Chapter 95

850 96 0
                                    

Chapter - 95
ကယ်တင်ပြီးရင် ဟီးရိုးကို အလှလေးတွေ အများကြီးပေးရမယ်


နျဲ့ပုဖန် နှင့် အခြားလူများကို အသုတ်လိုက် ခွဲ၍ အခန်းများစွာတွင် သော့ခတ်ထားကြသည်။ ၎င်း စတိုခန်းသည် ပြတင်းပေါက် မရှိသည့်အပြင် မှောင်ကာ သေးငယ်၏။

ထိုက်ယန်နှင့် ဖန်းလုံတို့သည် နျဲ့ပုဖန်၏ ဘယ်ညာတွင် မှီလျှက် အိပ်နေပြီး နှစ်ယောက်စလုံးသည် လက်ရှိတွင် သတိမလည်တလည် အခြေအနေတွင် ရှိနေသည်။ အစောက ထမင်းစားတုန်းက နျဲ့ပုဖန် တစ်ကိုက်သာ စားခဲ့သည့်အတွက် သူ၏ ထူးခြားသော ခန္ဓာကိုယ်နှင့် ယှဥ်တွဲလျက် ဆေး၏ အာနိသင်သည် ကြာရှည်စွာ မခံပဲ ကုန်ဆုံးသွားသော်လည်း သူ ဗိုက်ဟောင်းလောင်း နှင့် အလွန်ဆာလောင်နေပါသည်။

ကံမကောင်းစွာပဲ၊ သူ့ တစ်ကိုယ်လုံးကို မုန့်ဖက်ထုပ်ကဲ့သို့ ချည်နှောင်ခံထားရသည့်အတွက် သူ့မှာ သန်ကောင်လို တွားသွားလျှက် လှုပ်နိုင်ရုံသာရှိတော့သည်။ ထုံးစံအတိုင်း၊ သူသည် ထိုကဲ့သို့ အချည်းနှီးသော လှုပ်ရှားမှုများကို မလုပ်နေပဲ အမှောင်ခန်း၏ မျက်နှာကျက်ကိုသာ ကြည့်၍ ငြီးငွေ့စွာ လေချွန်နေခဲ့သည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ခေါင်မိုးပေါ်ကနေ အသံ အနည်းငယ် ထွက်လာ၏။ ထို့နောက်တွင်တော့ အမှောင်ခန်းထဲသို့ ကြယ်အလင်းကဲ့သို့ အလင်းပေါက် အနည်းငယ် စိမ့်ဝင်လာသည်။  ခေါင်မိုးပေါ်ရှိ ကြွေပြား တစ်ချပ်ကို တစ်စုံတစ်ခုက ထိုးဖောက်နေပုံရပြီး ထို့နောက်တွင် ၎င်းနေရာမှ  ကြက်ခေါင်းနှင့် အံဝင်ခွင်ကျဖြစ်မည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

မီးမှိန်မှိန်ကြောင့် နျဲ့ပုဖန်သည် ဤဂြိုလ်သားကြက်၏ မျက်နှာကို မမြင်နိုင်ပေ။

သို့သော် နောက်အခိုက်အတန့်တွင် ၎င်းကို မှတ်မိသွားသည်၊ အကြောင်းမှာ ထိုကြက်သည် လူကဲ့သို့ စကားပြောနိုင်သောကြောင့်ပင် ...

"ကက် ကက် ကတွတ်ကတွတ်.. မင်း တို့ကို အနက်ရောင် အခန်းကျဉ်းလေးထဲမှာ ဖမ်းချုပ်ထားတယ်"

"ဟီးရိုး" နျဲ့ပုဖန်က အော်လိုက်သည်။

"အမြန် လာပြီးတော့ မင်းရဲ့သခင်ကို ကြိုးတွေကို ဖြည်ဖို့ ကူညီပါ"

"ဘာ အကျိုးကျေးဇူး ရှိမှာလဲ" 
ဟီးရိုးက စျေးကိုင်နေသည်။

"အကျိုးကျေးဇူးလား။ မင်း ဘာလိုချင်လဲ''

နျဲ့ပုဖန်က မျက်လုံးပြူးပြီး မေးလိုက်၏။

''လှတာ တစ်ခု လိုချင်တယ်၊ အများကြီး အများကြီး လှတဲ့ဟာ တစ်ခု လိုချင်တယ်''

ဟီးရိုးက ချက်ချင်းပြန်ဖြေသည်။

"မင်း စိတ်ထဲမှာ ဒါတွေပဲ ရှိတယ်''

