"ဒါဆို သော်က ဘုန်းကြီးကျောင်းသားပေါ့"
"အဲ့လိုပြောလို့ရပါတယ်။ ကျွန်တော်ငယ်ငယ်ထဲက ဘုန်ကြီးကျောင်းမှာပဲ အနေများတော့၊ အိမ်မှာကလဲ တစ်ယောက်တည်းဆိုတော့လေ။"
အဆောင်သို့အပြန်လမ်းမှာ ဟိုဟိုဒီဒီ ပြောနေရင်းကနေ တိုးဝင်သိစေလိုက်ပါသော ကျွန်တော့်ဘဝရဲ့ အလွှာတစ်ခု။ ဘာလို့မှန်းမသိပဲ အခုမှတွေ့ဖူးတဲ့ အကို့ကို ကျွန်တော့်အကြောင်း အကုန်ပြောပြချင်နေသည်။
"ဓမ္မစင်္ကြာကို အလွတ်ရခဲ့တဲ့ ကောင်လေးပေါ့"
"မေတ္တာသုတ်နဲ့ ပဌာန်းအထိပါ"
"သော်က ငကြွားလေးပဲ"
ပြောပြောဆိုဆိုဖြင့် လမ်းလျှောက်ခဲ့သည်က ကျောင်းတည်ရှိရာ လမ်း၈၀ကနေ နန်းရှေ့ကိုတောင် ရောက်လုနီးတော့မည်။ လမ်းမအထက်မှာ စက်ဘီး၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေကြသလို ကျွန်တော့် ရင်အတွင်းမှာလည်း အကို့ဘေးမှာ ရပ်နေတယ်ဆိုတဲ့ အသိနဲ့ အမည်မသိ လှိုင်းလေးတစ်ချို့ ဖြတ်သန်းနေသည်။
"သော်။ ကိုယ်ခေါ်နေတာ ကြားရဲ့လား"
"....."
လမ်းမ အထက်ကိုကြည့်ရင်း ငြိမ်သက်ရွေ့လျားနေတဲ့ ဘေးက သော့်ပုံစံသည် အလွန်ရင့်ကျက်လွန်းသည်။ အေးဆေးတည်ငြိမ်တဲ့ သော့်အသွင်က မြင်ရသူကို ရှိန်စေသည်ဟု အဝန်း ခံစားမိသည်။ သို့သော်လည်း ဘာလို့မှန်းမသိပဲ သော်နဲ့ စကားပြောရတာကို အဝန်းပျော်နေမိသည်။
"သော်..."
လက်မောင်းအရင်းကို ထိတွေ့ကိုင်လိုက်ပြီး အသံပြုလိုက်မှ သော်က အဝန်းထံသို့ကြည့်လာသည်။
"ပြောလေ အကို"
"အငေးလွန်နေတာပဲ ကောင်လေးက။"
"ကျွန်တော် တစ်ခါမှ မရောက်ဖူးလို့အကို။
ပြီးတော့ ပုပ္ပါးမှာက ဒီလိုမျိုး ဆိုင်ကယ်တို့ စက်ဘီးတို့နဲ့ ရှုပ်ယှက်ခတ်တာမျိုး မရှိဘူးလေ။""ဘုရားဖူးလာတဲ့ လူတွေရှိတယ်မဟုတ်လား။"
"ကျွန်တော် နေတဲ့ကျောင်းက တောင်ဘက်နဲ့ ဝေးတယ် အကိုရ။ ကျောင်းပတ်ပတ်လည်မှာ စကားပင်တွေ၊ ဆေးပင်တွေနဲ့ ရှုပ်နေတာ"