အခန်း (722)

764 125 1
                                    

အခန်း  (၇၂၂)  :  ခံစားချက် ကင်းမဲ့နေသော အမျိုးသမီး

“ ကောင်းပြီလေ … ငါ့သမီး လျန်ရှီးက ကျိုးပျက်ကမ္ဘာထဲတော့ ရောက်သွားပြီဆိုတော့ အထက်ဘုံက အရွေးခံရ မခံရက သူမကံတရားပေါ် မူတည်သွားပြီ။ ငါ ဝမ်ဟို့က သေဖို့ရာ လည်ပင်းစင်း စောင့်မဲ့သူ မဟုတ်ဘူး။ ညီလေးတန် ပြောတဲ့အတိုင်း လုပ်မယ်။ ငါတို့တွေ ရေသဘာဝ ယင်အင်မော်တယ်မြို့ကနေ ထွက်ပြေးကြမယ် …” ဝမ်ဟို့က ရုတ်ချည်းဆိုသလို မတ်တတ်ရပ်ကာ သူ့အသံတွင် စိုးရိမ်မှုနှင့် စိတ်ပူပင်များ ကပ်ညှိနေသေး၏။
ကွေ့ဖုန်းယွင်၏ စောင့်ကြည့်မှုအောက်တွင် သူက ထွက်မပြေးရဲပေ။ သူက ယုံရင်အင်မော်တယ်မြို့သို့ သွားလျှင် အသက်ဆုံးရှုံးမည်ကို သိနေသော်လည်း သူက ကွေ့ဖုန်းယွင်အနေနှင့် သူ့ကို မသတ်လောက်ပါဘူးဟု မျှော်လင့်ချက်လေး လက်ကိုင်ထားသေး၏။ အကယ်၍ သူ ထွက်ပြေးသွားလျှင် ကွေ့ဖုန်းယွင်လက်မှ လွတ်မြောက်ဖို့ရာ အင်မော်တယ်ဘုရင် တစ်ယောက်အနေနှင့် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူ့ကို ဖမ်းမိသွားလျှင် သေသည်ထက် ဆိုးသော ကံတရားက စောင့်ကြိုနေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ဤတစ်ချိန်လုံး သူ ထွက်မပြေးရဲခြင်း ဖြစ်၏။
သို့သော် ယခု တန်လျန်က သူ့အား သတိပေးလိုက်သောအခါ မျှော်လင့်ချက် အမှားကြီး လက်ကိုင်ထားကြောင်း သိလိုက်ရ၏။ အကယ်၍ သူ ထွက်မပြေးလျှင် သူ့အိပ်မက်ဆိုးများက လက်တွေ့ ဖြစ်လာပေတော့မည်။
တန်လျန့်လည်း မတ်တတ်ရပ်လိုက်သည် 
“ အစ်ကိုဝမ်က ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှ‌တော့ ကျုပ်တို့ အစီအစဉ်ကို သေချာဆွဲထားရမယ်။ ရေသဘာဝ ယင်အင်မော်တယ်မြို့ထဲမှာ အင်မော်တယ်ဘုရင် နောက်ပိုင်း အဆင့် သုံးယောက် ရှိတယ်။ ပြီးတော့ တစ်မြို့လုံးကို လွှမ်းခြုံထားတဲ့ သတ်ဖြတ်ရေး အစီအရင်လည်း ရှိသေးတယ်။
သူတို့ကို သတိပေးသလို ဖြစ်သွားပြီးတော့  သူတို့က အစီအရင်ကို အသက်သွင်းလိုက်ရင် ကျုပ်တို့ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေရင်တော့ လွတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျုပ် ရည်ရွယ်ထားတာက  အဲဒီ အင်မော်တယ် ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားပြီးတော့  ….. ”
