အခန်း (860)

721 141 1
                                    

အခန်း (၈၆၀) :  ထပ်ပြီးညှာတာမနေတော့ဘူး

“ အင်မော်တယ် ရောင်းရင်းတို့… ကျုပ်က အထက်ဘုံကို အလွတ်မပေးပါဘူး။ ဒါပေမဲ့ အဲ့ဒီ့မတိုင်ခင် ကျုပ် ကျုပ်ရဲ့ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို ပြန်သွားရဦးမယ်။
သူတို့တွေက ဘယ်သူတွေပဲ ဖြစ်နေနေ ကျုပ် ဖင်းဖန်အင်မော်တယ်ကျောင်းက အပြစ်မဲ့တဲ့သူတွေကို သတ်ရဲတဲ့သူတိုင်း တန်ကြေးပြန်ပေးရလိမ့်မယ် ” မိုဝူကျိက ဆက်မပြောတော့ပေ။
သူက စကြဝဠာအစွန်း၌ နတ်ဘုရားမျိုးနွယ်စုများကို ရှင်းပစ်ပြီး လူသားမျိုးနွယ်မှာ အခွင့်အရေး ပြန်ရနေပြီဖြစ်ကြောင်း ထည့်မပြောခဲ့ပေ။
“ ဂိုဏ်းချုပ်မို… အထက်ဘုံနဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဦးဆောင်မှုအောက်မှာ အဆင့်မြင့်ပါရမီရှင် တော်တော်များများက စုစည်းပြီး ဖင်းဖန်ကို တိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒီနေရာကို အခု အဝင်အထွက် ကန့်သတ်ထားတယ် ”
လူအုပ်ထဲမှ တစ်ယောက်က ဖင်းဖန်၏ ယခုလက်ရှိ အခြေအနေကို ရှင်းပြလိုက်သည်။ လက်တွေ့၌ မည်သူကမျှ အခြေအနေ အတိအကျကို မသိကြပေ။
ထိုသတင်းများမှာ ကောလဟာလများကို အခြေခံထားခြင်းသာ ဖြစ်၏  “ ဂိုဏ်းချုပ်မို… ကျုပ်တို့  လိုက်ဖို့ ဆန္ဒရှိပါတယ် ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်၏။
“ ကျုပ် ဖင်းဖန်အင်မော်တယ်ကျောင်းကို တိုက်တဲ့ အထဲမှာ တင်းပိုအင်မော်တယ်မြို့ထဲက လူတွေ ပါနေတယ်။ အားလုံးက သူတို့ရဲ့ နာမည်တွေကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“ကျုပ် သိတယ်။ မာကန်ရွမ်၊ တိယီ …”
“ ပြီးတော့ ဝမ်မီရဲ့တပည့်တွေလည်း ပါသေးတယ် ”
အချိန်တိုလေးအတွင်း နာမည်တစ်ရာကျော်လောက်က ထွက်လာလေ၏။
မိုဝူကျိက စိတ်စွမ်းအားနှင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မြို့စားအိမ်တော်ပိုင်နက်အတွင်း လူတစ်ရာကျော် ရှိနေကြောင်း သတိပြုမိလိုက်သည်။ သူက ဖင်းဖန်တွင် အန္တရာယ်ရှိနေမည်ကို စိုးရိမ်မိ၍ အင်မော်တယ် သဘာဝစွမ်းအား ဧရာမလက်ဝါး တစ်ချက်ဖြင့်သာ နှိမ်နင်းပစ်လိုက်သည်။
မြို့စားအိမ်တော် တစ်ခုလုံးမှာ အမှုန့်ဖြစ်သွားလေပြီ။
“ အင်မော်တယ်ရောင်းရင်း ချန်း… တင်းပိုအင်မော်တယ်မြို့မှာ အခု မြို့စားမရှိတော့ဘူးဆိုတော့ မြို့ကို ယာယီထိန်းချုပ်ထားပေးဖို့ အင်မော်တယ်ရောင်းရင်း ချန်းစန်ကို ဒုက္ခပေးရတော့မှာပဲ ” မိုဝူကျိက သူထွက်မသွားခင် ပြောလိုက်သည်။
