Chapter 42

2.1K 243 2
                                    

Chapter-42
မပြောဘူး
.......................


နာကျင်သော ဝေသနာအချို့နှင့်အတူ နျဲ့ပုဖန် နိုးလာခဲ့၏။
လှိုဏ်ဂူ၏ အပေါက်ဝတွင် အေးချမ်းစွာ တရားထိုင်နေသော ဝမ်ရှင်းချန်ကို မြင်ပေမယ့် သူဒေါသမထွက်မိပေ။
၎င်း၏ သူတော်စင်တစ်ပါးကဲ့သို့ ပကတိတည်ငြိမ်နေမှုမှာ ကာမစပ်ယှက်ခြင်းကိစ္စတို့ကို ခိုးဝှက်ကျူးလွန်မည်သူဟု လုံးဝ ထင်မှတ်စရာမရှိ။
သူ့လောက် ဆိုးမိုက်တဲ့သူ ဒီကမ္ဘာမှာ မည်သူရှိဦးမည်နည်း။

သို့သော် နျဲ့ပုဖန်မှာ တွေးရင်း စိတ်ဓာတ်ကျလာသည်။
သူသည် ကျီဝေါရွာ၏ အုပ်ချုပ်သူဖြစ်နေပြီး ရွာတွင် နေထိုင်သူများနှင့် မသင့်တော်သော ဆက်ဆံရေးမျိုး ရှိနေသည်။ ဒီလိုကနေဆိုရင် အိမ်ထောင်တွေပြုဖို့၊ ကလေးတွေမွေးဖို့ ဖြစ်နိုင်ပါ့ဦးမလားဟုတွေးရင်း နျဲ့ပုဖန် ကြောက်လာသည်။ သူ ဘယ်လိုလုပ် မျိုးဆက်သစ်တွေ ချန်ခဲ့ရပါ့မလဲ။

ဒါပေမယ့်လည်း နျဲ့ပုဖန်သည် ကိုယ့်လုပ်ရပ်ကိုယ် ကျေကျေနပ်နပ် လက်ခံထားသူ ဖြစ်လေရာ အချိန်တန်ရင် ဇနီးတစ်ယောက်ယူပြီး မိသားစုထူထောင်မည်ဟု ကြံရွယ်ထားသူဖြစ်၏။
လူ့ဘဝသည် ဗုံလုံတစ်လှည့်၊ ငါးဖျံတစ်လှည့်ပေမို့နာကျင်စရာတွေပြီးလျှင် ပျော်စရာတွေလာရစမြဲ ဖြစ်ချေသည်။

သို့သော် နျဲ့ပုဖန် ကြိုစဥ်းစားထားရမည်။ အမြဲ ဒီလိုသွားနေရလို့တော့ မဖြစ်ချေ။
နျဲ့ပုဖန် ရုတ်တရက်ထလိုက်သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ဆက်ဆက်ထိမခံနာကျင်နေသောကြောင့် အော်လိုက်မိသည်။
ဤတွင် ဝမ်ရှင်းချန်သည် ရုတ်ချည်းဆိုသလို ဘေးကို ရောက်လာ၏။

''နေလို့ သက်သာရဲ့လား'' ဟု မေးကာ နျဲ့ပုဖန် နဖူးကို လက်ဝါးဖြင့် စမ်းကြည့်သည်။

သို့သော် နျဲ့ပုဖန်က ခါထုတ်ကာ ရုန်းဖယ်လိုက်သည်။

''မလုပ်စမ်းပါနဲ့''

နောက်တွင် ဝမ်ရှင်းချန်၏ အကြည့်တို့သည် နျဲ့ပုဖန်၏ မျက်နှာမှတစ်ဆင့် ခန္ဓာကိုယ်အောက်ပိုင်းသို့ရောက်သွား၏။
ထို့ကြောင့် ဝမ်ရှင်းချန် ချက်ချင်းအကြည့်လွှဲလိုက်သည်။

နျဲ့ပုဖန်ကတော့ ဆံပင်တွေကို သပ်ရင်း ...