နျဲ့ပုဖန်က အထင်အမြင် သေးစွာဖြင့် ရေရွတ်ပြီး "ကောင်းပြီ၊ ငါတို့ပြန်ရောက် တဲ့အခါ မင်းကို လှတဲ့ဟာတွေ တစ်ဒါဇင်လောက် ဝယ်ပေးမယ်''
လို့ ကတိပေးလိုက်သည်။

"အို..ကောင်းတာပေါ့" 

ဟီးရိုးသည် အိမ်ခေါင်မိုးပေါ်မှ စိတ်လှုပ်ရှားစွာဖြင့်ဆက်တိုက် ခုန်နေသောကြောင့် ကြွေပြားများ အက်ကွဲသွားစေသည်။

နျဲ့ပုဖန်က ဘာမှမပြောပဲ၊ တိတ်တိတ်လေးတွေးလိုက်၏။
သည်ကောင်ကို ကိုယ်အလေးချိန် လျော့ချပေးမှနဲ့တူတယ်။

ကံကောင်း ထောက်မစွာပင် အနီးနားရှိ အစောင့်များ ဤသည်ကို သတိမမူမိပေ။ ဟီးရိုးသည် နျဲ့ပုဖန်အနားသို့ ခုန်ဆင်းလာကာ ၎င်း၏ ပါးစပ်နှင့် ခြေသည်းများကို အသုံးပြု၍ ကြိုးတွေကို ဖြေပေး၏။

ဟီးရိုး၏ မူလအသွင်မှာ ကြက်တော (ကြက်တူရွေးအကောင်ကြီးမျိုး) တစ်ကောင် ဖြစ်ပြီး ခွန်အားကြီးမားသောကြောင့် ကြိုးကို အမြန်ဖြည်လိုက်နိုင်သည်။

လွတ်လပ်မှုကို ပြန်လည် ရရှိပြီးနောက် နျဲ့ဖန်သည် သူ၏ ကြွက်သားများနှင့် အရိုးများကို ဖြေလျှော့ကာ အိပ်နေသော မျောက်လေး ဝူခုန်းကို သူ၏ ဖိနပ်ထဲမှ ထုတ်လိုက်သည်။ သည်ကောင်လေးက သေးသေးလေး ဖြစ်ပြီး ပင်လယ်ဓားပြတွေ ဝိုင်းရံထားချိန်မှာ နျဲ့ပုဖန် က သူ့ဖိနပ်ထဲ အချိန်မီ ထည့်ထားနိုင်ခဲ့၏။ မဟုတ်ပါက ပင်လယ်ဓားပြတွေ တွေ့ရှိတဲ့အခါ ဘယ်လို လူမဆန်တဲ့ ဆက်ဆံမှုမျိုး ခံရမယ်ဆိုတာ မသိနိုင်ပေ။ ဘွတ်ဖိနပ်အတွင်းက အနံ့အသက်က အနည်းငယ် ဆိုးရွားသော်လည်း မည်သည့် အခြေအနေတွင်မဆို ဘေးကင်းကြောင်း အာမခံနိုင်ပါသည်။

"ကက် ကက်..  ကတွက်၊ အရမ်း မိုက်တယ်" 

ဟီးရိုးသည် အော်မြည်ကာ ဘွတ်ဖိနပ်အနံ့ကြောင့်ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွား၏။

မျောက်ကလေး မေ့မျောနေခြင်းမှာ ဆေးကြောင့် မဟုတ်ဘဲ ဖိနပ် အနံ့အသက်ကြောင့် ဖြစ်သည်က သံသယဖြစ်ဖွယ် မရှိ။

''ဒီလောက် ဖြစ်သွားစရာ လိုလို့လား။ ငါ့ ခြေထောက်က အဲ့လောက်လည်း မနံပါဘူး''

နျဲ့ပုဖန်က သဘောမကျဟန်ဖြင့် သူ့ဘာသာသူ အနံ့ခံပြီး ခေါင်းစဉ်ပြောင်းကာ “အခြားကောင်တွေကော ဘယ်လိုလဲ” ဟု မေးသည်။

"အပြင်မှာ"

လက်ရှိတွင် နျဲ့ပုဖန်၏ ဘေး၌ ကြက်တစ်ဒါဇင်မျှသာ ကျန်ရှိပြီး အများစုမှာ မြေပြင်စစ်ပွဲအတွက် မသင့်တော်ကြောင်း တွက်ချက်မိသည်။  ပင်လယ်ဓားပြ အယောက် တစ်ရာနီးပါးနဲ့ ရင်ဆိုင်ရရင် လူတိုင်းကို တစ်ချိန်တည်းမှာ ကာကွယ်ဖို့နေနေသာသာ တွန်းလှန်နိုင်မှာ မဟုတ်တာ သေချာပါသည်။