ချန်းစန်က လေးလေးနက်နက် ပြောလိုက်သည် “ ဂိုဏ်းချုပ်မို… စိတ်ချနေပါ။ ကျုပ်က ဂိုဏ်းချုပ်မိုနဲ့အတူ ဖင်းဖန်ကျောင်းတော်ဆီ လိုက်ခဲ့မယ်။ ကျုပ် ချန်းစန်က အားမကောင်းပေမဲ့ အကူအညီတစ်ချို့တော့ ရမှာပါ ”
“ ကျုပ်တို့လည်း လိုက်ခဲ့ချင်ပါတယ်။ အထက်ဘုံက အရှက်မဲ့တဲ့သူတွေကို ကူပြီး သတ်ပေးချင်ပါတယ် ” လူတချို့က အော်ဟစ်လိုက်သည်။
မိုဝူကျိက ပြန်ပြောလိုက်လေ၏။
“ ကျုပ် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ ဒါပေမဲ့ ကျုပ် အဲ့ဒါပြီးသွားရင် အထက်ဘုံကို သွားရင်ဆိုင်မှာဆိုတော့ အားလုံး အတူတူ ပါဝင်ဖို့ ကြိုဆိုပါတယ် ”
“ ဒီလိုဆိုမှတော့ ကျုပ် ဒီမှာနေပြီး စုစည်းထားလိုက်ပါ့မယ်။ နောင်ကျရင် ဂိုဏ်းချုပ်မို အထက်ဘုံသွားတဲ့အခါ ကျုပ်တို့လည်း သေချာပေါက် လိုက်ခဲ့မယ် ”
ချန်းစန်က တဲ့တိုးပြောလိုက်သည်။  မိုဝူကျိသည် အပိုပြောနေခြင်း မဟုတ်ကြောင်း ချန်းစန်က သိပေသည်။ မိုဝူကျိ၏ အင်အားဖြင့် ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို လူများစွာ ဝိုင်းရံထားလျှင်ပင် မလုံလောက်သေးကြောင်း သိပေသည်။
“ အစ်ကိုချူ… ဒီမိတ်ဆွေတွေက ဘယ်လိုဖြစ်တာလဲ ”
မိုဝူကျိက ချူယန်ဘက်ကို လှည့်၍ မေးလိုက်သည်။ ချူယန်က လက်နှစ်ဖက် ယှက်ကာ
“ သူတို့တွေက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က လူတွေပါ။ ကျုပ်တို့က ညီလေးမိုအတွက် ပြောပေးတော့ ဒီမြို့စားအိမ်တော်က လူတွေဆီမှာ အဖမ်းခံလိုက်ရတာပါ။ ဝမ်မီက ကျုပ်တို့ကို ဒီမြို့နံရံမှာ သံစိုက်ထားတာပဲ။  ဝမ်မီက ကျုပ်ကို ညှင်းပန်းနှိပ်စက်နေတာကြောင့်သာ မဟုတ်ရင် ကျုပ် သေသွားတာ ကြာလောက်ပြီ။ ဒီသုံးယောက်လုံးက အကြောင်းပြချက်မရှိဘဲ သေဆုံးခဲ့ရတာ။ ကျုပ် သူတို့ကို ဆွဲသွင်းမိခဲ့တယ် ”
ချူယန် ပြောသည့်အတိုင်း သူတို့လေးယောက်ထဲတွင် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်သူ ဖြစ်၏။ ထိုသုံးယောက်လုံးမှာ လူဟုပင် ခေါ်၍မရတော့ပေ။ ပို၍ အတိအကျပြောရလျှင် သစ်သားခြောက်များ ဖြစ်နေလေပြီ။ အရိုးများမှာ ခြောက်သွေ့နေပြီး ခန္ဓာကိုယ်၌ အသားပင် မကျန်ရှိတော့ချေ။  မိုဝူကျိက ထိုအလောင်းများကို ကြည့်ကာ သူ့စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်တော့သည်။
သူက ထိုလူများကို အမှန်တကယ် မသိပေ။ ထိုလူများက သူ့ကြောင့် အသက်ရှင်ကျန်ပြီး အင်မော်တယ်လောကသို့ ရောက်ရှိလာသည်ဟု ဆိုရပေမည်။ ထိုလူများက အင်မော်တယ်လောကသို့ ရောက်လာသည့်အခါမှာ ဝမ်မီကဲ့သို့ လူတစ်ယောက်၏ စကားတစ်ခွန်းဖြင့် အသတ်ခံကြရမည်ဟု ထင်ထားမည် မဟုတ်ပေ။