''မမြင်ဖူးတာကျနေတာပဲ'' ဟု ခပ်ရွဲ့ရွဲ့ပြောလိုက်သေးသည်။
ထို့နောက် နျဲ့ပုဖန်က ဆက်ပြောသည်။

''ငါတို့တွေ သိပ်မပတ်သက်ကြရင် ကောင်းမယ်။ ငါ  ခင်ဗျားနဲ့ စကားမပြောချင်ဘူး။ ခင်ဗျားလည်း လာမပက်သတ်ရင် ကောင်းမယ်''

ဝမ်ရှင်းချန်ကတော့ ဂူ၏ နံရံကိုသာ ကြည့်နေသည်။

နျဲ့ပုဖန်သည် သူ့ကိုယ်သူ ဖုံးကွယ်ဖို့ ဘေးနားကအဝတ်တစ်ခုဖြင့် ခန္ဓာကိုယ်ကို ခြုံလိုက်၏။

''ငါ အခုလိုမျိုး စိတ်ရော လူရော ဒုက္ခရောက်ပြီး မနေချင်တော့ဘူး။ ဒါကြောင့် ငါတို့ရဲ့ခင်မင်မှုပျက်စီးသွားမယ်ဆိုလည်း ဂရုမစိုက်ဘူး၊ ခင်ဗျားရောရဘယ်လိုလုပ်မလဲ။ နောက် ဒါမျိုး မလုပ်တော့ဘူးလို့ သဘောတူလား''

''အင်း''

ဝမ်ရှင်းချန်က ပေါ့ပျက်ပျက် တုန့်ပြန်လိုက်သည်။

''အင်း ... တဲ့လား''
နျဲ့ပုဖန်သည် မျက်လုံးတွေ မှိတ်ကာ စိတ်လျော့၍ ဆက်ပြောသည်။
''ငါ့ကို အရူးလုပ်ဖို့ မစဥ်းစားနဲ့။ ခင်ဗျား ဗုဒ္ဓဆီမှာကျိန်ရမယ်။ ဒါမျိုး ကိစ္စတွေ နောက်မလုပ်တော့ပါဘူးလို့''

''ငါ ကျိန်ဆိုတယ်''

ဝမ်ရှင်းချန်သည် လက်ကို မြှောက်ကာ ပါးစပ်မှတွတ်ပွတွတ်ပွ ရွတ်ဆိုလိုက်သည်။

နျဲ့ပုဖန်သည် သူဘာတွေပြောနေမှန်း မကြားလိုက်ရ။

''ခင်ဗျား ကျိန်တာ ဘာတွေလဲ။ ကြားရအောင် ပြောစမ်းပါ''

''ဗုဒ္ဓက မပြောပြရဘူးတဲ့''

နောက်ဆုံးတွင် နျဲ့ပုဖန်သည် စို့နင့်သွားသော ခံစားချက်နှင့်အတူ နားလည်လိုက်သည်မှာ သူ့ရှေ့မှပုဂ္ဂိုလ်သည်လည်း သူတော်ကောင်း မျက်နှာဖုံးနှင့်ဘီလူးတစ်ကောင် ဖြစ်နေသည်ဆိုတာကိုပင်။

ထို့နောက် ဝမ်ရှင်းချန်သည် နျဲ့ပုဖန်ကို ကူညီ၍ ပြန့်ကျဲနေသော အဝတ်များကို ကောက်ပြီး ဝတ်ပေးရန်ကြိုးစား၏။

''သေချာ ပြန်ဝတ်ထားလိုက်ပါ''

''မဝတ်ဘူး။ ငါ အဝတ်ဝတ်ဖို့ ထလိုက်ရင် ခင်ဗျားက ငါ့ခန္ဓာကိုယ်ကို မြင်သွားဦးမှာပဲ။ မဝတ်ဘူး''

ဝမ်ရှင်းချန်က ပြုံးလိုက်သည်။

''ဝတ်လိုက်ပါ။ မဟုတ်ရင် အအေးမိလိမ့်မယ်''

''ငါ့ ဒေါသနဲ့ငါ ပူလောင်လွန်းလို့ အအေးလည်း မမိနိုင်ဘူး''

''ကောင်းကောင်းပြောတုန်း မဝတ်ရင်တော့လည်း...''
ဟုဆိုကာ ဝမ်ရှင်းချန်သည် လျှို့ဝှက်သောအပြုံးကိုပြုံးလိုက်၏။ ဂူပေါက်ဝမှ ထိုးနေသောနေရောင်ကခြည်သည် ဝမ်ရှင်းချန်အရိပ်ဖြင့် ကွယ်သွားသည်။
ဝမ်ရှင်းချန် သူ့ကို ငုံ့ကြည့်လာသော အချိန်မှာပင်...
နျဲ့ပုဖန် သတိမေ့မျောသွားတော့သည်။