ဖန်းလုံသာ အချိန်မီ ပြန်ကောင်းလာနိုင်ရင် ကောင်းမှာပဲ။

ရုတ်တရက် နျဲ့ပုဖန်၏ မျက်လုံးများ တောက်ပလာသည်။ အဆိပ်ဖြေဆေးကို ရှာရခက်ပေမယ့် အဆိပ်ကို ရှာရတာ တော်တော်လွယ်ပါသည်။  ပင်လယ်ဓားပြတွေဆီမှာ အဆိပ် အမြောက်အများရှိလိမ့်မည်။ အသာစီးယူဖို့အတွက် သူတို့ လှည့်ကွက်နဲ့ သူတို့ကို ပြန်တိုက်ခိုက်ရုံပေါ့။

ဒါကိုတွေးပြီး သူ့ စိတ်ထဲမှာ အစီအစဥ်တစ်ခုကို အမြန်လုပ်လိုက်၏။ ခိုးယူရန် အသင့်တော်ဆုံးသော မျောက်ကလေးသည် လောလောဆယ်တွင် သတိမရသေးတာကြောင့် အနည်းငယ် စိတ်မချရပေမယ့် ဟီးရိုးကိုသာ အကူညီ တောင်းလိုက်နိုင်သည်။

ဟီးရိုးသည် ထိုတာဝန်ကို စိတ်ချယုံကြည်စွာ လက်ခံခဲ့ပြီး ၎င်း၏ အတောင်ပံများကို လှုပ်ယမ်း၍ ပျံသန်း ထွက်ခွာသွားကာ လမ်းပေါ်မှာ စောင့်နေသော ကြက်သူငယ်ချင်းများကို ခေါ်၍ လှုပ်ရှားမှုကိုစတင် ဆောင်ရွက်လေသည်။

ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တံခါးအပြင်ဘက်က ခြေသံတွေ ထွက်လာပြီး သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

နျဲ့ပုဖန်လည်း အလျင်အမြန်ပင် သူ့ကိုယ်မှ ဖြည်ထားသော ကြိုးစတို့ကို ကိုင်ကာ အနားရှိ ထင်းပုံနောက်တွင် ဝင်ပုန်းနေလိုက်၏။

တံခါးခေါက်သံနှင့်အတူ တံခါးပွင့်လာပြီး ပင်လယ်ဓားပြ သုံး၊ လေးယောက် ဝင်လာသည်။ သူတို့ထဲမှ တစ်ယောက်က မှောင်မိုက်နေသော အခန်းကို လင်းထိန်စေရန် သူ့ လက်ထဲတွင် ဆီမီးအိမ်ကို ကိုင်ထားသည်။

ပတ်ပတ်လည်ကို ကြည့်ပြီးနောက်၊ ထိုလူက ဖန်းလုံ ကို လက်ညှိုးထိုးပြပြီး "အဲဒါ သူပဲ၊ သူ့ကို ခေါ်သွားလိုက်။"

ပျောက်ဆုံးနေသူကို သတိမထားမိဘဲ ၎င်းတို့က ထင်းပုံကို ဂရုတစိုက် ကြည့်နေကြသည်။ သူတို့က ဖန်းလုံကို အမြန်ဆွဲထုတ်ကာ အပြင်ကို ထွက်သွားလေသည်။

သစ်သား တံခါးကို ပြန်ပိတ်ပြီး သော့ခတ်လိုက်တော့ အခန်းက လုံးဝ မှောင်သွားပြန်သည်။

နျဲ့ပုဖန်သည် ထင်းပုံနောက်ကွယ်မှ ထွက်လာပြီး သူစဥ်းစားကြည့်ရာ ဖန်းလုံကို အဘယ်ကြောင့် ခေါ်ဆောင်သွားသည်ကို သိရှိနိုင်သည်။ ဖန်းလုံအပေါ် တက်မက်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သော ပင်လယ်ဓားပြ၏ အကြံအစည်မှာ လုံးဝ မီးမသေသေးပုံပေါ်၏။

ဖန်းလုံသာ ထိုလူဆီမှာ ယုတ်မာမှုခံလိုက်ရပါက သူသည် သူ့ အရှက်သိက္ခာနှင့် လှဲပြီး သူ့လည်ပင်းသူဖြတ်၍ သေသွားနိုင်သည်။

နျဲ့ပုဖန် လေချွန်သံ နှစ်ကြိမ်မှုတ်ပြီးနောက် အခန်းထဲမှာ ပြန်ဖြေတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။  အခန်းထဲမှာလား။ နျဲ့ပုဖန်သည် အသံ၏ ရင်းမြစ်ကို လိုက်ကြည့်ရင်း သူ့ ခေါင်းထက်ရှိ ထုတ်တန်း ပေါ်မှ ဇောက်ထိုးကျလာသော ကြက်ခေါင်းကို ဘယ်အကောင်လဲဆိုတာ ခွဲခြားသိနိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ရသည်။ သေးငယ်ပြီး ပါးလွှာပြီး မျက်လုံးများသည် အမှောင်ထဲတွင် စူးရှစွာ တောက်ပနေ၏။