အကယ်၍ မိုဝူကျိသာ ဤကိစ္စကို ယခင်ကတည်းက သိခဲ့မည်ဆိုလျှင် ဝမ်မီအား လွယ်လွယ်ကူကူ သေခွင့်ပြုမည် မဟုတ်ပေ။
“ အခု ကျုပ်နဲ့အတူ ဖင်းဖန်ကို ပြန်လိုက်ချင်လား ”
မိုဝူကျိက ချူယန်အား ဖိတ်ကြားလိုက်သည်။ သို့သော်လည်း သူက ချူယန်၏ မာနကို ကောင်းကောင်းသိပေသည်။ ချူယန်သည် သေချာပေါက် သူ့နောက်ကို လိုက်မည်မဟုတ်ပေ။ ချူယန်က ပြန်ပြောလိုက်လေ၏။
“ ကျုပ် ဖင်းဖန်ကျောင်းတော်ကို လိုက်ရင် ကျုပ်ရဲ့လမ်းကြောင်းက ဖြောင့်ဖြူးမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျုပ်က အင်မော်တယ်လောကမှာ ကျုပ်ရဲ့ဓားဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ကျိန်ဆိုထားတယ်။ အဲ့ဒါကြောင့် ညီလေးမိုနောက်ကို မလိုက်နိုင်ဘူး ”
“ အဲ့လိုဆို အစ်ကိုချူ…ကိုယ့်ဘာကိုယ် ဂရုစိုက်နေပါ။ ဒီအလောင်းတွေကို သဂြိုဟ် ဖို့ရာ အစ်ကို့ဆီပဲ အပ်ခဲ့မယ်နော် ”
မိုဝူကျိက လက်နှစ်ဖက် ယှက်ရင်း ပြောလိုက်ပြီးနောက် ထိုအလောင်းသုံးလောင်းဘက်ကို လှည့်ကာ ဂါရဝပြုလိုက်သည်။ ထို့နောက် သူက ယာဉ်ပျံကို ထုတ်ကာ
ယန်လီ၊ ရွိုက်ကော၊ တာ့ဟွမ်နှင့် မိုချင်းချယ်တို့ကို ခေါ်ကာ ထွက်ခွာသွားလေ၏။ သူက ချူယန်အား သိုလှောင်လက်စွပ်ကို တိုက်ရိုက်မပေးခဲ့ပေ။
သူ ထွက်သွားသည့်အချိန်တွင် ချူယန်၏လက်ပေါ်၌ လက်စွပ် ဝတ်ပေးခဲ့ခြင်း ဖြစ်သည်။ ချူယန် စိတ်အေးသွားသည့် အချိန်မှ လက်စွပ်ကို သတိပြုမိပေလိမ့်မည်။
“ ကောင်းတယ်။ ငါတို့လည်း ဖင်းဖန်အင်မော်တယ်ကျောင်းကို သွားကြစို့။ ဖင်းဖန် အင်မော်တယ်ကျောင်းက ထွက်လာတဲ့အခါ ငါတို့လည်း ဂိုဏ်းချုပ်မိုရဲ့ နောက်ကို လိုက်ပြီး အထက်ဘုံကို ရှင်းပစ်ကြမယ် ”
မိုဝူကျိ ထွက်သွားသည်နှင့် တစ်ယောက်က အော်ပြောလိုက်သည်။
“ ကောင်းပြီ။ အထက်ဘုံက ငါတို့ အင်မော်တယ်လောက အပေါ်လုပ်ထားတဲ့ မကောင်းမှုတွေ အကုန်လုံးကို ဖြန့်ပစ်ရမယ်။ လူတိုင်းကို မျက်စိပွင့် နားပွင့် ဖြစ်ပြီးတော့ အထက်ဘုံရဲ့ သရုပ်မှန်ကို သိစေရမယ် ”
………………………
ဖင်းဖန်အင်မော်တယ်ကျောင်း၏ ပတ်ဝန်းကျင်မှာ အမှန်တကယ် ပိတ်လှောင် ကန့်သတ်ခံထားရ၏။ ပိတ်လှောင်ထားသူများမှာ မဟာဧကရာဇ် ငါးယောက်ဖြစ်ပြီး မဟာဓားလမ်းစဉ်ဂိုဏ်း၏ ယီမင်ရှု၊ လျှပ်စီးဂိုဏ်း၏ လိန်ကူယွင်၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်၏ ကျင်းယွီရှန်း တို့ဖြစ်သည်။