နေ အလင်းရောင် တောက်ပသော နေ့တစ်နေ့ဖြစ်သည်။
ဝမ်ရှင်းချန်သည် ညစ်ပေနေသော နျဲ့ပုဖန်၏ခန္ဓာကိုယ်ကို ချောင်းရေတွင် ဆေးကြောပေးပြီးတော့ အဝတ်အစားများ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးကာ သစ်ပင်တစ်ပင်အောက်၌ ထားခဲ့ပြီး ပျောက်ကွယ်သွားသည်။

ကြက်အော်သံများကြောင့် နျဲ့ပုဖန် ပြန်နိုးလာသောအခါ သူသည် သစ်ပင်အောက်၌ ထိုင်လျက်သားရှိနေသည်ကို တွေ့လိုက်ရ၏။

''ဝမ်ရှင်းချန်၊ ခင်ဗျား သတိထားပြီးနေနှင့်ဦးပေါ့''
နျဲ့ပုဖန် ကြုံးဝါးလိုက်သည်။

ထို့နောက် နျဲ့ပုဖန် ရွာထဲသို့ ပြန်လာခဲ့သည်။
သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အိမ်ရှေ့ခန်းထဲတွင်မှုန်သုန်သော မျက်နှာများဖြင့် ထိုင်နေသော လီယီနှင့် ကျန်းကျွင်းရှီတို့ကို တွေ့လိုက်ရသည်။

နျဲ့ပုဖန်သည် ၎င်းတို့ကို မြင်သောအခါပြုံး၍ နှုတ်ဆက်လိုက်သည်။

''မင်္ဂလာ နံနက်ခင်းပါ''

''နံနက်ခင်းတဲ့လား၊ နေမွန်းတည့်နေပြီကွ''

ကျန်းကျွင်းရှီက သူ့ကို ကြည့်၍ ပြောလိုက်သည်။

''ဟားဟားဟား၊ မင်းကလည်း''

နျဲ့ပုဖန်သည် ရယ်ရယ်မောမောဖြင့် ၎င်းတို့နှစ်ဦးကြားသို့ဝင်ကာ ထိုင်လိုက်သည်။

''မနေ့ညက ဘယ်တွေသွားနေတာလဲ''

''မနေ့ညကလား။ မနေ့ညက ရာသီဥတုလေးလည်းသာယာတယ်လေ၊ စိတ်ထဲ ပေါ့ပါးနေတာနဲ့ တောင်ပေါ်ကိုသွားပြီး လကြည့်ရင်း တစ်ညလုံးနေနေတာ''

''မင်း တောင်ပေါ်မှာ လသွားကြည့်နေတာလား''

လီယီက မအီမသာဖြင့် ရေရွတ်လိုက်သည်။

''တောင်ပေါ်မှာ အဆိပ်ပြင်းတဲ့သတ္တဝါတွေနဲ့ တောင်ရိုင်းကောင်တွေ အများကြီးရှိတာကို''

''အဲ့ဒါက မထူးဆန်းတော့ပါဘူး။ ငါ တစ်သက်လုံးဒီကောင်တွေနဲ့ ကြုံနေရတာပဲ''

နျဲ့ပုဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။

သို့သော် ကျန်းကျွင်းရှီက သက်ပြင်းချကာ နျဲ့ပုဖန်ကို လေးလေးနက်နက်မေးလိုက်၏။

''မင်း ပြောပါ။ ဘယ်သူနဲ့ ဖြစ်ခဲ့တာလဲ''

''ဘာကိုလဲ''
နျဲ့ပုဖန် ကြောင်သွားသည်။

''မသိချင်ယောင်ဆောင်မနေနဲ့''
ကျန်းကျွင်းရှီက မျက်နှာထား တည်တည်ဖြင့်စစ်မေးသည်။
''မင်း တောင်ပေါ်မှာ ဘယ်သူနဲ့အတူတူ အိပ်ခဲ့တာလဲ''

