အခန်း (703)

810 132 0
                                    

အခန်း (၇၀၃)  :  အန္တရာယ်မကင်းသော ဘေးကင်းနွယ်တောင်

ဘေးကင်းနွယ်တောင်ထဲမှ လူအများအပြားက စတင် ထွက်ပြေးကြတော့သည်။ နဂို အစွန်းအဖျားနား ရောက်နေသည့် သူများမှ လွဲ၍ ဘေးကင်းနွယ်တောင်မှ လွတ်မြောက်ဖို့ရာ ကြိုးစားသူ ဆယ်ဦးအနက် တစ်ဦးပင် မလွတ်မြောက်နိုင်ချေ။
ဝေကျီတောက်က သူ့အသက်ဓာတ်များကို လောင်ကျွမ်းခံပြီး အမြန်ဆုံး ထွက်ပြေးလာသူ ဖြစ်၏။ သူ့အင်မော်တယ် အမဲလိုက်သူပိုင်နက်မှ ထွက်သည်နှင့် ချက်ချင်းဆိုသလို ဘေးကင်းနွယ်တောင် အစွန်းအဖျားသို့ ရောက်ရှိသွားလေပြီ။
ထိုသို့ဆိုလျှင်ပင် နွယ်တစ်ပင်က မြင့်တက်လာပြီး သူ့ခြေသလုံးအား ရစ်ပတ်ထားသေး၏။
ဝေကျီတောက်က နယ်လှည့်ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ရှန့်ဟဲကောင်းလောက် ဗဟုသုတ မကြွယ်ဝကာ ဖန်းဟုန်လောက် ကျင့်ကြံခြင်း အရင်းအမြစ် မပေါများသော်လည်း သူ့တွင် ထိုနှစ်ယောက်လုံး မရှိသည့် အရာတစ်ခု ရှိနေသည်။ ထိုအရာမှာ ဆုံးဖြတ်ချက် ပြတ်သားမှု ဖြစ်၏။
ဒုတိယ နွယ်ပင်က ခြေသလုံးနား ရောက်လာခါနီးတွင် အင်မော်တယ်စွမ်းအား ထုတ်ကာ သူ့ခြေသလုံး သူ ပြန်ဖြတ်ချလိုက်သည်။ ထိုစဉ် ဝေကျီတောက်က ကပ်သီလေး လွတ်မြောက်သွားတော့သည်။
ထိုစဉ် သူ့အတွက် ဓားစွမ်းအင်များမှာ ဘာမှ မဟုတ်တော့ဘဲ သူစိတ်ထဲ၌ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုခြင်းသာ ကြီးစိုးနေသည်။
ဝေကျီတောက်၏ နောက်တွင် နွယ်ပင်များက  လှောင်ချိုင့်တစ်လုံးသဖွယ် စုစည်းသွားပြီး  ထိုအထဲ ပိတ်မိနေသော ကျင့်ကြံသူများမှာ အသက်ရှင်လျက် ထွက်မလာနိုင်တော့ပေ။
သွေးတစ်စက်ပင် ထွက်မလာပေ။ အကြောင်းမှာ နွယ်ပင်များ၏ စုပ်ယူခြင်းကို ခံရသော ကျင့်ကြံသူတိုင်းမှာ အချိန်တိုလေးအတွင်း  သွေးနှင့် ဝိညာဉ်  ဆုံးရှုံးသွား၍ ဖြစ်ပေသည်။
ဝေကျီတောက်လိုမျိုး ရှားပါးလှသည့် လူတချို့သာ အသက်ရှင်လျက် လွှတ်မြောက်လာနိုင်ကြသည်။
“ အား ” ဝေကျီတောက်က သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး  ကုသဆေးလုံးကို မျိုချလိုက်ရသည်။
သူ့နောက်တွင် မိုးထိလုမတတ် ထောင်ထွက်နေသည့် နွယ်ပင်အုပ်လိုက်ကြီးမှာ တစ်ခါမှ မတည်ရှိခဲ့သည့်အလား အစအနမရှိ ပျောက်ကွယ်သွားတော့သည်။ နွယ်ပင်များက မြေကြီးထဲ ပြန်တိုးဝင်သွားပြီး ဘေးကင်းနွယ်တောင်၌ နေခဲ့ကြသော သူများမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ဝေကျီတောက် အသက်ရှင်လျက် ထွက်ပြေးလာသည်ကို မြင်ကြသော ကျင့်ကြံသူတချို့က သွားရောက်၍ ကူညီပေးလိုက်ကြသည်။
ဓားအကျဉ်းထောင်ထဲ၌  စုပေါင်းနေခြင်းက ပို၍ ကောင်းပေသည်။