ထို့အပြင် အထက်ဘုံ၏ မဟာဧကရာဇ် နှစ်ယောက်မှာ တာအိုဧကရာဇ် ကျီချန်းလော့၏ သစ္စာရှိ လက်အောက်ခံ ဖျင်လီရှန်းနှင့် နောက်တစ်ယောက်မှာ ကျင်းမျိုးနွယ်မှ ကျင်းယူတို့လည်း ပါသေး၏။
ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို အဆုံးအစွန် ပင်လယ်အစွန်း၌ တည်ဆောက်ထားခြင်းဖြစ်ကာ တစ်စိတ်တစ်ဒေသမှာ ပင်လယ်ပေါ်တွင် ရှိနေလေသည်။
ထိုအဆင့်မြင့် ကျင့်ကြံသူများ၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ဖင်းဖန်၏ ဆေးစိုက်ခင်းများ၊ အင်မော်တယ်မြို့များမှာ ဖျက်ဆီးခံထားရပြီ ဖြစ်သည်။
မြောက်များစွာသော အင်မော်တယ်များနှင့် သေမျိုးများမှာ အသတ်ခံထားရသည်။ ထိုသို့ဆိုလျှင်ပင် ဖင်းဖန်က လုံး၀ ပျက်သုဉ်းသွားခြင်း မဟုတ်သေးပေ။ ကောလဟာလများအရ အထက်ဘုံမှ ဖင်းဖန်အင်မော်တယ်ကျောင်းတော်သို့ ပထမဦးဆုံး ကျူးကျော်စဉ် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြတ်သွားလေသည်။
ထိုအဆင့်မြင့် ကျင့်ကြံသူက အထက်ဘုံမှ လူများအားလုံးကို မောင်းထုတ်ပေးခဲ့သည်။ အထက်ဘုံမှ လူများကို မောင်းထုတ်ပြီးနောက် ထိုလူက ဖင်းဖန်၌  ကြာကြာနေမသွားချေ။
သို့သော် ထိုလူ ထွက်မသွားခင် ဖင်းဖန်အား ကာကွယ်ပေးမည့် အဆင့်ကိုးနှင့်အထက်ရှိသော အင်မော်တယ်အစီအရင်ကို ခင်းကျင်းပေးခဲ့၏။ အထက်ဘုံ၏ မဟာဧကရာဇ်များပင် ထိုအစီအရင်အား အတင်းအကြပ် မချိုးဖောက်နိုင်ကြပေ။
သို့သော်လည်း ဖျက်ဆီးခံရသည့် အကြိမ်အရေ များလာသည်နှင့်အမျှ တဖြည်းဖြည်း ယိုယွင်းလာလေသည်။ ဤကာကွယ်ရေးအစီအရင်ပေါ် နှစ်များစွာ တိုက်ခိုက်ပြီးနောက် ဖင်းဖန်မှာ ချောင်ပိတ်မိနေသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ ဤအစီအရင်သာ ပြိုပျက်သွားပါက မည်သို့ဖြစ်မည်ကို မှန်းဆ၍ ရပေသည်။
မိုဝူကျိက ဖင်းဖန်အင်မော်တယ် ကျောင်းအပြင်ဘက်ရှေ့ ရပ်ကာ ကြည့်လိုက်သည်။ သူ ကြားထားသည့်အတိုင်း ဖင်းဖန်အင်မော်တယ်၏ ပိုင်နက်မှာ ပိတ်ဆို့ခံ ထားရသည်။
ထို အစီအရင်များ အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခု ရှိ၏။
“ဖင်းဖန်အင်မော်တယ်ကျောင်းတော်က အင်မော်တယ်လောကရဲ့ အမိန့်တွေကို သွေဖယ်ခဲ့တယ်။ သူတို့ရဲ့ ဂိုဏ်းချုပ် မိုဝူကျိက အားနည်းသူကို အနိုင်ကျင့်ပြီး မောက်မောက်မာမာ ပြုမူခဲ့တယ်။ အထက်ဘုံရဲ့ အမိန့်အရ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို ဖျက်ဆီးပစ်ရမယ်။ သက်ရှိအားလုံးကို ရှင်းပစ်ရမယ် …..”
