အခန်း (738)

754 127 0
                                    

အခန်း  (၇၃၈)  :  အင်မော်တယ် ဧကရီ ဝမ်လန်

သူ့မှတ်ဉာဏ်ထဲ သေချာပြန်စဉ်းစားပြီးနောက် ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူက စုရိုအာနှင့် တုံ့ဟွားလုံ၏ နောက်ကျောကို ရေးဆွဲနိုင်သွားလေသည်။ မိုဝူကျိက ထိုပုံကြမ်းကို မြင်လိုက်သောအခါ စိတ်အေးလက်အေး သက်ပြင်းသာ ချလိုက်တော့သည်။
ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူ၏ မှတ်ဉာဏ်မှာ သိပ်မတိကျလှပေ။ သူ့ပုံကြမ်းနှင့် တကယ်လူကြား တူညီခြေမှာ အလွန်နည်းပါးလှ၏။
ကျင်းယူက ထိုပုံကြမ်းအား ကြည့်လိုက်ပ်ြီးနောက် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူအား ခေါင်းညိတ်ပြကာ ပြောလိုက်သည်  “ ခင်ဗျားလည်း ကျုပ်နဲ့အတူတူ အထက်ဘုံကို လိုက်လို့ရတယ် ”
ထို့နောက် သူက စူးခရာအင်မော်တယ် ဥယျာဉ်အတွင်းမှ လူအုပ်ကြီးဘက် လှည့်ကာ 
“ ကျုပ် ထွက်သွားဖို့ ရက်နည်းနည်းလိုသေးတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်အကြောင်း ကြားခဲ့ရင် ကျုပ်ကို လာရှာလို့ ရပါတယ်။ ပြီးတော့ အားလုံးကို ခေါ်ထားတဲ့ တတိယ အကြောင်းအရင်းလည်း ရှိသေးတယ်။ အဲဒါက အထက်ဘုံက ဧကရာဇ်တာအို ဆေးလုံး ခြောက်လုံး ရောင်းဖို့ ဆုံးဖြတ်လိုက်တယ် … ”
ကျင်းယူက ပြောလိုက်သည်နှင့် စူးခရာအင်မော်တယ် ဥယျာဉ်အတွင်းမှ လေထုမှာ ပိုမို ဖိအားများလာသည်။ အားလုံးနီးပါး၏ မျက်ဝန်း၌ လိုချင်တပ်မက်သည့် အရိပ်အယောင်များ ပေါ်နေသည်။
ဧကရာဇ် တာအိုဆေးလုံးမှာ အဆင့် ၉ အင်မော်တယ် ဆေးလုံး ဖြစ်၏။
ပြောရမည်ဆိုလျှင် ဤဆေးလုံးကို ဧကရာဇ် တာအိုအသီးနှင့် အခြားသော ထိပ်တန်းအဆင့် အင်မော်တယ် ဆေးပင်များမှ ဖော်စပ်ထားခြင်း ဖြစ်၏။
ဧကရာဇ် တာအိုအသီးဆိုသည်မှာ ဘာလဲ ….