''ဘာတွေ လာပြောနေတာလဲ။ ငါ မသိဘူး''
နျဲ့ပုဖန် ရူးချင်ယောင်ဆောင်သည်။

လီယီကလည်း ဝင်ပြော၏။

''မင်း ဒုက္ခရောက်နေရင် ငါတို့တွေ အကုန်လုံး ကူညီပေးနိုင်တယ်၊ မင်းကို အခုလိုဖြစ်အောင် လုပ်တဲ့လူကို မင်း ကာကွယ်ပေးဖို့ ထိုက်တန်ရဲ့လား''

နျဲ့ပုဖန်သည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူ ဘာမှမပြောနိုင်။ ဒါက ရှက်စရာကောင်းလွန်းသည်။ သူသာ လူမမှားခဲ့ရင် ဒီလောက်အထိမျက်နှာပူမိမှာ မဟုတ်။ အစတုန်းက သူ့အပေါ်ကိုကျူးလွန်ခဲ့တာ လီယီဟု သူထင်နေခဲ့ခြင်း ဖြစ်သည်။

''နျဲ့ပုဖန်"

ကျန်းကျွင်းရှီ၏ အခြေအနေမှာ မီးဖုတ်ထားသောသံချောင်းကဲ့သို့ ပူလောင်တင်းမာနေ၏။

''မင်း လူဘယ်နှယောက်လောက်ကို လိုက်ပြီး ဆွဲဆောင်နေဦးမှာလဲ။ ငါတို့နဲ့တင် မင်း  စိတ်ကျေနပ်ဖို့မလုံလောက်သေးဘူးလား''

''ဘာတွေ ပြောနေတာလဲ''
နျဲ့ပုဖန်သည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

''ငါ့လို ရိုးရိုးသားသားနေတဲ့သူကပဲ လိုက်ဆွဲဆောင်ရတယ် ရှိသေးတယ်။ မင်းတို့ပဲ ငါ့အပေါ်ကို အမျိုးမျိုး ကြူးလွန်ခဲ့ကြပြီးတော့၊ မင်းတို့ပဲ ငါနဲ့အိပ်ခဲ့ကြပြီးတော့၊ နောက်ဆုံးတော့ ငါ့အမှားတဲ့လား။ ငါမှားတယ်တဲ့လား''

''......''
ထိုအခါ နှစ်ယောက်မှာ ဘာမှပြန်မပြောနိုင်ပဲ စွံ့အ,သွား၏။

''သွားကြတော့။ ငါလည်း အိပ်ရာထဲဝင်ပြီး ပြန်အိပ်ဦးမယ်''

ထိုသို့ပြောပြီး နျဲ့ပုဖန်သည် လှည့်ထွက်သွားသည်။

ထိုအခါ လီနှင့် ကျန်းတို့က သူ့ကို ပြန်ဆွဲထားကြသည်။

''ငါ နည်းနည်း စိတ်ရှုပ်သွားလို့ပါကွာ''
လီယီက စိတ်မကောင်းစွာ ပြန်ပြောသည်။

''လမ်းကြောင်းမလွဲပါနဲ့။ မင်း တောင်ပေါ်မှာ ဖြစ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ပြောပြပါ''
လီယီက ထပ်မေးသည်။

နျဲ့ပုဖန် ဖြေရှင်းချက်တစ်ခုခု မပေးမချင်း ၎င်းတို့လက်ကလွတ်မည် မဟုတ်တော့ပေ။
ထို့ကြောင့်သူစိတ်ပေါက်ပေါက်ဖြင့်အော်ပြောလိုက်သည်။

''ဘယ်သူ ဖြစ်ရမှာလဲ။ ဖြစ်တော့ရော ဘာလုပ်မလို့လဲ။ ဘယ်သူမှမရှိဘူး။ ငါ့ဘာသာ ငါနေတာပါဆိုတာကို မရဘူးလား။ မနေ့ညက ငါ့ဟာငါ တစ်ယောက်တည်း လုပ်ပြီး သွားနေနေတာဟာ ဟုတ်ပြီလား"

သူ့အသံကြောင့် ကမ္ဘာမြေကြီးပင် သိမ့်သိမ့်တုန်မည်ကဲ့သို့ ကြက်များ အားလုံးလန့်ကာ ပျံကုန်ကြသည်။
ရွာတွင် နေနေကြသူများပင် လန့်ကာ ရောက်ရာအရပ်မှ အသံလာရာဆီ လှည့်ကြည့်ကြသည်။
ကျန်းနှင့် လီတို့မှာ ငြိမ်ကုပ်သွား၏။
နျဲ့ပုဖန်လည်း သက်ပြင်းချကာ ၎င်းတို့ နှစ်ဦးကိုအိမ်အပြင်ဆွဲထုတ်ပြီး တံခါးကို သော့ခတ်ထားလိုက်တော့သည်။