တန်လျန့်အသံတွင် ရက်စက်သည့် အရိပ်အယောင်တချို့ ပါဝင်နေလေ၏။ သူတို့သာ အင်မော်တယ်ဘုရင် နှစ်ယောက်ကို ရှင်းပစ်နိုင်လျှင် ကိစ္စများက ပို၍ လွယ်ကူသွားပေမည်။
………………
“ ဖယ်စမ်း ” မိုဝူကျိက စုရိုအာနှင့် တုံ့ဟွားလုံတို့ကို မြို့ပျက်ဆီ ခေါ်ဆောင်လာစဉ် ကျင့်ကြံသူ တစ်ဦးက မိုဝူကျိအား လက်သီးဖြင့် ထိုးကာ အနှောင့်အယှက် ဖြစ်နေသည့် မိုဝူကျိကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။
သို့သော် သူ့လက်သီးချက်က မိုဝူကျိအနား ရောက်လာသည့်အခါ မိုဝူကျိ လက်ထဲ ဖမ်းဆုပ်ခံလိုက်ရ၏။ ထို့နောက် မိုဝူကျိက ထိုကျင့်ကြံသူကို ကန်လွှတ်လိုက်ကာ သွေးများ အန်သွာစေသည်။
မည်သူကမှ ထိုအရာကို သတိမပြုမိကြပေ။ ယခု အစီအရင်ကို ချိုးဖျက်နေကြ၍ အားလုံးက မြို့ဟောင်းဆီသို့ အရူးအမူး ချီတက်နေကြရာ အဘယ်ကြောင့်များ အသေးအဖွားကိစ္စကို  သတိပြုမိကြမည်နည်း။
မိုဝူကျိက လော့ကျမ်းစာရွက်၏ အငွေ့အသက်ကို ခံစားမိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ တူညီလှစွာ တခြားသူများကလည်း ထိုအငွေ့အသက်ကို ခံစားမိကြလိမ့်မည်။
ဤမြို့ဟောင်းမှာ တတိယအလွှာတွင် ရှိသော အရာထက် မသေးငယ်ပေ။ သို့သော် လော့ကျမ်းစာရွက် အငွေ့အသက်များက အရမ်းထင်ရှားလွန်းသောကြောင့် အားလုံးနီးပါးက မည်သည့်နေရာသို့ လာရမလဲ သတိထားမိကုန်ကြသည်။
မကြာခင် လူအုပ်ကြီးက တဖန် ဖြစ်ပေါ်လာပြီး ဗိမာန်ရှေ့၌ အားလုံးက ရပ်လိုက်ကြသည်။ ဗိမာန်ကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားပြီး တံခါးအပြင်ဘက်တွင် သက်တမ်းရင့်နေသော စာလုံးများ ရှိနေသည်
“ လော့နတ်ဘုရား ဗိမာန်”
လော့ကျမ်းစာရွက် အငွေ့အသက်မှာ ထိုဗိမာန်အတွင်းမှ စိမ့်ထွက်နေသော်လည်း စိတ်စွမ်းအားများက မထိုးဖောက်နိုင်ကြပေ။
“ လော့ကျမ်းစာရွက်က ဗိမာန်အတွင်းမှာ ရှိနေတယ်။ ကြည့်ရတာ တစ်ရွက်ထက် ပိုတဲ့ပုံပဲ …. ”
“ အကုန်စုတိုက်ရအောင် …. ဒီကာကွယ်ရေး အစီအရင်က အပြင်ဘက်ကဟာနဲ့ ကွာတယ် ”
“ အစီအရင်ကို ဖွင့်ပြီးသွားရင် လော့ကျမ်းစာရွက်ကို ဘယ်လိုခွဲမှာလဲ ”
အားလုံးက ဆွေးနွေးကြရင်း လူအများအပြားသာ စုစည်းလာသော်လည်း မည်သူကမှ အစီအရင်ကို မတိုက်ချင်ကြပေ။
“ အစ်ကိုကြီး အဲလူတွေက အချောင်လိုချင်နေတာပဲ …” ထိုစဉ် တုံ့ဟွားလုံ၏ ဒဏ်ရာများက ပျောက်ကင်းလုနီးပါး ဖြစ်နေလေပြီ။ မိုဝူကျိဘေးတွင် ရှိနေသောကြောင့် စိုးရိမ်မှုများလည်း မရှိတော့ချေ။