ထိုသည်မှာ ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူအား ဧကရာဇ် တာအိုကို အတည်ပြုလာနိုင်ကာ  အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်စေသော ထိပ်တန်းဆေးလုံး ဖြစ်ပေသည်။
အင်မော်တယ်လောက၌ အမြင့်ဆုံး ကျင့်ကြံနိုင်သည့် အဆင့်မှာ အင်မော်တယ် ဧကရာဇ်အဆင့်ထိ ဖြစ်၏။ မဟာဧကရာဇ်အဆင့်မှာလည်း အင်မော်တယ် ဧကရာဇ်မျှသာ ဖြစ်၏။
ထို့အပြင် ဧကရာဇ် တာအိုအသီးမှာ ဧကရာဇ် တာအိုအသီးထက်ပင် ပို၍ အဖိုးတန်သေး၏။ ဧကရာဇ် တာအိုအသီးမှ  အောင်မြင်နိုင်ချေ သိပ်မမြင့်လေရာ  ဧကရာဇ်တာအို ဆေးလုံးကို အသုံးပြုလိုက်ခြင်းက တစ်ဆမက အောင်မြင်နိုင်ချေ ပို၍ များပြားပေသည်။ ဧကရာဇ်တာအို ဆေးလုံးမှာ လူတိုင်း ဖော်စပ်နိုင်သည့်အရာ မဟုတ်ပေ။ ပြောရမည်ဆိုလျှင် အဆင့် ၉ ဆေးလုံးဧကရာဇ်ကို လိုအပ်လေ၏။
အထက်ဘုံ၌ အဆင့် ၉ ဆေးလုံးဧကရာဇ် မည်မျှ ရှိနေသည်ကို မသိကြပေ။ သို့သော် အားလုံးက အင်မော်တယ်လောက၌ အဆင့် ၉ ဆေးလုံးဧကရာဇ် တစ်ယောက်မှ မရှိကြောင်း သိထားကြ၏။ အင်မော်တယ်လောက၌ ဆေးလုံးတာအို အမြင့်ဆုံးသူမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ရှောင်လီရှီ ဖြစ်၏။ သူ့အပြင် ကောလဟာလများအရ မိုဝူကျိလည်း ရှိသေး၏။
ရှောင်လီရှီက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိကြသော်လည်း မိုဝူကျိကိုတော့ ကောလဟာလအဖြစ်သာ သိကြသေး၏။
ဧကရာဇ်တာအို ဆေးလုံး ရရှိဖို့ရာ ကိစ္စမှာ ကျင့်ကြံသူတိုင်း ဆန္ဒရှိသည့် ကိစ္စ ဖြစ်သည်။
မိုဝူကျိပင် အနည်းငယ် စိတ်လှုပ်ရှားမိ၏။ သူက ဧကရာဇ်တာအို ဆေးလုံးကို သုံး၍ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းဖို့ရာ စိတ်ကူးမရှိပေ။ သူက ဧကရာဇ်တာအို ဆေးလုံးကို လိုချင်သည်မှာ ဆေးဖော်စပ်နည်းကို သိချင်၍ ဖြစ်သည်။
ဆေးတစ်လုံးမှာ ဆေးဖော်စပ်နည်း ရယူဖို့ရာ ကိစ္စသည် အလွန်မဖြစ်နိုင်ဖွယ် ကောင်းနေသော်လည်း  မိုဝူကျိအတွက်မူ မဖြစ်နိုင်ခြင်း မဟုတ်ချေ။
သူ့တွင် သဘာဝ သိုလှောင်ရေး လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် တာအို အသိဉာဏ်ပွင့် လမ်းကြောင်းပင် ရှိနေသေး၏။ ဤသို့မျိုး ချီသွေးကြောများဖြင့် သူက မည်သူမှ မလုပ်နိုင်သည့် အမြင့်ဆီ တက်လှမ်းနိုင်လိမ့်မည်။ ဤသို့သော ချီသွေးကြောများဖြင့် သူက တခြားလူများ မလုပ်နိင်သည့်အရာကို လုပ်နိုင်ပေလိမ့်မည်။