၎င်းမှာ လင်းနို့ဘုရင် ဖြစ်ပြီး ၎င်း၏ မူရင်းမျိုးစိတ်မှာ လင်းနို့ ဖြစ်သည်။ သာမာန်အားဖြင့်၊ ၎င်း၏ တည်ရှိမှုအား အနည်းငယ်သာ ခံစားရပြီး လူများရှေ့တွင် တစ်ခါမျှ ပေါ်မလာပေ။

နျဲ့ပုဖန်က သူ ချည်နှောင်ခံထားခဲ့ရသော ကြိုးကို အခန်းရဲ့ ထုတ်တန်းမှာပစ်ပြီး ပတ်ကာ ချည်လိုက်၏။ ကြိုးတစ်ချောင်းတည်းက အနည်းငယ်တိုနေသည့်အတွက် အခန်းတွင်းရှိ လူတိုင်း၏ ကြိုးအားလုံးကို ဖြည်ပြီး လုံလောက်သော အရှည်ဖြစ်အောင် ချိတ်ဆက်ထားသည်။ လူတစ်ယောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိအောင် ကြိုးကြိုးစားစား ဆွဲချည်ပြီးတဲ့နောက်မှာ သူ ထိုကြိုးကို တွယ်တက်လိုက်သည်။

နောက်ဆုံးတွင် အိမ်ခေါင်မိုးအုတ်ပြားများပေါ်သို့ ထွက်လာနိုင်ပြီးနောက် နျဲ့ပုဖန်သည် စောစောကနေခဲ့ရသော အခန်းထဲတွင် အလွန် အသက်ရှုကြပ်သောကြောင့် အသက်ဝဝ ရှူပြီးနောက် ခေါင်မိုးတွင်ဝပ်လျှက် ပတ်ဝန်းကျင်၌ လူ ရှင်း၊ မရှင်း စစ်ဆေးလိုက်သည်။

အိမ်ခေါင်မိုးပေါ်ကနေ ဂရုတစိုက်နဲ့ လျောက်သွားပြီးနောက် နျဲ့ပုဖန် ဟာ ရွာအိမ်တွေကို တိတ်တဆိတ် ခိုးဝင်ခဲ့သည်။ 
လင်းနို့ဘုရင်သည် သူ့အတွက် ကောင်းမွန်သောလမ်းကြောင်းကို ရှာဖွေပေးခဲ့ပြီး အချိန်ကုန်ခြင်းကိုများစွာ သက်သာစေ၏။ သူ၏ ရည်မှန်းချက်မှာ ဖန်းလုံကို ခေါ်ဆောင်သွားသည့် ဦးတည်ရာဆီသို့ တည့်တည့်သွားရန် ဖြစ်သည်။

ဤအိမ်တစ်လုံး၌ ပင်လယ်ဓားပြ နှစ်ယောက်သာ အပြင်တွင် ရပ်လျှက် စောင့်ကြပ်နေကာ အခြားပင်လယ်ဓားပြများ အခြားနေရာတွင် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန် ဖြစ်သည်။

နျဲ့ပုဖန်သည် အိမ်ရှေ့တံခါးကို ကျော်ဖြတ်ကာ အနောက်ပေါက်မှ ခိုးဝင်သွားသည်။ အိမ်ထဲမှာ ဖယောင်းတိုင်မီးတွေ ထိန်နေပြီး ရွေ့လျားနေတဲ့ အရိပ်အယောင်တွေနဲ့အတူ ရေတွေ တဖျပ်ဖျပ်ခတ်သံကြားနေရသည်။

ထိုအခန်းကို ချောင်းကြည့်လိုက်တော့ ပင်လယ်ဓားပြ ခေါင်းဆောင်က သူ့လက်အောက်ငယ်သားတွေကို ဖန်းလုံရဲ့မျက်နှာကို ရေနဲ့ ဆေးကြော ခိုင်းနေတာ တွေ့လိုက်ရ၏။

ကျစ်...သည်အနံ့ပြင်းပြီး ရုပ်ဆိုးစေတဲ့ ရေညှိဖက်တွေကတောင် သူ့ တပ်မက်မှုကို မငြိမ်းသတ်နိုင်ဘူး။