သူ့အမြင်၌ သူ့အစ်ကိုကြီး မဖြေရှင်းနိုင်သည့်အရာဟူ၍ မရှိပေ။
မိုဝူကျိက ဘာမှမပြောနိုင်ခင် အေးစက်စက် အသံတစ်သံ ပြန့်လွှင့်လာသည်  “ လမ်းဖယ်စမ်း  ငါတိုက်မယ် ”
လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။ တစ်ယောက်ယောက်က ဗိမာန်အစီအရင်အား တိုက်မည် ဖြစ်ရာ သူတို့က ပျော်ရွင်နေကြသည်။ မည်သူကများ ထိုလူ၏ လမ်းကို တုံးအကာ ပိတ်ထားကြမည်နည်း။
ဗိမာန်ရှေ့သို့ လျှောက်လှမ်းလာသူမှာ လူငယ်လေး တစ်ယောက် ဖြစ်၏။ လူငယ်လေးက ရိုးရှင်းပြီး ရိုးသားဟန် ပေါ်ပေသည်။ သူ့ဆံရှည်ရှည်များကို ထုံးထားပြီး သူ့မျက်ဝန်းများက ကြီးမားကာ မျက်ခုံးများမှာ ထူ၏။ ပုံသဏ္ဍာန်မှာ အရပ်ရှည်ရှည် ခပ်တောင့်တောင့် လူမျိုး ဖြစ်၏။ အားလုံးက တစ်ချက်ကြည့်ရုံဖြင့် ထိုသူမှာ နယ်လှည့်ကျင့်ကြံသူ ဖြစ်ကြောင်း သိလိုက်သည်။
“ ဒီလူက တကယ်ရူးတာပဲ  ပြီးတော့ တုံးအလွန်းတယ်။ လော့နတ်ဘုရား ဗိမာန်ရဲ့ အစီအရင်ကို တိုက်ဖို့ တာဝန်ယူသေးတယ်လား ” တုံ့ဟွားလုံက ခေါင်းခါကာ ပြောလိုက်သည်။
သို့သော်လည်း စုရိုအာက ပြောလိုက်၏  “  ဒီလို ဟုတ်ချင်မှ ဟုတ်မှာ … အပေါ်ယံကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရဘူးလေ”
မိုဝူကျိက လက်ဝှေ့ပြကာ တုံ့ဟွားလုံနှင့် စုရိုအာတို့အား စကားဆက်မပြောရန် တားလိုက်သည်။ လူငယ်လေးက ရှေ့ထွက်ကာ ဗိမာန်၏ အစီအရင်ကို တိုက်ရဲမှတော့ သူက တုံ့ဟွားလုံ ပြောသလို တုံးအသူ တစ်ဦးတော့ မဟုတ်ပေ။
မိုဝူကျိက ထိုလူငယ်လေး ဝန်းကျင်၌ သိပ်သည်းသော အင်မော်တယ် အရှိန်အဝါများကို ခံစားမိနေသည်။ ထိုသူမှ မဟာလော့ရှန်း ထိပ်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ ထို့အပြင် ဤလူငယ်လေးက အစီအရင် ချိုးဖျက်ပြီးသည်နှင့် လော့ကျမ်းစာရွက်အား လုယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေပုံ ရသည်။
ထိုယုံကြည်ချက်ကြောင့် သူက အစီအရင်ကို စတင်ချိုးဖျက်ဖို့ လုပ်ခြင်း ဖြစ်၏။ သူက သေချာပေါက် တုံးအသူ အရူးတစ်ယောက် မဟုတ်ချေ။
“ ဟွားလုံ ၊ ရိုအာ မင်းတို့နှစ်ယောက်လုံး အခု နောက်ဆုတ်တော့ … ငါလည်း သွားပြီးတော့ တိုက်လိုက်ဦးမယ် ” မိုဝူကျိက တုံ့ဆိုင်းမနေတော့ချေ။ လော့ကျမ်းစာရွက်ကဲ့သို့သော ရတနာမျိုးက သူ့မျက်မှောက်ရှေ့ ရှိနေလေရာ အဘယ်ကြောင့်များ လက်လွှတ်ရမည်နည်း။