ကျန်းနှင့် လီတို့မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှမပြောနိုင်ကြတော့ပေ။

ထိုညက ရွာတွင် မိုးသည်းထန်စွာရွာခဲ့၏။
မိုးခြိမ်းသံနှင့် လေပြင်းများကြောင့် ရွာရှိ အိမ်ငယ်လေးများသည် တလှုပ်လှုပ် ရမ်းခါနေပြီး လူတို့လည်း ကောင်းကောင်း မအိပ်နိုင်ခဲ့ကြ။
နျဲ့ပုဖန်သာ ထိုညတွင် ဘာအနှောက်ယှက်မှ သူ့ထံရောက်မလာပဲ ကောင်းကောင်းအိပ်ပျော်ခဲ့သည်။

နောက်တစ်နေ့ နေထွက်ချိန်၌ နျဲ့ပုဖန် လန်းဆန်းတက်ကြွစွာ နိုးထလာခဲ့၏။
တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းထားသောကြောင့် မြေကြီးတို့သည် ဗွက်ထနေပြီး၊ လမ်းလျောက်ပါက ခြေထောက်တွေ ပေရေကုန်လိမ့်မည်ဖြစ်သည်။

စုချန်းယိသည် ပြတင်းပေါက်မှ လှန်းကြည့်ရင်း ရွံ့ဗွက်ထဲတွင် ပျော်ရွှင်စွာ လမ်းလျောက်နေသော နျဲ့ပုဖန်အား တွေ့လိုက်ရ၏။

''ဟေ့...စွပ်ပြုတ်နည်းနည်းလောက် ချက်ကျွေးစမ်းပါ၊ ငါ ချမ်းနေလို့''

စုချန်းယိ လှမ်းအော်လိုက်၏။

''သည်လောက် မြေနံ့သင်းသင်းလေးနဲ့ နေလို့ကောင်းတာကို ဘယ်က ချမ်းနေအေးနေတာလဲ''
နျဲ့ပုဖန်က ထိုသို့ဆိုကာ လျစ်လျူရှု၍ ကြက်ခြံများရှိရာဘက်သို့ ထွက်သွား၏။

''နျဲ့ပုဖန် ဘယ်သွားမှာလဲ။ မင်းတစ်ယောက်တည်းလုပ်ပြီး သွားနေဖို့ နေရာရှာမလို့လား''

စုချန်းယိ လှမ်းအော်လိုက်သည်။
နျဲ့ပုဖန်က ခေါင်းခါပြ၍ ပြုံးလိုက်သည်။

''ခင်ဗျား စိတ်ထဲမှာ ကြိတ်ပြီး မနာလို အူတိုနေတယ်မဟုတ်လား။ ဘာလဲ ခင်ဗျားရော လုပ်ချင်လို့လား။ ဒါဆို ကြိုးစားကြည့်လေ''

စုချန်းယိ မျက်နှာပျက်သွား၏။
စုချန်းယိမှာ သူ စမိတာကို သူနောင်တရသွား၏။

''ရွာလူကြီးရှင့်...ရွာလူကြီး''

ထိုအချိန်တွင် နတ်မိမယ် ယုချုံရောက်လာ၏။

''မနေ့ညက လေပြင်းတွေကြောင့် ကျွန်မ လှန်းထားတဲ့ အဝတ်တွေ လေထဲလွင့်ကုန်တယ်။ အဲ့ဒါ ဘယ်ရောက်သွားမှန်း မသိလို့၊ ရွာလူကြီး ကူရှာပေးပါလား''

''ခင်ဗျားရဲ့ အစေခံ ကောင်မလေးတွေကို မခိုင်းဘူးလား''

''သြော်၊ မိုးရွာထားတော့ ရွံ့ဗွက်တွေ ထနေတယ်လေ။ မိန်းကလေးတွေက ရွံ့ပေပြီး ရုပ်ဆိုးသွားမှာရှက်ကြတယ်''

နျဲ့ပုဖန် အတန်ငယ် စဥ်းစားလိုက်သည်။ သူသည်အားထိုက်ဖွယ်သော လူကြီးလူကောင်းပေပဲ မဟုတ်လား။