နျဲ့ပုဖန် တိတ်တဆိတ် ဆဲလိုက်သည်။

မကြာခင်မှာပဲ ရေဆေးကြောမှု ပြီးစီးသွားပြီး အခြားသူများ ထွက်သွားတဲ့နောက်
ပင်လယ်ဓားပြ ခေါင်းဆောင်က ဖန်းလုံကို ကုတင်ပေါ်သယ်သွားကာ နှစ်ဦးတည်းသာ အခန်းထဲမှာ ကျန်ခဲ့၏။ စိုစွတ်နေသော ဆံပင်များက အိပ်ယာပေါ်တွင် ပြန့်ကျဲလှက်ရှိပြီး သူ့ အဝတ်အစားများ က ရေရွဲစိုနေသောကြောင့် ဖယောင်းတိုင်မီး မှိန်မှိန်လေး အောက်တွင် ဖန်းလုံသည် အလွန်လှပပြီး အရသာ ရှိလှသည်။ ပင်လယ်ဓားပြ ကပ္ပတိန်သည် စိတ်မထိန်းနိုင်တော့ပေ။

၎င်းက အသက်ပြင်းပြင်းရှူပြီး ကုတင်ပေါ်မှ လူဆီသို့ တရွေ့ရွေ့ လျှောက်သွားကာ ပါးစပ်က ညစ်ညမ်း ရယ်မောသံများ ထွက်လာသည်။

နျဲ့ပုဖန်သည် ထိုအလှလေးကို ကယ်တင်ရန် ကြိုးစားရမည် ဖြစ်သော်လည်း ပင်လယ်ဓားပြခေါင်းဆောင်မှာ ရုတ်တရက် ဗိုက်ကို ဖုံးဖိကာ နာကျင်စွာ အော်နေသည်ကို တွေ့လိုက်ရသည်။

“ထွက်သွားစမ်း” 
ဖန်းလုံ၏ အေးစက်သောအသံ ထွက်ပေါ်လာပြီးနောက် နျဲ့ပုဖန်သည် သူ နိုးနေပြီဆိုတာ သဘောပေါက်သွားသည်။

"ဟမ်၊ မင်း ခဏလေးအတွင်း နိုးလာမယ်လို့ ငါ မထင်ထားဘူး" ပင်လယ်ဓားပြ ခေါင်းဆောင်က သူ့ကို တည့်တည့်မတ်မတ် ကြည့်ကာ ပြုံးလိုက်ပြီး
"ဒီအခြေအနေက ပိုပြီး ပြီးပြည့်စုံတယ်၊ ဒီလို ကစားရတာ ပိုအရသာရှိတယ်"

သူ အသုံးပြုထားသော ဆေးသည် အလွန်အစွမ်းထက်ပြီး ကျွမ်းကျင်သော သိုင်းဆရာများပင်လျှင် နာရီပေါင်းများစွာ ခွန်အား မရှိစေဘဲ အားနည်းသွားစေသည်။ သူ့ရှေ့က လူက နိုးနေပေမယ့် ခုခံနိုင်စွမ်း မရှိတာတော့ သေချာသည်။

ဖန်းလုံသည်လည်း အမှန်ပင် အင်အား မရှိခဲ့ဘဲ သူကန်ထုတ်လိုက်သော ကန်ချက်ကြောင့် သူ၏ စွမ်းအင် အားလုံး ကုန်ဆုံးသွားခဲ့သည်။ ထိုလူက သူ့ အနားကို အဆင့်ချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရတော့ လူသတ်ချင်စိတ်က သူ့ မျက်လုံးထဲတွင် ပျံ့နှံ့လာ၏။

ထိုအချိန်တွင် နျဲ့ပုဖန်သည် အိမ်ထဲသို့ ဝင်သွားကာ ခြံဝင်းထဲတွင် တွေ့သော ပေါက်ပြားကို ကိုင်လျှက် ပင်လယ်ဓားပြ ခေါင်းဆောင်၏ နောက်သို့ အသာလေးရောက်လာသည်။

ပင်လယ်ဓားပြ ခေါင်းဆောင်လည်း တစ်ခုခု ရိပ်မိသွားပုံရပြီး ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ပေါက်ပြားဖြင့် ရိုက်ချလာသည်ကို ချက်ချင်း တွေ့လိုက်ရသည်။

“ဘုန်း”

၎င်း၏ ဦးခေါင်းမှာ အရိုက်ခံလိုက်ရသည်။  ပင်လယ်ဓားပြ ခေါင်းဆောင်မှာ မျက်လုံးအပြူးသားဖြင့် စကားတစ်ခွန်းမှ မပြောနိုငအဘဲ မြေပြင်ပေါ်သို့ လဲကျသွား၏။

ဖန်းလုံလည်း နျဲ့ပုဖန် ရောက်လာတာကို တွေ့တော့ သူ့ မျက်လုံးများတွက် ဝမ်းသာမှုနှင့်အတူ အံ့သြနေလေသည်။

