကြသည်။

''ဒါကြောင့် လူတိုင်းကို အထင်မသေးနဲ့လို့ ပြောတာ''

နျဲပုဖန်သည် လီဟိုက်အား ရှုံ့ချသောအကြည့်ဖြင့်စိုက်ကြည့်ကာဆို၏။

''ကဗျာတွေ၊ စာတွေဖွဲ့နွဲ့ရေးသားနိုင်တာကမှ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ဉာဏ်ကြီးရှင်တွေရှိကြတယ်။ ဆင်းရဲသားလည်း သူ့ပါရမီနဲ့သူ၊လက်လုပ်လက်စားလည်း သူ့ပါရမီနဲ့သူရှိတာပဲ''

လီဟိုက်မှာ ပို၍ပင် ခေါင်းငိုက်စိုက်ကျသွား၏။ သူ့မျက်နှာသည် မီးတောင်ချော်ရည်ပူကဲ့သို့ နီရဲကာ မြေကြီးထဲသို့ ပျော်ဝင်သွားတော့မလို ဖြစ်နေလေသည်။

ကျန်သောသူတို့၏ မျက်နှာများမှာလည်းကြက်သေသေကာ ငြိမ်ကုတ်နေကြ၏။

''မင်းက မကောင်းတဲ့စိတ်နဲ့ ပြောတာမဟုတ်ဘူး ဆိုရင်လည်း စိတ်မရှိပါနဲ့လေ၊ လောကကြီးမှာ ကိုယ့်ဂုဏ်ကိုမဖော်ပဲ နှိမ့်ချနိုင်တာအမြတ်ဆုံးပဲ၊ မသိနားမလည်တာကို သိနားလည်သလို ဟန်မဆောင်နဲ့၊ နောက်ပြီး သူတစ်ပါးရဲ့ပိုင်နက်ထဲမှာ သူတစ်ပါးကိုသွားစိန်မခေါ်မိစေနဲ့''

နျဲ့ပုဖန်က သူတော်ကောင်း တရားများ ဟောနေသောအခါ လီဟိုက်သည် ငိုလုမတတ်ဖြစ်နေရှာသည်။

''ကျေးဇူးပြုပြီး မင်းစကားတွေကို ရပ်လိုက်ပါတော့။ ငါ့အမှားကို ဝန်ခံပါတယ်၊ ငါမှားတာပါ''

''တကယ် ဝန်ခံတာလား''
နျဲ့ပုဖန်ကမေးသည်။

''တကယ် လုံးဝ,ဝန်ခံပါတယ်''

လီဟိုက်သည် ငိုမဲ့မဲ့မျက်နှာ ဖြစ်နေသည်။

''အိုး၊ ကိုယ့်အမှားကိုယ် ဝန်ခံတာ ယောကျ်ားကောင်းတွေရဲ့လုပ်ရပ်ပဲလေ''

ထို့နောက် နျဲ့ပုဖန်သည် လှည့်ထွက်သွားကာ ရေရွတ်လိုက်သည်။

''အမြင့်ပိုင်းတွေက အေးလိုက်တာ၊ ချမ်းလွန်းလို့သေတော့မယ်''

စုချန်းယိ၊ ရှန်းမုလန်၊ လီယီနှင့် ကျန်းကျွင်းရှီတို့ကား လောကကြီးကို ဂျွန်းထိုးမှောက်ခုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသော၊ ဂျပိုးကနေ လိပ်ဖြစ်အောင်ပြောနိုင်သော၊ လူသေကောင်တွေထက်တောင်အရှက်တရားကင်းမဲ့သော နျဲ့ပုဖန်အား သြချကာလက်ဖျားခါသွားကြ၏။
၎င်းတို့သည် ထိုပုဂ္ဂိုလ်ရှေ့တွင် ကဗျာရွတ်ဝံ့တော့မည် မဟုတ်သလို ဘယ်တော့မှ စိန်ခေါ်ဝံ့ကြတော့မည်လည်း မဟုတ်ပေ။

ဤသို့ဖြင့် လှပသော အပန်းဖြေခရီးလေးသည်ကြေကွဲဖွယ် ပြီးဆုံးသွားခဲ့သည်။
လူတွေအားလုံးလည်း မျက်နှာပျက်ပျက်ဖြင့်ပြန်သွားကြပြီးနောက်တွင် နျဲ့ပုဖန်တစ်ဦးတည်းသာ ကြက်ဥများဖြင့် ကျန်ခဲ့၏။