“ အရှင်ဝေ …. ဘေးကင်းနွယ်တောင်က ဘာဖြစ်သွားတာလဲ ” ဖြူဖတ်ဖြူရော်နှင့် သွေးများ ပေစွန်းနေသော အင်မော်တယ် အုပ်စိုးသူ တစ်ယောက်က ကြောက်လန့်တကြား မေးလိုက်သည်။
မဟာဧကရာဇ်တစ်ဦးပင် ဘေးကင်းနွယ်ပင်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထိုနွယ်ပင်များက မည်မျှ ကြောက်မက်ဖွယ် ကောင်းနေသနည်း။ အကယ်၍ သူသာ ဘေးကင်းနွယ်တောင် အစွန်းအဖျားတွင် ရှိနေခြင်းသာ မဟုတ်လျှင် သူ့အနေနှင့် လွတ်မြောက်လာနိုင်မည် မဟုတ်ချေ။
ကျန်ရှိနေသော အားနည်းသူများက အာရုံစိုက်နားထောင်နေကြသည်။ အကြောင်းမှာ သူတို့လည်း ဘေးကင်းနွယ်တောင် ဘာဖြစ်သွားမှန်း မသိလိုက်ကြပေ။
ဝေကျီတောက်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏  “ အဲဒါက ရှေးဟောင်း ကျင့်ကြံသူတွေ ချန်ခဲ့တဲ့ စိတ်နှလုံးသားပဲ …. တကယ်လို့ ကျုပ် ခန့်မှန်းချက်သာ မှန်ရင် အဲဒီနွယ်ပင်တွေက နှလုံးသွေးကြောတွေပဲ ဖြစ်လိမ့်မယ် … ”
“ အဲဆို ကျုပ်တို့က နှလုံးသားထဲ နေနေတာလား  ” တစ်ယောက်ယောက်က တုန်လှုပ်တကြီး ထမေးလိုက်သည်။
မည်သူကမှ သူ့မေးခွန်းကို မဖြေကြပေ။ အကြောင်းမှာ အားလုံးက ဝေကျီတောက်သည် အကြောင်းမဲ့ လျှောက်ပြောနေခြင်း မဟုတ်ကြောင်း ယုံကြည်ကြ၏။ ထို့အပြင် ဘင်းကင်းနွယ်တောင်မှာ နှလုံးသား သဏ္ဍာန်နှင့် တူနေသေးသည် မဟုတ်ပါလော။
ဝေကျီတောက်လည်း တုန်ယင်နေလေ၏။ ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့ သေဆုံးသွားပုံကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ သူက ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ထက် အလွန်အားကောင်းနေ၍ မဟုတ်ဘဲ  သူ့အသက်ဆက်ရှင်နိုင်သည့် အကြောင်းအရင်းမှာ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ထိုအရာက အဓိကအချက် မဟုတ်သေးပေ။ သူ လွတ်မြောက်လာနိုင်သည့် အဓိက အကြောင်းအရင်းမှာ မိုဝူကျိဆီမှ ရရှိထားသော သဘာဝကျီ ဆေးလေးလုံးကြောင့်သာ ဖြစ်၏။
သဘာဝကျီ ဆေးလေးလုံးမှာ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ထက် သာလွန်သည့် အခြေအနေသို့ ရောက်အောင် ကုသပေးထားခဲ့သောကြောင့် ပြန်လည် ကောင်းမွန်လာနှုန်းမှာ သူက အမြန်ဆုံး ဖြစ်နေခြင်း ဖြစ်ပေသည်။
ကမ္ဘာဦး စိတ်ဝိညာဉ် ပြန်လည် ကောင်းမွန်လာမှုကြောင့်သာ အသက်ဓာတ်ကို  နိုးဆွရင်း ဘေးကင်းနွယ်တောင်မှ ထွက်ပြေးခဲ့ရာ၌ ခြေတစ်ဖက်သာ ဆုံးရှုံးခဲ့ခြင်း ဖြစ်၏။
ကြည့်ရသည်မှာ သူတို့ ခန့်မှန်းချက် မှန်ကန်ပုံ ပေါ်သည်။ မိုဝူကျိ ထွက်သွားသည့် အဓိကအကြောင်းအရင်းမှာ သူတို့က နယ်မြေပြန်သိမ်းယူသောကြောင့် မဟုတ်ဘဲ မိုဝူကျိအနေနှင့် ဘေးကင်းနွယ်တောင်အတွင်းရှိ အန္တရာယ်ကို ခံစားမိ၍သာ ဖြစ်လိမ့်မည်။