မိုဝူကျိလည်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။ သူက အဆင့် ၈  ဆေးလုံးဧကရာဇ် ဖြစ်သော်လည်း အထက်ဘုံ၌ ဂယက်မရိုက်သွားစေပေ။ ကြည့်ရသည်မှာ အထက်ဘုံ၌ အဆင့် ၉ ဆေးလုံးဧကရာဇ်များ ရှိနေခြင်းသာ ဖြစ်လိမ့်မည်။
ကျင်းယူက လက်ဝှေ့ပြကာ  လူအုပ်ကြီးအား ငြိမ်ရန် အချက်ပြလိုက်သည် 
“ ဧကရာဇ် တာအိုဆေးလုံးကို ရနိုင်ဖို့ နည်းလမ်း သုံးခုရှိတယ်။ ပထမတစ်ခုက ကံကြမ္မာကြာနီရဲ့ တည်နေရာကို ပြောပြပေးဖို့ ဒါမှမဟုတ် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း  ဝိညာဉ်စွမ်းအား အနည်းဆုံးနေရာဆီ သွားတဲ့ နှစ်ယောက်အကြောင်း ရှာပေးဖို့။
ဒုတိယနည်းလမ်းက အာကာပြင် နိဗာနမြစ်ဥနှင့် လဲလှယ်နိုင်တယ်။ ပြီးတော့ နောက်ဆုံးနည်းလမ်းက ထိပ်တန်း ရတနာ ဒါမှမဟုတ် သတ္တုတွေနဲ့ လဲလှယ်နိုင်တယ်။ တကယ်လို့ ထိပ်တန်းအဆင့် အင်မော်တယ် ဝိညာဉ်သွေးကြော  နှစ်ခုနှင့်အထက် ရှိနေရင်လည်း လဲလှယ်ပေးဖို့ စဉ်းစားပေးနိုင်တယ် …. ”
လူအုပ်ကြီးက တိတ်ဆိတ်သွားလေ၏။ ဤနည်းလမ်းသုံးခု၌ ပထမနည်းလမ်း တစ်ခုတည်းကသာ ရိုးရှင်းပေသည်။ တခြားနည်းလမ်းနှစ်ခုမှာ  ပန်းကိုမျှော်ကြည့်နေသည့် ဖားလို ဖြစ်နေလိမ့်မည်။ အာကာပြင် နိဗာနမြစ်ဥမှာ ဧကရာဇ် တာအိုအသီးထက်ပင် ပို၍ အဖိုးတန်နေသေး၏။ မည်သူကများ လဲလှယ်မည်နည်း။ ထိပ်တန်း အဆင့် အင်မော်တယ် ဝိညာဉ်သွေးကြောများမှာမူ တစ်ခုရှိရုံပင် ဒဏ္ဍာရီလာ တည်ရှိမှုမျိုး ဖြစ်နေလေပြီ။ နှစ်ခု မည်သို့များ ရှိနိုင်မည်နည်း။ နောက်ဆုံးအနေနှင့် ထိပ်တန်းအဆင့် ရတနာနှင့် သတ္တုများမှာမူ ပြောနေဖို့ရာပင် မလိုတော့ပေ။
မိုဝူကျိက သူ့တွင် ပစ္စည်းကောင်းများ ရှိပေသည်။ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်၊ ရှေးဦးမူလ မီးကျောက်နှင့် ရှေးဦးမူလ ရေကျောက် အစရှိသည်များ ရှိနေသော်လည်း သူက တစ်ခုလေးမှ မပေးချင်ပေ။ အကယ်၍ ဤပစ္စည်းများသာ ပေါက်ကြားသွားပါက သူ့အတွက် ကောင်းသည့်အရာ ဖြစ်လာမည် မဟုတ်ပေ။