အမှောင်ထဲတွင် ပုန်း၍ စောင့်ရှောက်ရန်ရှိနေသော ဝမ်ရှင်းချန်သည်ပင် ထွက်ပြေးသွားချေပြီ။

နျဲ့ပုဖန်သည် တစ်ကိုယ်တည်း ကြက်ဥသားဖောက်ဖို့ ပြင်တော့သည်။
သူသည် မီးဖိုတစ်ခုဖိုကာ ကြက်ဥများကို အဝတ်ထူထူဖြင့် ထုတ်ပတ်၍ မီးဖိုနားတွင်ထားလျှက် အနွေးဓာတ် ပေးထားသည်။

သူ၏ ကြက်ဥသားဖောက်နည်းမှာ နတ်ဘုရားများမြင်းလျှင်ပင် ငိုသွားလောက်ပေသည်။
ထူးဆန်စွာပင် နံ့သာတစ်တိုင် ကုန်ချိန်လောက်မှာတော့ ကြက်ဥခွံလေးတစ်ခုက စတင်အက်ကွဲလာသည်။

နျဲ့ပုဖန်သည် တောက်ပသောမျက်လုံးများဖြင့် ၎င်းကြက်ဥကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ကာ ဘာအကောင်လေးပေါက်လာမလဲဟူ၍ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေလေသည်။

သို့ရာတွင် ခဏကြာသွားသည့်တိုင် ဥအကွဲလေးကဘာမှဆက်ဖြစ်မလာပဲ ဘေးရှိကြက်ဥလေးမှာအကောင်အရင်ပေါက်လာ၏။
ဤသည်မှာ အမွှေးကတုံးဖြင့် ကြက်ပေါက်လေးတစ်ကောင်ဖြစ်နေသည်။

နျဲ့ပုဖန် စိတ်ပျက်သွား၏။ သူသည် ထူးခြားသောမျိုးစိတ်တစ်ခုခု ထွက်လာမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ စိတ်ပျက်စွာဖြင့် အမွှေးပြောင်ကြက်ပေါက်လေးကို ယူပြီး ဘေးတွင် ထားလိုက်သည်။

ထို့နောက် အက်ကွဲလာသော ကျန်ကြက်ဥကို စောင့်ကြည့်နေ၏။
နောက်ဆုံးတွင် သူမျှော်လင့်ထားသည့်အတိုင်း မတူသော အရာတစ်ခု ထွက်လာသည်။
ထိုအရာသည် လည်ပင်းရှည်ရှည် မျက်နှာဝိုင်းဝိုင်းနှင့် ခြေချောင်းလက်ချောင်းများပါပြီး တစ်ကိုယ်လုံးတွင် အမွှေးဖြူဖြူများရှိနေသော လာမာကုလားအုတ်မျိုးနွယ်လိုလို တောင်ဆိတ်လိုလိုအကောင်လေးဖြစ်သည်။

နျဲ့ပုဖန်သည် ချီတုံချတုံဖြင့် ၎င်း၏ ပျော့ပျောင်းသောအမွှေးများပါသည့် ခန္ဓာကိုယ်ကိုစိတ်ဝင်တစားကြည့်နေမိသည်။

''ဒါ တောင်ဆိတ်လား၊ ဆိတ်မျိုးနွယ်တစ်ကောင်လား''

နျဲ့ပုဖန်သည် ထိုအကောင်လေးကိုယူကာ လည်ပင်ကို ကိုင်ကြည့်လိုက် ခြေလက်များကို တို့ကြည့်လိုက်လုပ်ရင်း ...

''ကောင်းပြီ။ ငါမင်းကို အခုကစပြီး သစ်မြစ်ကလေး လို့ ခေါ်မယ်''

ထို့နောက်သူသည် အမွှေးပြောင်ကြက်ကလေးကိုလည်း ကြည့်ကာ ထိုသို့ဆို၏။

''မင်းက သာမာန်ကြက်ကလေးတစ်ကောင်ပေမယ့် ထူးခြားတဲ့ အခြေအနေတစ်ခုမှာ မွေးဖွားလာရတဲ့အတွက် အနာဂတ်မှာ မင်းကထူးခြားတဲ့သူဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်။ ဒီတော့ မင်းကို 'တာ့ချီ' လို့ နာမည်ပေးမယ်''

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now