ထိုဆိုင်းဘုတ်၏အောက်တွင် မြောက်များစွာသော ဂိုဏ်းကြီးများ၏ အမှတ်အသားများ ရေးထိုးထားသည်ကို တွေ့ရသည်။ အသိသာဆုံး ဂိုဏ်းများမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်း၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်၊ ပုံရိပ်ယောင်တာအိုနှင့် အင်မော်တယ် စကြဝဠာဓားဂိုဏ်းတို့ ဖြစ်ကြသည်။
မိုဝူကျိအား နားမလည်စေသည်က သူ့အနေနှင့် ဆေးလုံးတာအို အင်မော်တယ်မဟာမိတ် အဖွဲ့အစည်းအား မတွေ့ပေ။ ထို့အပြင် လွန်ချိုက်၏ အနှောင်အဖွဲ့ကင်း နန်းတော်ကိုလည်း မတွေ့ပေ။ သဘောတရားအရဆိုရမည်ဆိုလျှင် လွန်ချိုက်က သူ့အား အသတ်ချင်ဆုံးသူ ဖြစ်ပေလိမ့်မည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအတားအဆီးများကို စစ်ဆေးကြည့်လိုက်သည့်အခါ ဖင်းဖန်ကျောင်းတော်၏ အစွန်းအဖျားမှာ ကျတ်တီးနယ်မြေ ဖြစ်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ချန်းစန်ပြောသည့်အတိုင်း ဖင်းဖန်အင်မော်တယ်ကျောင်းမှာ တော်တော်လေး ပျက်စီးနေလေပြီ။ သို့သော် မိုဝူကျိက မျက်စိရှေ့မှောက် မြင်လိုက်သည့်အခါ ဖင်းဖန်အင်မော်တယ်ကျောင်းတော်မှာ အဆုံးအစွန်ပင်လယ် အတွင်းသို့ နောက်ခံခံရသည့်အထိ  ဖိအားပေးခံထားရကြောင်း သိလိုက်ရသည်။
မိုဝူကျိက ဖင်းဖန် ရပ်တည်နေနိုင်သေးသည့် အကြောင်းအရင်းကိုလည်း မြင်ပေသည်။ တစ်စုံတစ်ယောက်က ဖင်းဖန်ပတ်လည်၌ ထိပ်တန်း အစီအရင်တစ်ခုကို ခင်းကျင်းပေးသွားသည်။ ဤအစီအရင်မှာ သူပင် မခင်းကျင်းနိုင်သည့် အစီအရင်မျိုး ဖြစ်၏။ သူက ထိုမှတဆင့် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၏ အရိပ်အယောင်တချို့ကို ခံစားမိနေသည်။
မိုဝူကျိက အစီအရင်ကို တိုက်ခိုက်နေသူများအား မြင်မိသောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ ယခု သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်မှာ ယခင် နတ်ဘုရားမျိုးနွယ်နှင့် ရင်ဆိုင်စဉ်ကထက်ပင် ပို၍ ကြီးမားပေသည်။
မိုဝူကျိ၏ ဘေးတွင် ရပ်နေသော ရွိုက်ကောနှင့် တာ့ဟွမ်တို့ပင် မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို ခံစားမိကြ၏။ မိုဝူကျိက လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်က လက်ထဲ ပေါ်လာသည်။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်ဆုံး သုံးခဲ့သည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်း မသိတော့ချေ။