ထိုအပြာဝတ် လူငယ်လေးက ယုံကြည်ချက် အရမ်းမြင့်မားနေသော်လည်း သူ မိုဝူကျိကလည်း လော့ကျမ်းစာရွက်ကို လုယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။
အပြာဝတ် လူငယ်လေး၏ မှော်ရတနာမှာ ရှေးဟောင်းတံခွန် ဖြစ်သည်။ ရှေးဟောင်းတံခွန် မမြင့်တက်လာခင် လေထုအတွင်း အသံအကျယ်ကြီး ထွက်ပေါ်လာသည်။
တချို့အကျိုးအကြောင်း သိသော ကျင့်ကြံသူတချို့က နောက်ဆုတ်လိုက်ကြသည်။ အများစုက ဤလူငယ်လေးမှာ မရိုးရှင်းကြောင်း ပြောနိုင်လေ၏။
တူညီလှစွာ မိုဝူကျိက ဤလူငယ်လေးမှာ မရိုးရှင်းကြောင်း သိထား၏။ သူက မှော်ရတနာ ထုတ်တော့မည့်ဆဲဆဲတွင် ဗိမာန် အစီအရင်ကား သူ့အလိုလို ပွင့်သွားသည်ကို မြင်လိုက်ရသည်။
လှပကြော့ရှင်းသည့် အမျိုးသမီးတစ်ဦးက လော့နတ်ဘုရား ဗိမာန်ရှေ့ ပေါ်လာသည်။ သူမ၏ တင့်တယ်ကာ ကျက်သရေရှိလွန်းသော အင်မော်တယ်အရှိန်အဝါများကြောင့် သူမမှာ  နတ်သမီးတစ်ပါးလို  ထင်မှတ်ရစေသည်။
မိုဝူကျိက ချက်ချင်း တုန်လှုပ်အံ့ဩသွားလေ၏။ သူက ထိုအမျိုးသမီးကို သိလေသည်။
မိုဝူကျိတင် မကဘဲ အားလုံးလည်း ကြောင်အမ်းနေကြသည်။ ဤနေရာ၌ ထိုအမျိုးသမီး ပေါ်လာလိမ့်မည်ဟု မည်သူကမှ မထင်ထားကြပေ။ သူမက ရှေးဟောင်းဗိမာန်အတွင်း ရှိနေပြီးသား ဖြစ်နေသည်။ ပြောရမည်ဆိုလျှင် ထိုအမျိုးသမီးက ကျိုးပျက်ကမ္ဘာ‌ လေးလွှာမြောက် မဖွင့်ရသေးခင်ကတည်းက ထိုဗိမာန်ထဲ ရောက်နေခြင်းသာ ဖြစ်၏။
ထိုဝတ်ရုံဖြူ အမျိုးသမီး၏ အကြည့်က လူအုပ်ကြီးဆီ ရောက်လာပြီးနောက် မိုဝူကျိဆီ အကြည့်တို့ ရစ်ဝဲနေကာ
“ အားလုံးက ငါ့လော့ကျမ်းစာရွက်ကို လုဖို့ ရောက်လာတာလား ”
“ လော့ကျမ်းစာရွက်က မိုးမြေရတနာပဲ။ အားလုံးရှေ့မှာ ပေါ်လာမှတော့ ညီတူညီမျှ ခွဲဝေသင့်တယ် …” မဟာလော့ရှန်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက တုံ့ဆိုင်းမနေဘဲ ရှေ့တိုးကာ ပြောလိုက်သည်။ သူ့အသံ၌ လိုအင်ဆန္ဒများ ပါဝင်နေ၏။ ထိုအမျိုးသမီးက မည်သူ ဖြစ်ဖြစ် အရေးမကြီးပေ။ သူက လုံးဝ မကြောက်ပေ. သူက နတ်ဘုရား အင်မော်တယ်နယ်မြေရှိ ထိပ်တန်းဂိုဏ်းမှ ဖြစ်ကာ သူ့ထက် ထူးထူးဆန်းဆန်း အမျိုးသမီးက လော့ကျမ်းစာရွက် ရဖို့ရာ မည်သို့များ ထိုက်တန်နေနိုင်မည်နည်း။
သူမက လှတော့လည်း ဘာအရေးလဲ …. အသက်ရှင်သန်ဖို့ရာ လုံလောက်လို့လား ….