“ စီနီယာအစ်ကိုမို … အရင်က ကျမ စိုးရိမ်နေမိတာ … ရှင်က ဖင်းဖန်ဂိုဏ်းချုပ် ဖြစ်လာတာကို မသိလိုက်ဘူး ” မိုဝူကျိက ဧကရာဇ် တာအိုဆေးလုံးကို မည်သို့ ယူရမလဲ စဉ်းစားနေစဉ် ရှန်းမူချင်က ရောက်ရှိလာလေ၏။
“ ကျေးဇူးပါ ” မိုဝူကျိက ပြုံးကာ ပြောလိုက်၏။ ရှန်းမူချင်မှာ သူ့အတွက် တကယ်စိတ်ပူပေးနေကြောင်း သိပေသည်။
“ အစ်ကိုကြီးမို … ကျမဂိုဏ်းရဲ့ ဘိုးဘေးက ရှင့်ကို တွေ့ချင်လို့တဲ့ … အခု အားလား။ ကျမရဲ့ ဘိုးဘေးက ဒီမှာ မရှိဘူး။ စူးခရာအင်မော်တယ် တည်းခိုဆောင်ထဲမှာပါ ” ရှန်းမူချင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မိုဝူကျိက ကျင်းယူရှေ့မှ ကျောက်စိမ်းခြောက်ပုလင်းကို ကြည့်ကာ  နှမြောတသ ဖြစ်မိ၏။ သူက ဘာကိုမှ မပေးချင်မှတော့ ထိုဧကရာဇ် တာအိုအသီးကို ရယူဖို့ရာ မဖြစ်နိုင်ပေ။
မိုဝူကျိက မရနိုင်သည့်အတွက် အတွေးကို ဘေးဖယ်ထားလိုက်တော့သည် 
“  ကျုပ် အားပါတယ်။ ဒီလိုဆိုမှတော့ ဂျုနီယာညီမ မူချင်ကိုပဲ လမ်းညွှန်ခိုင်းရတော့မှာပဲ ”
စူးခရာအင်မော်တယ် ဥယျာဉ်အတွင်းရှိ လူတိုင်းက ဧကရာဇ်တာအိုအသီးကို စိုက်ကြည့်နေကြသည်။ မိုဝူကျိ၏ အမုန်းတီးဆုံးရန်သူတော် တချို့မှ လွဲ၍ မိုဝူကျိ ထွက်သွားသည်ကို မည်သူမှ သတိမပြုမိလိုက်ချေ။
ကျင်းယူလည်း မိုဝူကျိ ထွက်သွားသည်ကို မြင်လိုက်ရသော်လည်း သူက အရေးစိုက်မနေပေ။
………………
စူးခရာအင်မော်တယ် တည်းခိုဆောင်မှာ စူးခရာအင်မော်တယ် မြို့ဟောင်းအတွင်းရှိ ဇိမ်အရှိဆုံး တည်းခိုဆောင်တစ်ခု ဖြစ်ပေသည်။ သူတို့ ရောက်လာသည့်အခါ ရှန်းမူချင်က မိုဝူကျိတို့အား အကောင်းဆုံးအခန်းဆီ ခေါ်ဆောင်သွားလေ၏။
မိုဝူကျိက ဖင်းဖန်ဂိုဏ်းချုပ် ဖြစ်သော်လည်း  သူနှင့် ဝေကျီတောက်တို့မှာ စူးခရာအင်မော်တယ် မြို့ဟောင်းဆီ ရောက်လာကတည်းက နေစရာ မရှာနိုင်ခဲ့ပေ။ တစ်ဖက်တွင် ရှန်းမူချင်၏ ဘိုးဘေးက သူတို့ထက် စောရောက်ဟန် မပေါ်သော်လည်း  အကောင်းဆုံး တည်းခိုဆောင်ရှိ အကောင်းဆုံး အခန်းတွင် နေထိုင်နိုင်နေပေသည်။
ထိုသည်မှာ ဂိုဏ်းများကြားမှ ခြားနားမှု ဖြစ်၏။ သို့သော်လည်း ဖင်းဖန်က မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးပစ်လိုက်သည့်အကြောင်း ပြန့်နှံ့သွားပါက မိုဝူကျိက နေစရာ ရှာဖို့ရာ ပူပင်စရာ မလိုတော့ပေ။