ဤအခိုက်အတန့်၌ လခြမ်းကွေး ပုဆိန်လှံရှည်ကသာ သူ၏ သတ်ဖြတ်လိုစိတ်နှင့် ဒေါသတရားများကို ပြသနိုင်ပေလိမ့်မည်။
“ဝုန်း”
သူ၏ လခြမ်းကွေး ပုဆိန်လှံရှည်မှ ဧရာမ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ ထွက်ပေါ်လာသည်နှင့် အစီအရင်၏ ပင်မ ဗဟိုချက်အား ထိမှန်သွားလေသည်။ မဟာဧကရာဇ်ငါးယောက် ခင်းကျင်းထားသည့် အစီအရင်မှာ ထိုအလင်းတစ်ချက်အောက်တွင် အမှုန့် ဖြစ်သွားပေသည်။
“ ဘယ်သူက အစီအရင်ကို တိုက်ရဲတာလဲ ”
အင်မော်တယ်ဧကရာဇ် အစောပိုင်း ကျင့်ကြံသူတစ်ယောက်က အလောတကြီး အော်ဟစ်လိုက်သည်။ သူက သူ့ကိုယ်သူ ကိုယ်ထင်ပြ မထွက်ပေါ်လာခင် အလင်းတန်းတစ်ချက် မိုဝူကျိဆီသို့ ပစ်လွတ်လိုက်သည်။
မိုဝူကျိက မျက်တောင်ပင် မခတ်ပေ။ သူ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်နှင့် ထိုအလင်းချက်မှာ ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို အသာဝှေ့ရမ်းလိုက်သည်။ ဤအင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူမှာ စကားပြောဆိုခွင့်ပင် မရလိုက်ဘဲ ချက်ချင်း နှစ်ပိုင်း ပြတ်သွားလေသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ကွဲကြေသွားလေသည်။ ဖင်းဖန်အား ဝန်းရံထားသောသူများမှာ လူထောင်ချီ ရှိပေရာ အနိမ့်ဆုံးကျင့်ကြံသူသည်ပင် မဟာလော့ရှန်းအဆင့် ဖြစ်ပေသည်။
မိုဝူကျိက အင်မော်တယ်ဧကရာဇ် ခုနစ်ယောက်ထဲ၌ လေးယောက်မှာ မဟာဧကရာဇ်များ ဖြစ်ကြောင်းသိလိုက်သည်။
မိုဝူကျိက အင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူအား သတ်လိုက်သည်ကို တွေ့သောအခါ တိုက်ခိုက်သူများက တုန့်ဆိုင်းကြသွားသည်။ သူတို့က အစီအရင်ပေါ် တိုက်ခိုက်မှုအား ရပ်ဆိုင်းကာ မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
“ ဒီဧကရာဇ်က အထက်ဘုံရဲ့ ဖျင်လီရှန်းပဲ။ မင်းက ဘယ်သူလဲ … ဘာလို့ ငါတို့ အထက်ဘုံရဲ့ အစီအရင်ကို ဖျက်ဆီးပစ်ရတာလဲ။ မင်းက အင်မော်တယ်လောက တစ်ခုလုံးရဲ့ ရန်သူဖြစ်ချင်နေတာလား ” အေးစက်စက် အသံတစ်ခု ပျံ့လွင့်လာသည်။
မိုဝူကျိက ပြန်၍ပင် မဖြေပေ။ လခြမ်းကွေး ပုဆိန်လှံရှည်မှ အလင်းတန်းမြောက်များစွာ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများက မဟာသဲကန္တာရ အဖြစ် ပြောင်းလဲသွားပေသည်။
ထိုမဟာသဲကန္တာရ အတွင်း မည်သည့်သက်ရှိမှ အသက်ရှင်သန်နိုင်စွမ်း မရှိပေ။ မဟာသဲကန္တာရ ထွက်ပေါ်လာသည့်နှင့် ကောင်းကင်မှ ငွေရောင်မြစ် သုံးစင်းကလည်း ဆင်းသက်လာသည်။ ငွေရောင်မြစ်များမှာ ခန်းနားကြီးကျယ်ပြီး သတ်ဖြတ်ငွေ့များနှင့် တောက်ပနေသည်။