မဟာလော့ရှန်း ကျင့်ကြံသူ၏ စကားမဆုံးခင် ဘေးပတ်လည် လေထုမှာ ချက်ချင်းဆိုသလို အေးစက်လာလေ၏။ အားလုံးက အလင်းတန်းဖြူ ထွက်ပေါ်လာသည်ကို မြင်သောအခါ မသိစိတ်ဖြင့် ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ဤမဟာလော့ရှန်း အဆင့် ကျင့်ကြံသူက အေးစက်မှုကို ခံစားလာရပြီး သူ့ကို သေခြင်းတရားက လွှမ်းခြုံသွားတော့သည်။ သူက နောက်ဆုတ်ဖို့ရာ ကြိုးစားသော်လည်း  ဘေးပတ်လည် လေထုမှာ အေးခဲနေလေပြီ။ နောက်အခိုက်အတန့်လေး၌ သူ့စိတ်နန်းတော်၌ ပိုးဝတ်စ အဖြူလေး ဝင်ရောက်လာကာ ချက်ချင်း သေဆုံးသွားတော့သည်။
“ အဲဒါ ကျိုးလန်အန်း မလား ” လူအုပ်ကြားမှ အထိတ်တလန့် အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အားလုံးက နောက်ဆုတ်လိုက်ကြတော့သည်။ အသံက နာမည်တစ်ခုသာ ရေရွတ်လိုက်ခြင်း ဖြစ်သော်လည်း အများစုမှာ ထိုသူက  ဘာဆက်ပြောမည်ကို သိနေကြလေ၏။ ကျိုးလန်အန်းသည် နတ်ဘုရား အင်မော်တယ်နယ်မြေ၏ အားအကောင်းဆုံး ဂိုဏ်းထဲမှ တစ်ခုဖြစ်သည့် နတ်ဘုရားသော်တာ အင်မော်တယ်ကျောင်းတော်မှ တပည့် ဖြစ်သည်။ ထို့အပြင် သူ့ကိုယ်ပိုင် အင်အားမှာလည်း အတော်လေး အံ့အားသင့်ဖို့ ကောင်းလှသည်။ ဤသို့မျိုး လူငယ်လေးက ထိုအမျိုးသမီးလက်ချက်ဖြင့် တုံ့ပြန်ဖို့ရာ အချိန်မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားရသည်။ ထိုအမျိုးသမီးက မည်မျှ ကြောက်ဖို့ကောင်းကြောင်း သိနိုင်ပေသည်။
ထိုစဉ် တချို့အားနည်းသော ကျင့်ကြံသူများက ထွက်သွားဖို့ရာ ကြိုးစားလိုက်ကြသည်။
“ ရှင်တို့တွေက ဒီကို ရောက်လာပြီဆိုမှတော့ အေးအေးဆေးဆေး ထွက်သွားလို့ ရမယ်များ ထင်နေလား  ” ဝတ်ရုံဖြူ အမျိုးသမီးက စကားအဆုံးတွင် လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ ကောင်းကင်ယံကြီး၌ အဖြူများ ဖုံးလွှမ်းသွားချေပြီ။
ကျင့်ကြံသူများက သူတို့ဘေးပတ်လည် လေထုမှာ အေးစက်လာမှုကို ခံစားလိုက်ရပြီး ခြေလှမ်းတစ်လှမ်းချင်းစီကို ခက်ခက်ခဲခဲ လှမ်းနေရသည်။
တောက်ပနေသော ပိုးမျှင်ကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခါထွက်ပေါ်လာတိုင်း မချိနင့် အော်ညီးသံကို ကြားကြရသည်။ ဤအချိန်တိုလေးအတွင်း အင်မော်တယ်ရာကျော်မှာ အသတ်ခံလိုက်ရ၏။ ထိပ်တန်းအဆင့် လွှတ်မြောက်ရေး အဆောင် သုံးကြသော  မဟာလော့ရှန်းအဆင့် ကျင့်ကြံသူတချို့သာ လွှတ်မြောက်နိုင်ကြသည်။
“ ဘုန်း ….” ဝတ်ရုံဖြူ အမျိုးသမီး၏ ပိုးမျှင် တိုက်ခိုက်မှုက ရပ်စဲသွားတော့သည်။ လူအုပ်ကြီးမှာ ဘေးပတ်လည်ရှိ အေးစက်မှုမှာ လျော့ကျသွားသည်ကို ခံစားမိလိုက်ကြ၍ စိုးရိမ်တကြီး ထွက်ပြေးကြသည်။ မည်သူကမှ နောက်အသက်ရှိုက်စာအတွင်း ကျန်နေခဲ့ဖို့ရာ စိတ်ကူးမရှိကြချေ။