သူက မိုဝူကျိနှင့် ဓားစွမ်းအင်မြစ်သို့ သွားသည့်အခေါက်ကို ပြန်လည် သတိရမိလိုက်သည်။ မိုဝူကျိသည် ဘေးကင်းနွယ်တောင်မှ ထွက်ထွက်လာချင်း မျက်မှောင်ကျုတ်ကာ တစ်ခုခု အလေးအနက် စဉ်းစားနေဟန် ပေါ်ပေ၏။ ထို့နောက် သူက ဘေးကင်းနွယ်တောင်ထဲ တစ်ခေါက် ပြန်ဝင်ပြီး တစ်ခေါက် ပြန်ထွက်လာသေးသည်။
သူက မိုဝူကျိသည်  ထိုစဉ်ကတည်းမှ တစ်ခုခု မူမမှန်ကြောင်း အာရုံခံမိနေသည်ကို  နားလည်သဘောပေါက်သွားတော့သည်။
ယခင် မိုဝူကျိက ချက်ချင်း နောက်ဆုတ်သွားခြင်းမှာ  မဟာမိတ် မရှိတော့၍ ဖြစ်ကြောင်း တွေးမိခဲ့သည်။ သူက ဖန်းဟုန်တို့နှင့် ပူးပေါင်းလိုက်သည် မဟုတ်ပါလော။ ပြန်တွေးကြည့်လျှင် မိုဝူကျိက သူနှင့်မဟာမိတ် မဖွဲ့ဖြစ်လျှင်ပင်  ဘေးကင်းနွယ်တောင်မှ ထွက်သွားဦးမည် ဖြစ်ပေသည်။ သူတို့က မိုဝူကျိ နေရာသို့ သွားရောက်ကြသည့်အခါ  သူက ထွက်သွားဖို့ ပြင်ဆင်ပြီးနေလေပြီ။
မည်သို့များ  ထိုမျှ တိုက်ဆိုင်တာ ဖြစ်နိင်ရမည်နည်း။
မိုဝူကျိ၏ လက်ရှိ အစီအရင်တာအို အဆင့်အရ  သူက ထွက်မသွားလိုလျှင် သူတို့သုံးယောက် ပေါင်းတိုက်လျှင်ပင် မိုဝူကျိ၏ အစီအရင်ကို ချိုးဖောက်နိုင်မည် မဟုတ်ချေ။
“ အရှင်ဝေ … ကျုပ်တို့ အခုဘယ်သွားကြမလဲ ….” အားလုံးက တိတ်ဆိတ်နေကြစဉ် ကျင့်ကြံသူ တစ်ဦးက ရုတ်ချည်း မေးလိုက်၏။
ဝေကျီတောက်က သက်ပြင်းချကာ  “ အင်မော်တယ်အမဲလိုက်သူ အင်အားစုက မရှိတော့ဘူးဆိုတော့ အားလုံး ကျုပ်နာမည်ပဲ ခေါ်ကြပါ။  အရှင်တွေ ဘာတွေ လုပ်မနေနဲ့တော့  …. ”
ထိုအဖြစ်အပျက်က သူ့အား ဓားအကျဉ်းထောင်ထဲ၌ မည်မျှ အင်အားစုဆောင်းမိစေကာမူ ရုတ်တရက် ဖြစ်ပွားလာသော ကပ်ဘေးမျိုးနှင့် ရင်ဆိုင်ရာ၌ အသုံးမဝင်ကြောင်း သိလိုက်ရသည်။
“ မင်းတို့တွေ အားလုံး ဂိုဏ်းချုပ်မိုဆီ သွားသင့်တယ် ” ဝေကျီတောက်က မိုဝူကျိအပေါ် မှီခိုရုံအပြင် ထိုလူများမှာ သွားစရာ နေရာ မရှိကြောင်း သိပေ၏။
“ စီနီယာရော အတူတူ မလိုက်ဘူးလား ” စောစောလေးက ကျင့်ကြံသူ တစ်ဦးက မေးလိုက်ပြန်သည်။
အမှန်တရားမှာ သူက ဝေကျီတောက်အား ဘယ်နေရာ သွားသင့်ကြောင်း မေးမြန်းလိုက်သော်လည်း ဂိုဏ်းချုပ်မိုဆီ သွားခြင်းက သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ကြောင်း သိပြီးသား ဖြစ်၏။
ဝေကျီတောက်က ခေါင်းခါကာ  “ မင်းတို့တွေ သွားနှင့်ပါ … ကျုပ် မလိုက်တော့ဘူး ”