နျဲ့ပုဖန်သည် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ဖန်းလုံအား ခေါင်းမှ ခြေဖျားထိ လက်နှ င့်ထိကိုင်၍ စမ်းသပ် ကြည့်ကာ ''ဘယ်လိုနေသေးလဲ'' ဟု စိုးရိမ်စွာ မေးသည်။

ဖန်းလုံ၏ ရွှင်လန်းသော အမူအရာသည် ချက်ချင်းရပ်တန့်သွားပြီး သူ့ နှလုံးသားထဲတွင် တက်လာသော စိတ်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားသည်။

နျဲ့ပုဖန်ရဲ့လက်က သူ့ဘောင်းဘီထဲ စပ်းသပ်တော့မယ့်ပုံပေါက်နေတာကို မြင်လိုက်ရတော့ ဖန်းလုံ က သူ့ကို အမြန်ရပ်စေပြီး တားလိုက်သည်။

"လုံလောက်ပါပြီ၊ ငါ အဆင်ပြေပါတယ်"

"တကယ်လား။ မင်း တကယ်အဆင်ပြေရဲ့လား"  နျဲ့ပုဖန်က စိတ်မချဘဲ ဆက်မေးသည်။

ဖန်းလည်က နျဲပုဖန်ရဲ့စေတနာကို သဘောထားလွဲကာ စိတ်ဓာတ်ကျတဲ့ လေသံနဲ့ ပြန်မေးလာသည်။

"ဒါဆို မင်းက ငါ့ကို အဆင်မပြေစေချင်တာလား"

“မဟုတ်တာကွာ''
နျဲ့ပုဖန်သည် နောက်ပြန်ဆုတ်သွားကာ မေ့လဲနေသော ပင်လယ်ဓားပြ ခေါင်းဆောင်ကို  လှည့်ကြည့်၍ “ဒီလူကို ဘာလုပ်လိုက်ရမလဲ'' ဟု မေးလိုက်သည်။

"သူ့ကို သတ်လိုက်" ဖန်းလုံက မဆိုင်းမတွ ပြန်ဖြေသည်။

နျဲ့ပုဖန်က သူ့ နှာခေါင်းကို ပွတ်ပြီး

"ငါ ဘယ်သူ့ကိုမှ မသတ်ဖူးပါဘူး၊ ဒါကြောင့် မင်းရဲ့ဒေါသကို ဖြေဖျောက်ဖို့ တစ်ခုခုပဲ လုပ်လိုက်ပါ''

ဖန်းလုံက ခေါင်းညိတ်ပြပြီး ပင်လယ်ဓားပြကို အရင်ကြိုးချည်ထားခိုင်းသည်။ ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဖန်းလုံက ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသော်လည်း နျဲ့ပုဖန်က လက်ကို ဝှေ့ယမ်းပြီး "အဆင်ပြေပါတယ်..ဘာမှမဖြစ်ဘူး'' ဟု နှစ်သိမ့်ပေးသည်။

သူ ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အခါ ဟီးရိုးနှင့်အတူ ၎င်းနောက်တွင် ကြက် အနည်းငယ်သည် ကြွေပုလင်းငယ်များကို ၎င်းတို့၏ ခြေသည်းများဖြင့် ဆုပ်ကိုင်ထားကြသည်။

နျဲ့ပုဖန်က သည်ဆေးပုလင်းတွေကို ဘယ်မှာတွေ့လဲလို့ မမေးတော့ဘဲ ဖွင့်၍ အနံ့ခံပြီးနောက် ဖန်းလုံကို မေးဖို့ အခန်းထဲ ပြန်ဝင်သွားလိုက်သည်။

"မင်းက ပင်လယ်ဓားပြတွေကို ဆေးခတ်ပြိး တိုက်ထုတ်ဖို့ စဉ်းစားနေတာလား"
ဖန်းလုံက ကုတင်တိုင်ကို မှီလျှက်ဦးစွာမေး၏။

နျဲ့ပုဖန်လည်း ခေါင်းညိတ်လိုက်သည်။

"ဒါက အကြံကောင်းပဲ" ဖန်းလုံ ခဏလောက်စဉ်းစားပြီး "မင်းကို ဆေးရွေးပေးမယ်။ အရောင်မဲ့ပြီး အရသာ မရှိတဲ့ ဆေးကို ရွေးချယ်သင့်တယ်"

နျဲ့ပုဖန်သည် ပုလင်းများကိုယူကာ ဆေး၏ ဂုဏ်သတ္တိများကို ခွဲခြား သိမြင်နိုင်စေရန် တစ်လုံးပြီး တစ်လုံး ဖွင့်လိုက်သည်။

၎င်းတို့ အားလုံးကို အနံ့ခံပြီးနောက် ဖန်းလုံသည် အမျိုးအစား နှစ်မျိုးကို ရွေးချယ်ကာ တည်ငြိမ်စွာပြော၏ -