မကြာခင် လူလေးယောက် ထွက်သွားလေ၏။
မိုဝူကျိက မလှုပ်မယှက် ရပ်နေဆဲ ဖြစ်၏။ သူ့ဘေးတွင် စုရိုအာနှင့် တုံ့ဟွားလုံတို့လည်း ရှိနေကြသေးသည်။
“ငါ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ …. ပြီးတော့ ငါ့အေးခဲမှု စက်ကွင်းကိုပါ ပယ်ဖျက်လိုက်သေးတယ် ….” ဝတ်ရုံဖြူ အမျိုးသမီးက ဗိမာန် အစီအရင်အား တိုက်ခိုက်ရန် အရင်ဦးဆုံး ထွက်လာသည့်  လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။
“ မင်းလည်း မဆိုးပါဘူး။ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်က ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို ဝင်နိုင်တယ်ဆိုတော့  ….” ထိုလူငယ်လေးက အံ့အားသင့်စရာကောင်းသည့် ထိုဝတ်ရုံဖြူ အမျိုးသမီးကို စိတ်ထဲ ထည့်ဟန် မပေါ်ပေ။ သူ့အသံမှာ အေးစက်နေဆဲ ဖြစ်ပြီး ဆက်ပြောလိုက်သည်
“ လော့ကျမ်းစာရွက်က ပိုင်ရှင်ရှိပြီးသားဆို‌တော့ ထားလိုက်ပါမယ်လေ။ နှုတ်ဆက်ပါတယ် …. ”
ထိုသို့ပြောပြီး ထိုလူငယ်လေးက လှည့်ထွက်သွားတော့သည်။
ဝတ်ရုံဖြူ အမျိုးသမီးက နှာခေါင်းရှုံ့ကာ “ ထွက်သွားနိုင်ဦးမယ် ထင်နေတာလား ”
“ ဟားဟား  ” လူငယ်လေးက အားရပါးရ ရယ်မောလိုက်ပြီး
“ တကယ်လို့ ကျုပ် မုန့်ယင်စန်း  ထွက်သွားချင်ရင် အင်မော်တယ်ဧကရာဇ်တောင် တားလို့မရဘူး။ အင်မော်တယ်ဘုရင်အဆင့်လေးနဲ့များ တားရဲတယ်ပေါ့ …. လုပ်ကြည့်လိုက်စမ်းပါ ”
မုန့်ယင်စန်းက ပြောနေရင်း သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
မုန့်ယင်စန်းလား …
မိုဝူကျိက ဤနေရာ၌ မုန့်ယင်စန်းကို တွေ့လိမ့်မည်ဟု မထင်ထားပေ။ သူတို့က တစ်ယောက်နှင့် တစ်ယောက် မသိကြသော်လည်း မိုဝူကျိက မုန့်ယင်စန်း နာမည်နှင့် အလွန်ရင်းနှီးနေသည်။
ဤလူက လခြမ်းကွေး အကျဉ်းထောင်ထဲ အဖမ်းခံထားရသော်လည်း ထောင်မှူးကို သတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်၏။ ထိုအချက်တစ်ချက်တည်းကပင် မိုဝူကျိက မုန့်ယင်စန်းမှာ ရိုးရှင်းသည့်သူ မဟုတ်ကြောင်း ကောက်ချက်ချလိုက်နိုင်သည်။ သူ့လက်စွပ်ထဲ၌ မုန့်ယင်စန်း၏ မိတ်ဆက်အကြောင်းအား ဤသို့ ရေးသားထားလေ၏။
“ မုန့်ယင်စန်း၊ လျှပ်စီးနီ ကြယ်တာရာ မြေဓာတ် ကျင့်ကြံသူ၊ ယုံရင် ၈၄၅ ပြက္ခဒိန်၊ နှစ် ၃၁၁၁၊ ခြောက်လပိုင်း ၁၄ ရက်မြောက်နေ့၊ ကောင်းကင် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားတယ်။ တစ်ရက်တည်းမှာ သူက ယုံရင်ရဲ့ ၁၁ ခုမြောက် အကျဉ်းထောင်ဖြစ်တဲ့ လခြမ်းကွေး အကျဉ်းထောင် အခန်း ၃၁ ကို ရောက်လာတယ် …