“ တည်ထောင်သူ အရှင်မ ….  အစ်ကိုကြီးမို ရောက်လာပါပြီ …” ရှန်းမူချင်က တံခါးဝ၌ ရိုရိုကျိုးကျိုး ပြောလိုက်သည်။
မိုဝူကျိက အခန်းအတွင်း၌ လူနှစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူ့လက်ယာဘက်၌ ငယ်ရွယ်ဟန် ပေါ်သည့် အမျိုးသမီး တစ်ဦး ရှိနေပြီး သူမရုပ်ရည်မှာ သာမာန် ဖြစ်သော်လည်း စိတ်ကူးယဉ်ဆန်သည့် ခံစားချက်ကို ပေးစွမ်းလေ၏။ မိုဝူကျိက ထိုမိန်းကလေးမှာ ရှန်းမူချင်၏ ဘိုးဘေးဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။
ဘေးတွင် အားကောင်းကောင်း ထောင်ထောင်မောင်းမောင်း အမျိုးသား တစ်ဦး ရှိနေပြီး သူ့ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ ဖြူဆွတ်နေလေ၏။ သူ့မျက်ဝန်းများက စူးရှလှပြီး တာအိုအရှိန်အဝါမှာလည်း အားကောင်းလှသည်။ မိုဝူကျိပင် မျက်လုံးစင်းကာ ကြည့်လိုက်မိသည်။ ထိုသူသည် ဝေကျီတောက်ထက်ပင် အားကောင်းနေသေး၏။
ရှန်းမူချင်က ဆံဖြူလူကြီးကို သိဟန် မပေါ်ပေ။ သူမက ထိုလူကြီး၏ အင်အားကို မဝေခွဲနိုင်သောကြောင့် နှုတ်ဆက်ပြီးသည့်အခါတွင် ဘေးတွင်သာ ရပ်နေလိုက်သည်။
ထိုမိန်းကလေးက မိုဝူကျိတို့ကို ကြည့်ကာ ပြုံးလိုက်ရင်း  “ ဆေးလုံး ဧကရာဇ်မိုရဲ့ ကျော်ဇောလှတဲ့ နာမည်ကို ကြားဖူးနေတာ ကြာလှပါပြီ။ ဒီနေ့မှ လူချင်းတွေ့မှပဲ ကြားထားတဲ့ ဂုဏ်သတင်းတွေအတိုင်း ဟုတ်နေတာကိုး … ”
မိုဝူကျိ၏ အရှိန်အဝါမှာ မပီပြင်သောကြောင့် ကျင်းယူပင် မိုဝူကျိ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို မပြောနိုင်ပေ။ သို့သော်လည်း မိုဝူကျိက ထိုမိန်းကလေးမှာ သူ့ကျင့်ကြံဆင့်ကို မြင်နေရမှန်း သိလိုက်ရ၍ အတော်လေး တုန်လှုပ်အံ့ဩမိသွားသည်။
မိုဝူကျိက ဘာမှမပြောနိုင်ခင် မိန်းကလေးက ဝေကျီတောက်ဘက် လှည့်ကာ ပြုံးပြလိုက်သည် “ ဒါက နာမည်ကျော်ကြားလှတဲ့ နယ်လှည့် ဧကရာဇ် ဝေကျီတောက်ပဲ ဖြစ်ရမယ်။ အားလုံး ထိုင်ကြပါ …. ”
ဝေကျီတောက်ကလည်း မြန်မြန် ပြန်၍ နှုတ်ဆက်လိုက်သည်  “ ကျီတောက်က မိန်းကလေး ဝမ်လန်ကို ဂါရဝပြုပါတယ် ”
ဝေကျီတောက်က ဆံဖြူ လူကြီးကို မှတ်မိသော်လည်း တစ်ဖက်လူက ဘာမှမပြောသောကြောင့် သူလည်း နှုတ်ဆက်မနေတော့ပေ။
ဤလူ၏ အဆင့်အတန်းမှာ သူ့ထက် မြင့်နေတော့လည်း ဘာအရေးလဲ … သူလည်း မဟာဧကရာဇ် တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