မိုဝူကျိက သူ့အသိစိတ်ပင်လယ်ကို လေ့ကျင့်ပြီးနောက် သူ့လေဟုန်ဆန်မြစ်မှာ ပို၍အားကောင်းလာပေသည်။ မိုဝူကျိသာ မည်သူ့ကိုမျှ မလွတ်မြောက်စေလိုလျှင် သူ့လေဟုန်ဆန်မြစ် ငါးစင်းလုံးကို ဆင်းသက်စေပေလိမ့်မည်။
“ ဒီလူက မိုဝူကျိပဲ။ အားလုံး တူတူတိုက်ကြ ” လိန်ကူယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ မိုဝူကျိက သူတို့အား တိုက်ခိုက်ရဲသည့် သတ္တိရှိနေသည်ကို မြင်သောအခါ သူ့စိတ်ထဲ၌ သတ်ဖြတ်ငွေ့များ ကြီးထွားလာသည်။ မိုဝူကျိက သူ့အား သတ်ချင်၏။ သူ လိန်ကူယွင်ကလည်း မိုဝူကျိအား သတ်ချင်ပေသည်။
ထို့ကြောင့် သူက မိုဝူကျိကို မြင်သည်နှင့် ချက်ချင်းဆိုသလို လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ လိန်ကူယွင်ပြီးနောက် အသိဝင်လာသူမှာ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်၏ ကျင်းယွီရှန်း ဖြစ်၏။
ကျင်းယူကလည်း မိုဝူကျိကို မြင်သောအခါ သူက လိန်ကူယွင်နှင့် ကျင်းယွီရှန်းတို့နောက်မှ လိုက်ပါလာလေ၏။ သူက မိုဝူကျိသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း အားလုံးထက် ပို၍သိသည်။ သို့သော် သူက မိုဝူကျိ၏ ပစ္စည်းများကို လုယူနိုင်ရန် အနီးကပ် ရှိနေဖို့လိုပေသည်။ သူတစ်ယောက်တည်းကသာ မိုဝူကျိ၌ အဖိုးမဖြတ်နိုင်သော ရတနာများစွာ ရှိကြောင်း သိထားသည်။
“ဘုန်း ဘုန်း ဘုန်း” သွေးမြူများ မြောက်များစွာ ဖြစ်ပေါ်လာလေ၏။ မိုဝူကျိ၏ ပုဆိန်လှံရှည် တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်ဧကရာဇ်များနှင့် အခြားသော အင်မော်တယ် အုပ်စိုးသူများမှာ မည်သူမျှ အသက်မရှင်နိုင်ကြပေ။
“ဝုန်း ဝုန်း ဝုန်း” ငွေရောင်မြစ်သုံးစင်းက ဆင်းသက်လာသည်။ ထိုမြစ်များအောက်တွင် ရောက်ရှိနေသော အင်မော်တယ်ဧကရာဇ်များမှာ နှစ်ပိုင်း ပြတ်သွားလေ၏။
မိုဝူကျိက အလွယ်တကူ ချေမွနိုင်သော ကျင့်ကြံသူများကို စိတ်ထဲပင် မထားပေ။ ထို့အစား သူက လိန်ကူယွင်အား လက်ညိုးတစ်ချောင်းဖြင့် စောင့်ကြိုလိုက်၏။ မည်သူကမျှ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့် မရှိချေ။ သူက မည်သို့သော ညှာတာမှုမျိုးကိုမျှ ပြသမည် မဟုတ်ပေ။
ဤလက်ချောင်းအောက်၌ ကောင်းကင်မှာ အရောင်ပြောင်းလာပြီး တိမ်များမှာလည်း တုန်ခါလာလေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now