ရိုးသားတဲ့ စရိုက်ရှိပြီးတော့ ကြယ်ငါးလုံး ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ သူ စတင်ကျင့်ကြံကတည်းက ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်ဖို့ ၁၉၆ နှစ် ကြာမြင့်ခဲ့တယ်။
လခြမ်းကွေး အကျဉ်းထောင်မှာ ရှိနေတုန်း မုန့်ယင်စန်းက ကောင်းကောင်း နေထိုင်ခဲ့တယ်။ သူက ကောင်းကောင်းပြုမူပြီး‌‌တော့ မပုန်ကန်ဘူး။ ယုံရင် ၈၄၅ ပြက္ခဒိန်၊ နှစ် ၃၂၂၄၊ ခုနှစ်လပိုင်း ဒုတိယမြောက်ရက်မှာ သူက သွေးသစ္စာဆိုပြီး …. ”
ထို့နောက် စာလုံးများ ဆက်မရှိတော့ပေ။ ထိုအချိန်၌ ထောင်မှူးမှာ မုန့်ယင်စန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
ဝတ်ရုံဖြူ အမျိုးသမီးက မုန့်ယင်စန်း စကားများကို ယုံကြည်၍လား သို့မဟုတ် တခြားကိစ္စများ ရှိနေ၍လား မသိသော်ငြား သူမက သူ့နောက် လိုက်မသွားပေ။
“ မိုဝူကျိ မတွေ့တာ ကြာပြီပဲ …. ဘဝကြီးက ကြိုတင်ခန့်မှန်းထားလို့ မရဘူး။ ရှင့်ကို ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ထဲ ပြန်တွေ့လိမ့်မယ်လို့ ထင်မထားဘူး။ ရက်တော်တော်များများ ကျမကို နောင်တရစေခဲ့တာ ရှင် တစ်ယောက်တည်းမလို့ မသတ်တော့ဘူး။ ရှင့်ဘေးက နှစ်ယောက်ကိုလည်း လွှတ်ပေးလိုက်မယ်။ ကျမ ပေးထားတဲ့ လော့ကျမ်းစာရွက် နှစ်ရွက်ကိုသာ ပြန်ထုတ်ပေးလိုက်ပါ ….” ဝတ်ရုံဖြူ အမျိုးသမီးက မိုဝူကျိအား တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်၏။
မိုဝူကျိ အကြည့်တို့က အေးစက်သွားလေ၏။ မုရုန်ရှန်းယွီသည် ထိုမျှအရှက်မဲ့လိမ့်မည်ဟု မထင်ထားပေ။ သူ့ကို မသတ်သည့်အကြောင်းအရင်းက သူမက နောင်တရသည့် ခံစားချက် ဖြစ်လာအောင် ပေးစွမ်းသည့်အတွက်ဟု ပြောနေသေး၏။ သူမ အသက်ကို ကယ်ပေးလိုက်သည့် ကိစ္စကိုကား တစ်ခွန်းမျှ မညွှန်းဆိုပေ။ သူမက မပြောလိုခြင်း မဟုတ်ဘဲ စိတ်ထဲတွင်ပင် ရှိမနေခြင်း ဖြစ်၏။
ခံစားချက်ကင်းမဲ့သော ဂိုဏ်းများမှ လူများမှာ အမှန်တကယ် ခံစားချက်အသေများ ဖြစ်ကြသည်။ သူမက သူ့ကယ်တင်ပေးလိုက်သည့် ကျေးဇူးကြွေးကို မေ့ထားသော်လည်း သူမကို ကယ်ပေးခဲ့သည့်အတွက် သူ့အား  ပေးအပ်ထားသည့် လော့ကျမ်းစာရွက် နှစ်ရွက်ပင် ပြန်တောင်းနေသေးသည်။
အကယ်၍ ယခင်မုရုန်ရှန်းယွီမှာ  စိတ်ခံစားချက် နည်းနည်း ရှိနေသေးသော်လည်း ယခု သူ့ရှေ့တွင် ရှိနေသော အမျိုးသမီးမှာ လုံးဝကို အေးစက်နေလေ၏။
မုရုန်ရှန်းယွီက သူ့အာ မှတ်မိခြင်းကို မိုဝူကျိ ထူးဆန်းသည်ဟု မထင်ပေ။ မုရုန်ရှန်းယွီက လော့ကျမ်းစာရွက်ကို သန့်စင်ပြီးသွားခြင်းသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူ့ပေါ်တွင် ရှိနေသော လော့ကျမ်းစာရွက် အငွေ့အသက်ကို ခံစားမိနေဟန် ပေါ်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now