"ငါကလည်း ကျွမ်းကျင်သူ မဟုတ်တဲ့အတွက် ဆေးသုံးတဲ့အခါ သတိထားပါ။ ရွာသား တစ်ဦး၊ နှစ်ဦးလောက်ကို အကူအညီ တောင်းနိုင်ရင် ကောင်းမယ်၊ သူတို့ပ ပင်လယ်ဓားပြတွေနဲ့ ကြံရာပါ ဖြစ်ခဲ့ရပေမယ့် တစ်ဖက်က သူတို့ကို ချုပ်ကိုင်ထားလို့ ဖြစ်ရတာ၊ သူတို့ရဲ့နှလုံးသားထဲမှာလည်း ပင်လယ်ဓားပြတွေကို မုန်းတီးမှုတွေ ရှိနေမှာ သေချာတယ်။ ဒါကြောင့် မင်းကို သူတို့ ကူညီနိုင်တယ်''

"ဒီကိစ္စအတွက် မင်း စိတ်မပူနဲ့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိပြီးသားပါ''

နျဲ့ပုဖန်သည် လှည့်ကြည့်ကာ ဆေးနှစ်ပုလင်းကို ဖွင့်လျှက် အားလုံးကို လက်ဖက်ရည်ခွက် အလွတ်ထဲသို့ လောင်းချပြီးနောက် ဟီးရိုးနှင့် အခြား ကြက်တို့၏ ခြေချောင်းများကို လက်ဖက်ရည်ခွက်ထဲမှဆေးများနှင့် အကြိမ်ကြိမ် လိမ်းကြံစေသည်။ ကြက်ခြေထောက်များသည် ထိုဆေမှုန့်တို့ဖြင့်သေချာစွာ သုတ်လိမ်းပြီးကာမှ သူက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။

ဟီးရိုးသည် ထက်မြက်သည့်အတွက် နျဲ့ပုဖန်၏ သင်ပြမှုကို ခဏလေးနဲ့ သဘောပေါက်ကာ ပင်လယ်ဓားပြများအတွက် ဆေးသုံးနည်းကို လျင်မြန်စွာ တတ်မြောက်သွားခဲ့လေ၏။

ဟီးရိုးသည် ကြိမ်ဖန်များစွာ အော်ဟစ်ပြီးနောက် သူ့သူငယ်ချင်းငယ်များကို စိတ်လှုပ်ရှားစွာ အော်ကာ အခန်းအပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

“ပြီးပြီ” နျဲ့ပုဖန်က သူ့ လက်ချောင်းများရှိ ဆေးမှုန့်တို့ကို ခါချလိုက်သည်။ ပင်လယ်ဓားပြ အများစုကို ကိုင်တွယ် ဖြေရှင်းနိုင်နေသရွေ့ ကျန်အနည်းငယ်မှာ စိုးရိမ်စရာ မရှိချေ။

ဖန်းလုံက သူ့ကို ကြည့်ပြီး တစ်ခုခု ပြောချင်သလိုဖြစ်နေသည်။

အခု သူ့ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရသည်မှာ နျဲ့ပုဖန်က ပင်လယ်ဓားပြတွေကို အဆိပ်ခတ်ဖို့ သူ့ကြက်တွေကို လက်တွေ့ သင်ကြားပေးနေသည့်ကဏ္ဍ ဖြစ်၏။

အမှန်အတိုင်း ပြောရရင် နျဲ့ပုဖန် မွေးမြူထားတဲ့အရာတွေက ကြက် အရေခြုံ ထားတဲ့ နတ်ဒေဝါတွေတောင် ဖြစ်နေနိုုင်သည်။
ဖန်းလုံက အထူး အံ့သြမင်သက်နေသည်။

"စကားမစပ်၊ ဒီပုလင်းတွေထဲမှာ  အဆိပ်ဖြေဆေးရော ရှိလား" နျဲ့ပုဖန်က သည်မေးခွန်းကို သည်အချိန်မှပဲ တွေးမိတော့သည်။

“ရှိတယ်” ဖန်းလုံ က ကုတင်ဘေး စားပွဲပေါ်က ကြွေပုလင်းကို လက်ညှိုးထိုးပြပြီး
"ငါ အခုပဲ သုံးပြီးပြီ။ တစ်နာရီလောက် ကြာရင် ငါ့ရဲ့ ခွန်အား ပြန်ကောင်းလာမှာပါ"

"ကောင်းပြီ၊ အခု အစီအစဉ်က ပိုလို့တောင် မိုက်နေသေးတယ်''
နျဲ့ပုဖန် က ကြွေပုလင်းကို ကောက်ကိုင်လိုက်ပြီး မျက်လုံးတွေ တောက်ပလာ၏။