ထိုသို့ ပြောပြီးနောက် ဝေကျီတောက်က ဓားအကျဉ်းထောင် အနက်ပိုင်းအတွင်း လျှောက်လှမ်းသွားသည်။ သူက မိုဝူကျိနှင့် ဆက်ဆံရေးကို ဖျက်စီးမိထားသည့် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။ ယခုအချိန်မှ မိုဝူကျိဆီက ကာကွယ်မှုကို တောင်းခံလိုက်လျှင် အရှက်မဲ့လွန်းရာ ကျရောက်သွားလိမ့်မည်။
မိုဝူကျိက သူ အလိုရှိသော  နယ်မြေကို သဘာဝကျီဆေးလုံးဖြင့် လဲလှယ်ခဲ့သော်လည်း အဆုံးသတ်၌ ဝေကျီတောက်က  သတိမပေးဘဲ ပြန်လည် သိမ်းယူခဲ့သည်။ မိုဝူကျိက ဘေးကင်းနွယ်တောင်မှ ထွက်သွားဖို့ရာ ဆုံးဖြတ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ  သူ့အပြုအမူမှာ  မှားယွင်းနေပြီး ရှက်ဖွယ် ကောင်းလှသည်။ ထို့အပြင် အကယ်၍ သူ့လို အင်မော်တယ် ဧကရာဇ်တစ်ယောက်က မိုဝူကျိဆီမှ ကာကွယ်မှု တောင်းခံလိုက်လျှင် မည်သူက မည်သူကို နာခံရမည်နည်း။
ဝေကျီတောက် ထွက်သွားပြီးနောက် ကျန်ရှိနေသည့်သူများထဲ အားအကောင်းဆုံးသူမှာ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်၏။ အင်မော်တယ် အုပ်စိုးသူက  ဝေကျီတောက်၏ နောက်ကျောပြင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အထိ ကြည့်ကာ သက်ပြင်းတစ်ခေါက် ထပ်ချလိုက်သည်
“ သွားကြစို့ …. ငါတို့တွေ ဂိုဏ်းချုပ်မိုကို သွားရှာကြမယ် ”
အင်မော်တယ် အုပ်စိုးသူမှာ နတ်ဆိုးလက်အဖွဲ့ဝင် ဖြစ်သောကြောင့်  မိုဝူကျိနှင့် ဘေးကင်းနွယ်တောင်မှ အင်အားစု သုံးခုကြားမှ ပဋိပက္ခအကြောင်း ကောင်းကောင်း သိပေသည်။ ထို့ကြောင့် သူက ဝေကျီတောက်အနေနှင့် မိုဝူကျိဆီမှ အကူအညီ တောင်းခံရန် မလိုလားသည့် အကြောင်းအရင်းကိုလည်း နားလည်သဘောပေါက်၏။
…………..…
“ ဘန်း ဘန်း ဘန်း ” မိုဝူကျိက ဓားစွမ်းအင်မှာ ရုတ်ချည်းဆိုသလို အဆပေါင်းများစွာ တိုးတက်သွားသည်ကို ခံစားမိလိုက်ရပြီး သူ့အရိုးများပင် စတင်၍ ကွဲအက်ကုန်သည်။ ထိုလွန်ကဲသည့် နာကျင်မှုကြောင့် မိုဝူကျိအား အပြည့်အဝ နိုးနိုးကြားကြား ဖြစ်လာစေ၏။
သူက ခြေထောက်ကို အလန့်တကြား ကြည့်လိုက်မိ၏။ ယခု သူက ဝဲကတော့ အစွန်းနား ရောက်နေလေပြီ။ သို့သော်လည်း ဝဲကတော့က သူ့အား အထဲဆွဲခေါ်မသွားသေးပေ။
ရုပ်ခန္ဓာ ကျင့်စဉ်ကို အသုံးပြုပြီး စုပ်ယူထားသော အဆုံးမဲ့ ဓားစွမ်းအင်များက သူ့ခန္ဓာအတွင်း ဝင်ရောက်နေသည်။ ထိုဓားစွမ်းအင်များအပြင် အင်မော်တယ် စွမ်းအားများလည်း ပါရှိနေ၏။
မိုဝူကျိက ဝဲကတော့မှ ကြောက်မက်ဖွယ် ဓားစွမ်းအင်များကို သူက စုပ်ယူမိလိုက်ကြောင်း သတိပြုမိလိုက်သည်။ ဝဲကတော့က ခဏတာ ပျောက်ကွယ်သွားသည့်အချိန် သူက ရပ်တန့်သွားရခြင်း ဖြစ်၏။
လက်ရှိ သူက အရိုးများ တစစီ ဖြစ်မသွားရန် အာရုံစိုက်ထားသင့်သည်။ သူ့အရိုများ တစစီ ပြန်ကြေမွသွားပါက သူ့အနေနှင့် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ ကို တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။ ထို့နောက် ဝဲကတော့ထဲ ပါသွားပေလိမ့်မည်။