''ကောင်းပြီ။ ကျွန်တော် ရှာကြည့်ပေးမယ်''

''ကျေးဇူးပါရှင်''

ထို့နောက် ယုချုံက မှာလိုက်သေးသည်။

''ရွာလူကြီး နျဲ့၊ ညဘက်တွေ တစ်ယောက်တည်းပျင်းနေရင် တခြားသူတွေဆီ လိုက်လည်လို့ရပါတယ်။ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်ပါနဲ့''

ထိုစကားကို ခပ်လှန်းလှန်းက လာနေသော လီဟိုက်ကြားသွား၍ နျဲ့ပုဖန်ကို လက်ညိုးထိုးကာ လှောင်ရယ်သည်။

''ဟားဟားဟားဟား''

ထို့နောက် သူ့ဘာသာ တံတွေးသီးကာ ချောင်းဆိုးသွား၏။

နျဲ့ပုဖန်ရွာမှ ထွက်လာသော လမ်းတစ်လျောက်တွင်လူများက သူ့ကို ထူးဆန်းစွာ ကြည့်ကြသော အကြည့်များကို ခံစားရသည်။

မနေ့ညက မိုးမုန်တိုင်းကြောင့် ရွာရှိ ကြက်များအအေးမိကာ လေးလံထိုင်းမှိုင်းနေကြလေသည်။ နျဲ့ပုဖန်သည် ကြက်ခြံကို အလင်းရောင်ကောင်းကောင်းရအောင် လုပ်ပေးကာ ကြက်များလန်းဆန်းတက်ကြွရန်အတွက် သီချင်းအချို့ဆိုပြခဲ့သည်။
၎င်း သီချင်းတို့မှာ ရှန်းမုလန်နှင့် စုချန်းယိတို့ ဖန်တီးထားကြသော ကိုယ်ပိုင်သံစဥ်များ ဖြစ်ဟန်တူသည်။
ထို့နောက် နျဲ့ပုဖန် တောင်ခြေဖက်သို့ လမ်းလျောက်ထွက်ခဲ့သည်။ တောင်တက်လမ်း တစ်ဝက်တွင် သူ့ရှေ့၌ မြေပြိုနေသည်ကို တွေ့လိုက်ရ၏။ ထိုထက်ဆိုးရွားသည်မှာ တောင်တို့မှ ပြိုကျလာသော မြေသားများသည် ရတနာသိုက်ရှိရာ ရေကန်ထဲသို့ ပြိုကျနေကြခြင်း ဖြစ်သည်။
ဤသို့ နောက်တစ်ခါ မိုးမုန်တိုင်း တိုက်မည်ဆိုပါက ရေကန်ပိတ်၍ ရတနာသိုက်၏ ဝင်ပေါက်သို့ ဝင်လို့ရမည် မဟုတ်တော့ပေ။

ဤသည်ကို တွေးမိသည်နှင့် နျဲ့ပုဖန် ရွာသို့ ပြန်ခဲ့ပြီးနတ်မိမယ်ကို ရှာကာ သူ တွေ့ရှိခဲ့သော ကိစ္စအား နတ်မိမယ်ကို ပြောပြခဲ့သည်။

ထိုအခါ နတ်မိမယ်မှာ စိုးရိမ်တကြီး ဖြစ်သွား၏။

''ဒါဆို ဘယ်လိုလုပ်ရမလဲ၊ သော့ကလည်း အခုထိ ရှာမတွေ့သေးဘူး''

''ဟုတ်ပါ့။ ဘယ်လိုလုပ်ရပါ့မလဲ''

နျဲ့ပုဖန်လည်း သူ့မေးစေ့သူ ပွတ်သပ်ကာ စဥ်းစားနေဟန် လုပ်၏။

နတ်မိမယ် ယုချုံမှာတော့ အခန်းထဲတွင် လူးလာခေါက်တုန့်လျောက်ရင်း စိုးရိမ်ပူပန်မှု ကြီးနေသည်။

''ရွာလူကြီးနျဲ့၊ ကျွန်မကို ကူညီပါဦး''

ယုချုံသည် နျဲ့ပုဖန်အား အကူညီတောင်းသော အကြည့်ဖြင့် ကြည့်၏။

''လွယ်တော့ မလွယ်ဘူး''