"ထိုက်ယန် နဲ့ တခြားသူတွေကိုတော့ နောက်မှပဲသွားလွှတ်ပေးတော့မယ်''

သူ စကားပြောနေစဉ်တွင် မြေပြင်ပေါ်တွင် မေ့လဲနေခဲ့သော ပင်လယ်ဓားပြ ခေါင်းဆောင်က ရုတ်တရက် ထလာကာ ဘေးမှ ပေါက်ပြားကို မြှောက်၍ နျဲ့ပုဖန် ခေါင်းအား ရိုက်ချလိုက်သည်ကို မျက်လုံးမှိတ်ပြီး ကုတင်ပေါ်တွင် အနားယူနေသောဖန်းလုံ မြင်လိုက်ရသည်။

နျဲ့ပုဖန်ကတော့ ဘာမှမသိပဲ နူးညံ့သော မွေ့ရာပေါ်သို့ အသာလေး ပြုတ်ကျလာသလို လှဲကျသွားလေသည်။

ပေါက်ပြားက နျဲ့ပုဖန်ဆီသို့ ထပ်မံ ရောက်ရှိလာသော အချိန်တွင် သူ ကျောရိုးတွေထဲ အောင့်ကာနာကျင်သွားသည်။

မူးမေ့လဲ မသွားမီ နျဲ့ပုဖန်၏ တစ်ခုတည်းသော အတွေးမှာ သူ့ကိုယ်သူ ဤသို့ ဒုက္ခရောက်လိမ့်မည်ဟု မရည်ရွယ်ခဲ့ခြင်းပင်။

ဖန်းလုံ မျက်လုံး ဖွင့်လိုက်သည်နှင့် သူ့အပေါ် နျဲ့ပုဖန် လဲချလာသည်နှင့်အတူ ပြင်းထန်လှသော ရိုက်ချက် တစ်ခုကို တွေ့လိုက်ရသည်။ အရိုးကျိုးသံကို ကြားရုံနဲ့ ကမ္ဘာကြီးက လှည့်ပတ်နေတဲ့ လေအေးတွေက သူ့ နောက်ကျောသို့ ရိုက်ခတ်လိုက်သို့ အေးစိမ့်သွားသည်ကို သူ့ ခံစားလိုက်ရသည်။

ခြေလက်တွေ ကျိုးသွားရင် ပြန်ကောင်းဖို့ အခွင့်အလမ်းများပေမယ့် ကျောရိုးက ဇာတ်လမ်းက မတူဘူး။ လူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေတဲ့ ကျောရိုး ကျိုးသွားသည်နှင့် အကောင်းဆုံးအခြေအနေမှာ လေဖြတ်ခြင်းဖြစ်ပြီး အဆိုးဆုံးမှာ သေဆုံးခြင်း ဖြစ်စေနိုင်သည်။

နျဲ့ပုဖန်၏ ပြင်းထန်သော ဒဏ်ရာကို မြင်လိုက်ရသောအခါ ဖန်းလုံ၏ သွေးကြောများမှ သွေးများသည် ရုတ်တရက် ပွက်ပွက်ဆူလာကာ မျက်လုံးများ နီရဲလာသည်။ သူသည် ဆာလောင်နေသော ကျားတစ်ကောင်လို ပင်လယ်ဓားပြ ခေါင်းဆောင်ဆီသို့ လှစ်ကနဲ ထသွားကာ ၎င်း၏ လည်ပင်းကို ညှစ်ထားလိုက်၏။ အသားထဲသို့ လက်သည်များပင် စိုက်ဝင်နေပြီး ပင်လယ်ဓားပြ ခေါင်းဆောင်အား ဂုတ်ချိုးသတ်မိမတတ် ဖြစ်နေသည်။

သာမာန်အားဖြင့် ကျက်သရေရှိပြီး ဆွဲဆောင်မှုအပြည့်ရှိသော သူ့ မျက်လုံးများသည် ယခုအချိန်တွင် နတ်ဆိုး စွမ်းအားများနှင့်အတူ လူသတ်ရန် ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး အေးစက်ပြီး မမြင်နိုင်သော ရူးသွပ်မှုများဖြင့် အပြည့်ပင်။

ပင်လယ်ဓားပြ ခေါင်းဆောင်က သူ့ကို မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်ကာ ပါးစပ်ကို ဖွင့်ထားသော်လည်း အသံမထွက်နိုင်ပေ။ နောက်တခဏမှာတော့ မာရ်နတ်ကို မြင်လိုက်ရသလို ကြောက်လန့်တကြားဖြင့် သေဆုံးသွားရှာလေတော့သတည်း။

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now