တစ်ဖက်တွင် အင်မော်တယ် ဧကရီ ဝမ်လန်က မရိုးရှင်းပေ။ အကယ်၍ သေချာတွက်ချက်ကြည့်လျှင် သူမက ဝေကျီတောက်၏ ဝါစဉ်ကြီး စီနီယာပင် ဖြစ်နေဦးမည်။ ဝေကျီတောက်က ဧကရာဇ်တာအိုကို နားလည် သတိမပြုမိခင် သူမက ရေတံခွန် အင်မော်တယ်ဂိုဏ်းကို တည်ထောင်ပြီးလေပြီ။
“ မိုဝူကျိက စီနီယာဝမ်လန်ကို ဂါရဝပြုပါတယ် ” မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
အင်မော်တယ် ဧကရီ၏ ဂုဏ်သတင်းမှာ နားထဲ ရောက်လာသည့် မိုးခြိမ်းသံလို ဖြစ်၏။ လူတစ်ယောက်က ရေတံခွန်မှ တာအိုအသိဉာဏ်ပွင့်လာလေရာ သူမ၏ ပါရမီနှင့် အမြင်တို့က မည်မျှပင် စူးရှနေလိုက်မည်နည်း။ ထို့အပြင် သူမက စီနီယာတစ်ဦး ဖြစ်သော်လည်း သူ့အား ရပ်ကာ နှုတ်ဆက်သေး၏။ သူ့ဘက်မှလည်း မလေးမစား ပြုမူ၍ မဖြစ်ပေ။
ဆံဖြူ လူကြီးကိုတော့ မိုဝူကျိက အားကောင်းကြောင်း ပြောနိုင်သော်လည်း  ထိုသို့ ရိုင်းစိုင်းသည့် သူကို အာရုံမထားတော့ပေ။
မိုဝူကျိဘေးမှ ထန်းနီနီလည်း မြန်မြန် နှုတ်ဆက်လိုက်သည်  “ ထန်းနီနီက စီနီယာဝမ်လန်ကို ဂါရဝပြုပါတယ် … ”
မိုဝူကျိနှင့် ဝေကျီတောက်တို့က ဆံဖြူလူကြီးကို မနှုတ်ဆက်သည့်အတွက် သူမလည်း ထိုအတိုင်းသာ ပြုမူလိုက်သည်။
အင်မော်တယ် ဧကရီ ဝမ်လန်က ရယ်မောလိုက်၏။ မိုဝူကျိတို့ကို ထိုင်ခိုင်းပြီးနောက် ပြောလိုက်သည်
“ အရင်ဆုံး မိတ်ဆက်ပေးပါရစေ … သူက မဟာဗောဓိ အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်ဧကရာဇ် စစ်ကျိုက်ပါ … ”
အင်မော်တယ် ဧကရီ ဝမ်လန်၏ မိတ်ဆက်ပေးမှုကို ကြားပြီး ကောင်းကင်ဧကရာဇ် ကျစ်ကျိုက်က အွန်းတစ်လုံးနှင့်သာ တုံ့ပြန်လိုက်လေသည်။
မိုဝူကျိက မဟာဗောဓိ အင်မော်တယ်နယ်မြေ၏ ကောင်းကင် ဧကရာဇ်အကြောင်း ကြားဖူးလေ၏။ စူးခရာအင်မော်တယ် မြို့ဟောင်းမှာလည်း  မဟာဗောဓိ အင်မော်တယ်နယ်မြေ၏ တစိတ်တပိုင်း ဖြစ်ခဲ့ဖူးသော်လည်း ဤကောင်းကင်ဧကရာဇ် စစ်ကျိုက်က သူ့ကျင့်ကြံရေးကိုသာ စိတ်ဝင်စားပြီး ကိစ္စရပ်များ ဖြေရှင်းရသည်ကို လုံးဝ စိတ်မဝင်စားပေ။ ထို့ကြောင့် စူးခရာအင်မော်တယ်မြို့ဟောင်းမှာ  သီးခြားအင်မော်တယ်မြို့တစ်ခု ဖြစ်လာခြင်း ဖြစ်၏။