နျဲ့ပုဖန်သည် ကုလားထိုင်တွင် ခြေချိတ်ထိုင်ကာခြေထောက်ကို တဖျက်ဖျက်လှုပ်လျှက် တွေးတောနေ၏။
ယုချုံသည် ရှက်ရွံသော မျက်ဝန်းလေးများဖြင့် ထပ်မံ အသနားခံလာသည်။

''လွယ်တော့ မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်မမှာ ရှင်ကလွဲပြီး တခြားအားကိုးစရာလည်း မရှိဘူးလေ''

ထိုအခါ နျဲ့ပုဖန်က စားပွဲကို တစ်ချက်ရိုက်ရင်း သူ့အကြံအားပြောပြသည်။

''ဒါဆို ရတနာသိုက်ရဲ့တည်နေရာကို တခြားလူတွေကို အသိပေးလိုက်ပါလား''

''ရတနာသိုက်တည်နေရာကို ထုတ်ပြရမှာလား''

ယုချုံ တွေးတောသွားသည်။

''သူတို့တွေ ဒီနေရာကို ဘာအတွက်ရောက်နေကြတာလဲ။ ရတနာသိုက်အတွက်ပဲ မဟုတ်ဘူးလား၊ ရတနာသိုက်သာ မြေအောက်ထဲ မြုပ်သွားတော့မယ့်အရေးကို ကြားရင် သူတို့ အသည်းအသန်ဖြစ်သွားကြမှာပဲ မဟုတ်ဘူးလား''

နျဲ့ပုဖန်က ပြောသည်။

''သေချာတာပေါ့''

''ဒါဆိုရင် သူတို့ ဘာလုပ်ကြမလဲ"

ယုချုံသည် ခဏစဥ်းစားလိုက်ပြီး။

''ရတနာသိုက်ဝင်ပေါက်ကို ပြန်ဖော်ဖို့ လုပ်ကြမှာပဲ''

''အဲ့ဒါပဲလေ''
နျဲ့ပုဖန်က ဟိတ်ဟန်ဖြင့် ပြုံးလိုက်သည်။

''ခင်ဗျားက ပါးစပ်လေးပဲစိုက်ပြီး သူတို့ကို ပင်ပန်းတဲ့ အလုပ်တွေ လုပ်ခိုင်းလိုက်စမ်းပါ''

ပထမတွင် ယုချုံလည်း ထိုအကြံကို သဘောကျသွား၏။ သို့သော် သူမ စဥ်းစားပြီးနောက် တွေဝေသွားသည်။

''ဒီလိုဆိုရင် သူတို့တွေ ရတနာသိုက်ကို ဖွင့်ဖို့ ကိစ္စပိုအလောကြီး လာကြမယ် မဟုတ်လား''

''အဲ့တော့ရော ဘာဖြစ်လဲ''

''ကျွန်မ အခုထိ သော့ရှာ မတွေ့သေးဘူးလေ၊ အဲ့ဒီနောက်ဆက်တွဲ ပြဿနာကို ဘယ်လိုဖြေရှင်းရပါ့မလဲ''

''နောင်ခါလာ နောင်ခါစျေးပေါ့၊ လက်ရှိကိစ္စက ပိုအရေးကြီးတာပဲ မဟုတ်ဘူးလား''

ယုချုံလည်း ခဏလောက် စဥ်းစားနေပြီးမှ အီလည်လည်ဖြင့် ခေါင်းညိတ်လိုက်သည်။

''အရေးကြုံတော့လည်း ဖောက်ဖျက်ပြီး စွန့်စားရမှာပေါ့လေ၊ နန်းတော်အရှင်ရဲ့ဟောကိန်းအလိုတော်အရ ကျွန်မက ရတနာသိုက်ကို ဖွင့်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်''

''မှန်တာပေါ့ဗျာ''

နျဲ့ပုဖန်သည် နတ်မိမယ်၏ အိမ်မှ ထွက်လာပြီးနောက်တွင် ကောင်းကင်သို့ မော့ကြည့်၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ ရင်ကိုဖွင့်လျှက် မိုးမုန်တိုင်းတွေ ပိုဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။

ဒီရွှံနွံတွေက ခင်ဗျားအတွက်တော့ ညစ်ပတ်ချင်ညစ်ပတ်မှာပေါ့ဗျာ...။



ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now