မိုဝူကျိက နှောင့်ယှက်နေသည့် အတွေးများကို ဖယ်ကာ အင်အားကုန်သုံး၍  သူရုပ်ခန္ဓာကျင့်စဉ်နဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ် လှည့်ပတ်ရာ၌သာ အာရုံစိုက်ထားလိုက်၏။  သေးငယ်သော  ၁၀၈ ခု လှည့်ပတ်ခြင်းမှ လှည့်ပတ်မှုအကြီးတစ်ခု ဖြစ်လာစေပြီး ထိုလှည့်ပတ်ခြင်းမှာ မိုဝူကျိ၏ ရုပ်ခန္ဓာကျင့်စဉ်နှင့် ပေါင်းစပ်သွားရင်း  ဓားစွမ်းအင် ဝဲကတော့အတွင်းမှ သိပ်သည်းသော အင်မော်တယ်စွမ်းအားများကို အသည်းအသန် စုပ်ယူပစ်ကုန်သည်။
“ ဘုန်း …” မိုဝူကျိ၏ ခန္ဓာကိုယ်မှာ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်မှ ရဲစွမ်းသတ္တိ အငွေ့အသက်များ ထွက်ပေါ်လာ၏။ အစပိုင်း ကွဲအက်နေသော အရိုးများနှင့် အသားများမှာ ချက်ချင်းဆိုသလို ပြန်ကောင်းသွားကြသည်။
မိုဝူကျိ ခန္ဓာကိုယ်အတွင်း စုပ်ယူခြင်း ခံနေရသော ဓားစွမ်းအင်များကို ယခုအခါ တားဆီးထားလိုက်သည်။  သူ့ခန္ဓာကိုယ်မှ အင်မော်တယ် သဘာဝစွမ်းအားများမှာ အရူးအမူး မြင့်တက်နေပြီး  မိုဝူကျိကို ချုပ်နှောင်ထားသော အတားအဆီးများမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ကုန်ကာ မိုဝူကျိအား မဟာလော့ရှန်း အလယ်အလတ်အဆင့်သို့ ခေါ်ဆောင်သွားတော့သည်။
ဝဲကတော့၏ အင်အားများက နောက်တစ်ဖန် ထွက်ပေါ်လာသောကြောင့် မိုဝူကျိပင် နောက်ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီး ဓားစွမ်းအင်များကို တဖန် ပြန်လည် စုပ်ယူလိုက်သည်။
ဓားစွမ်းအင် ဝဲကတော့အနီးအနား၌ ရှိစဉ် မိုဝူကျိ၏ ခန္ဓာကိုယ်မှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ သို့ ရောက်ရှိသွားသလို သူ့ကျင့်ကြံဆင့်မှာလည်း မဟာလော့ရှန်း အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားတော့သည်။
သူက လက်ရှိကျင့်ကြံဆင့်ဖြင့် ဓားစွမ်းအင် ဝဲကတော့ထဲ ပါသွားလျှင် သေခြင်းတရားက တစ်ခုတည်းသော ရလဒ် ဖြစ်မည်မှန်း သေချာသိနေသည်။
ဓားစွမ်းအင် ဝဲကတော့အစွန်းနားထိ နောက်ဆုတ်လိုက်ကာ မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို တဖန် အသက်သွင်း၍ ဓားစွမ်းအင် ဝဲကတော့ကို တစ်ချက် ကြည့်လိုက်သည်။ ဝဲကတော့အောက်ခြေ၌ အမျိုးသားကား ပျောက်ကွယ်သွားလေပြီ။
မိုဝူကျိ၏ နောက်ကျောတွင် ချွေးအေးများ ထွက်လာမိပြီး ဤနေရာမှ မြန်မြန် ထွက်လာလိုက်သည်။ သူက အင်မော်တယ်ဘုရင်အဆင့် မရောက်ခင်အထိ ဤဝဲကတော့ထဲ မဝင်ရဲပေ။