သူက ဂရုစိုက်လျှင် လုံလောက်ပြီ ဖြစ်ရာ မိုဝူကျိက အရမ်းသိသိသာသာ သတိထားခြင်း မလုပ်ပေ။ သူက မဟာဧကရာဇ်များစွာနှင့် တွေ့ဖူးလေ၏။ အဆင့်အတန်းနှင့် ပတ်သတ်လာလျှင် သူက ဖင်းဖန်ဂိုဏ်းချုပ် ဖြစ်သည့်အပြင် အဆင့် ၈ ဆေးလုံးဧကရာဇ်တစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူ့အဆင့်အတန်းမှာ ကောင်းကင်ဧကရာဇ် စစ်ကျိုက်ထက် မနိမ့်ကျပေ။
“ ဆေးလုံးဧကရာဇ်မို … တကယ်တော့  ငါရော ကောင်းကင်ဧကရာဇ် စစ်ကျိုက်ရော စူးခရာအင်မော်တယ်ဥယျာဉ်ထဲမှာ ရှိခဲ့ကြပါတယ် … ”
မိုဝူကျိ စိတ်နှလုံးသားပင် အေးခဲသွားလေ၏။ သူက စူးခရာအင်မော်တယ်ဥယျာဉ်ထဲ ရှိနေခဲ့သော်လည်း ဤလူနှစ်ယောက်အား လုံးဝ သတိမပြုမိလိုက်ပေ။ ထိုထိပ်တန်းကျင့်ကြံသူများတွင်လည်း ကိုယ်ပိုင်နည်းလမ်းများ ရှိသည်မှာ သိသာလှသည်။ သူတို့သာ အလိုမရှိပါက မည်သူကမှ သူတို့အား သတိပြုမိမည် မဟုတ်ပေ။
“ မင်းကို စူးခရာအင်မော်တယ် ဥယျာဉ်မှာ တွေ့လိုက်လို့ မူချင်းကတဆင့် ခေါ်ခိုင်းလိုက်တာပါ …” အင်မော်တယ် ဧကရီ ဝမ်လန်က နွေးနွေးထွေးထွေး ပြောလိုက်သည်။
“ စီနီယာ ပြောပါခင်ဗျ …” မိုဝူကျိက အင်မော်တယ် ဧကရီ ဝမ်လန်လို လူသိများသော သူက သူ့အား ချီးကျူးရန်သပ်သပ်ဖြင့် ခေါ်ခိုင်းနေမည် မဟုတ်ကြောင်း ရိပ်မိလေ၏။
အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိ၏ တည့်တိုးဆန်မှုကို အလွန်သဘောကျသွားသည်။ သူမက ဆက်၍ ပြောလိုက်သည်
“ မင်းရဲ့ ကျင့်ကြံရေးနဲ့ ပါရမီကို အာရုံခံဖို့ ကြိုးစားကြည့်ခဲ့တယ်။ ငါ့ကို အံ့ဩစေတာက မင်းရဲ့ အမွေအနှစ် ဘယ်က ရောက်လာတာလဲဆိုတာ ရှာဖို့ နည်းလမ်း မတွေ့ခဲ့ဘူး။ ပြီးတော့ ငါ မင်းရဲ့ ပါရမီကိုလည်း အာရုံခံလို့ မရဘူး …. ”
မိုဝူကျိ စိတ်ထဲ တုန်ယင်သွားမိ၏။ ဝမ်လန်က သူ့ပါရမီနှင့် ကျင့်ကြံရေး အမွေအနှစ်တွေကို လေ့လာနေသော်လည်း သူက တစ်ခုမှ မခံစားမိပေ။ အကယ်၍ ဝမ်လန်သာ သူ့အား တိုက်ခိုက်လိုလျှင် သူ့အနေနှင့် ခုခံဖို့ နည်းလမ်းပင် ရှိမည် မဟုတ်ချေ။
မိုဝူကျိက ထိုအတွေးဖြင့် စိတ်ထဲ အေးစက်သွားလေ၏။ သူက ထိပ်တန်း အင်မော်တယ်ဘုရင်အဆင့် တစ်ယောက် ဖြစ်ရာ ဝမ်လန်နှင့် ခြားနားချက်ကား မည်သို့ အကြီးကြီး ကွာခြားနေရသနည်း။

လူသားသစ္စာ (701-900)Where stories live. Discover now