အခန်း (708)

787 130 2
                                    

အခန်း (၇၀၈)  : ကံကြမ္မာ ကြာနီ ပေါ်လာခြင်း

“ ဘာလို့ မင်းကို ရင်းနှီးနေပါ့လိမ့် …” အနက်ရောင်ဝတ် အမျိုးသား တစ်ဦးက စုရိုအာအား မျက်မှောင်ကျုတ်ကြည့်ကာ ပြောလိုက်၏။

စုရိုအာက ကြောက်လန့်တကြား ဖြစ်သွားကာ နှလုံးခုန်ပင် မြန်ဆန်သွားလေ၏။ သူမ ရှေ့တွင် ရှိနေသော အမျိုးသား ပြာဖြစ်သွားလျှင်ပင် သူမက မှတ်မိနေဦးမည် ဖြစ်၏။ ထိုလူမှာ စူးခရာ အင်မော်တယ်မြို့ဟောင်းရှိ ဗလာကြေးမုံ အင်မော်တယ်တာအို ကုန်သည်အိမ်တော်မှ စီမံခန့်ခွဲရေးမှူး ဖူကျန်းဆောင် ဖြစ်ပေသည်။ ယခင် သူမ၏ စီနီယာအစ်ကိုပြန့်နှင့် သူမတို့မှာ ဤလူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အကယ်၍ ယီလန်သာ ဂိုဏ်းချုပ်မို၏ အကူအညီကို မရခဲ့လျှင် သူမအနေနှင့် အသက်ပျောက်နေသည်မှာ ကြာမြင့်နေလောက်လေပြီ။

သူမက တစ်ချိန်လုံး ဂရုစိုက်နေခဲ့လေရာ  ဖူကျန်းဆောင်မှ သူမအား မှတ်မိနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိပေ။

တုံ့ဟွားလုံလည်း ဖူကျန်းဆောင်ကို မှတ်မိသွားလေ၏။ သူ့နောက်ကျောတွင် ချွေးအေးများ ထွက်လာပြီး စောစောလေးက စကားပြောမိသည့်အတွက် နောင်တရမိသွားသည်။ သူက ဖူကျန်းဆောင် ဤနေရာ ရောက်လာသည်မှာ  တိုက်ဆိုင်မှု တစ်ခု ဖြစ်မှန်း သိသော်လည်း  သူ့ကံတရားကို မကျိန်ဆဲဘဲ မနေနိုင်ချေ။

“ အခု မှတ်မိပြီ …. မင်းက တျန်းဂျီဂိုဏ်းရဲ့ ကျန်ရစ်သူမလား။ ငါ မင်းကို အရင်တုန်းက ဖမ်းခဲ့ဖူးပါတယ်။ ဒီနေ့ ပြန်တွေ့လိမ့်မယ်လို့ ထင်မထားမိဘူး  ဟားဟား  ” ဖူကျန်းဆောင်က အားရပါးရ ရယ်မောလိုက်၏။

ထိုစဉ် လူအုပ်ကြီးလည်း စတင်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မဟာဧကရာဇ် ကျင်းယူ၏ မိန့်ခွန်း အဆုံးသတ်သွားပြီး ဖြစ်ရာ လေးလွှာမြောက်ကား တရားဝင် ဖွင့်လှစ်လိုက်လေပြီ။ ပထမဆုံး အခိုက်အတန့်လေး၌ စုရိုအာ  တုံ့ဟွားလုံအား ဆွဲခေါ်ကာ ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်အတွင်း ပြေးဝင်သွားတော့သည်။

စုရိုအာသည် ဤနှစ်တစ်လျှောက်လုံး ပုန်းကွယ်ပြီး နေလာသောကြောင့် ဖူကျန်းဆောင်နှင့် ယှဉ်လျှင် သူမက အခြေအနေမှန်ကို ရွေးချယ်တတ်ပေသည်။ လူအများကြီး လေးလွှာမြောက်သို့ ဝင်နေကြစဉ် ဖူကျန်းဆောင်၏ သတ္တိက အဆများစွာ တိုးနေလျှင်ပင် မှော်ရတနာကို ထုတ်ရဲမည် မဟုတ်ပေ။ စုရိအာနှင့် တုံ့ဟွားလုံတို့ ကျိုးပျက်ကမ္ဘာထဲ ဝင်သွားသောကြောင့် ဖူကျန်းဆောင်လည်း ဒေါသူပုန်ထကာ နောက်မှ လိုက်သွားတော့သည်။

လူသားသစ္စာ (701-900)Where stories live. Discover now