အကယ်၍ သူ့တွင် ထူးထူးခြားခြား ကျင့်ကြံခြင်း အရင်းအမြစ်များ မပိုင်ဆိုင်လျှင် သူ့အနေနှင့် အချိန်တိုလေးအတွင်း အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်မည် မဟုတ်ပေ။ ကြည့်ရသည်မှာ သူက ဓားအကျဉ်းထောင် အပြင်ဘက်၌ ခင်းကျင်းထားခဲ့သော ကူးသန်းရေး အစီအရင်ပြားများမှ တုံ့ပြန်မှုကို တစ်ဖန် သွားစစ်ဆေးကြည့်သင့်ပေသည်။ မိုဝူကျိက ကူးသန်းရေး အစီအရင်ပြားများက  အကူအညီများစွာ မဖြစ်သော်လည်း ထွက်လမ်း ရှိသရွေ့ ကံကို ယုံကြည်၍ ကြိုးစားကြည့်ရမည်။
……………
“ ဂိုဏ်းချုပ်မိုများ ရှိလားဗျ ….” အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက  ဘေးကင်းနွယ်တောင်မှ ကျန်ရစ်သူ ငါးယောက်ကို ခေါ်ဆောင်ကာ  မိုဝူကျိ၏ ကန္တာရ နေရာသို့ ရောက်လာကြသည်။
ဖေးလင်က တဖန် ထွက်လာပြီး စောင့်ဆိုင်းနေကြသည့်  စုကျီအန်းနှင့် အခြားလူများကလည်း မတ်တတ်ရပ်လိုက်ကြသည်။
“ အစ်ကိုချာလား ” ဖေးလင်က အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူကို မြင်မြင်ချင်း တအံ့တဩ ရေရွတ်လိုက်၏။
ဖေးလင်က ထိုအင်မော်တယ် အုပ်စိုးသူ၏ နာမည်မှာ ချာလွေ့ ဖြစ်ကြောင်း သိပေသည်။ ဖေးလင်လည်း နတ်ဆိုးလက် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
ယခု ချာလွေ့က ဘာလာလုပ်နေတာလဲ …..
ဖေးလင်က ချာလွေ့နောက်မှ ဒဏ်ရာအပြင်းအထန် ရနေသော လူများကို ကြည့်လိုက်ကာ ပိုမို သိချင်မိသွားသည်။
“ အင်မော်တယ်ရောင်းရင်းဖေးလင် မတွေ့တာ ကြာပြီနော် …” ချာလွေ့၏ အသံမှာ နည်းနည်း အက်တက်တက် ဖြစ်နေပြီး နတ်ဆိုးလက် အင်အားစု၌  ချာလွေ့၏ အဆင့်အတန်းမှာ ဖေးလင်ထက် များစွာ မြင့်ပေသည်။ ထိုစဉ် သူက ဖေးလင်ကို  ယခင်တုန်းက  ရန်မစမိခဲ့သည့်အတွက် ဝမ်းသာမိနေသည်။
“ အစ်ကိုချာ ဒီကို ဘာလာလုပ်တာလဲ။ အစ်ကိုလည်း နတ်ဆိုးလက်က ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီလား … ဖန်းဟုန်ကို မကြောက်ဘူးလားဗျာ။ ဘေးကင်းနွယ်တောင်ကို နောက်တစ်ကြိမ် ထပ်ပြန်လို့ မရတော့မှာကို မစိုးရိမ်ဘူးလား ” ယနေ့အချိန်အထိ ဖေးလင်က ဖန်းဟုန် နာမည်ကြားလိုက်သည်နှင့် ကြောက်ရွံ့နေဆဲ ဖြစ်သည်။
ချာလွေ့က သက်ပြင်းချကာ  “ ဘေးကင်းနွယ်တောင်လည်း မရှိတော့ဘူး။ နတ်ဆိုးလက်လည်း မရှိတော့ဘူး ”
“ ဟမ် ဘာကို ပြောတာလဲ ” ဖေးလင်က နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့၏ စကားများကို ပြန်တွေးမိလိုက်ပြီး သူ့အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ အကယ်၍ ဘေးကင်းနွယ်တောင်က အမှန်တကယ် အန္တရာယ်များလျှင် ဤနေရာမှာလည်း သိပ်မကွာဝေးချေ။

လူသားသစ္စာ (701-900)Where stories live. Discover now