"အဝန်း ဘယ်ရောက်နေလဲ လွင်မောင်..."
မနေ့ညကလည်း သူ့ကို မကြည့်ပဲ အခန်းထဲဝင်သွားတဲ့အဝန်းက အခုမနက်မှာလည်း သူ့အခန်းထဲမှာ ရှိမနေ။ စိတ်ဆိုးနေတာကို သိသော်လည်း လုပ်ပေးနေကြ အရာတွေကို ရသမျှ အချိန်လေးအတွင်းမှာ လုပ်ပေးချင်သည်။
Sunday အားလပ်ရပ်မှာ အဝန်းနဲ့ကြည်သာ့ရဲ့ မနက်အစော လက်ဖက်ရည်ဝိုင်းရှိတတ်မြဲမို့ မနက်အစောထ,ကာ လက်ဖက်ရည်ဆိုင်ပြေးဝယ်ခဲ့ပြီးဖြစ်၏။ Sunday ဆို အိပ်ရာထ နောက်ကျတတ်တဲ့ အဝန်းရဲ့အကျင့်ကြောင့် ၇ခွဲလောက်မှ လာကြည့်ခြင်းက အဝန်းကို ခုတင်မှာ မတွေ့ရတော့။
ဘေးခုတင်က လွင်မောင်ဆိုတာကလည်း ကြည်သာ့ မေးသံတောင် ကြားပါရဲ့လားမသိ။ အိပ်နေလိုက်သည်က နှစ်ရှည်လများ မအိပ်ခဲ့ရသည့်အတိုင်းဖြစ်သည်။
"လွင်မောင်...လွင်မောင်။ အဝန်း ဘယ်သွားလဲလို့ ငါမေးနေတာ..."
ကုတင်အနားတိုးသွားလိုက်ပြီး ပခုံးကို မနာအောင်ရိုက်၍နှိုးလိုက်တော့ လွင်မောင်က မျက်လုံးကျဥ်းကျဥ်းလေးတွေကို အတင်းပဲ ဖွင့်ဖို့ကြိုးစားနေဟန်ဖြင့် ကြည်သာဆီကို ကြည့်သည်။
"အဝန်းရော.."
"အင်း ...အပြင်မှာ ရှိမယ်ထင်တယ် ကိုကြည်သာ။ ဝှါး....."
ကိုယ့်အခြေအနေ ကိုယ်မသိပဲ ဝှါးသန်းလိုက်တော့ အာရည်တွေထွက်ကျလာပါတဲ့ လွင်မောင်ကြောင့် ကြည်သာ ချက်ချင်းပဲ နောက်ဆုတ်လိုက်ပြီး...
"အာရည်တွေ သုတ်ဦးဟေ့ကောင်။""နောက်မှ နောက်မှပဲ..."
ပြောပြီးမျက်လုံးပြန်မှိတ်သွားတဲ့ လွင်မောင်ကို ကြည်သာဘာမှထပ်မမေးတော့ပဲ ထိုအခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။
အဆောင် အနောက်ဘက်နားက ထုသံရိုက်သံတွေမို့ ဘာများလုပ်နေကြသလို့ ပြတင်းပေါက်ကနေ ကြည့်မိလိုက်တော့ တွေ့ရလိုက်ပါတဲ့ အာရုဏ်ဦးရဲ့ရောင်နီဝန်းက ရောင်ဖြာထွက်နေသည်။
ချက်ချင်းပဲ အဆောင်ထဲကနေ ထွက်ခဲ့ပြီး ရောင်နီဝန်းရှိနေရာ ထိုနေရာသို့ ကြည်သာဆိုသူက အပျော်တွေအပြည့်နှင့်လျှောက်သွားမိသည်။ အနားရောက်တော့လည်း ရောင်နီဝန်းရဲ့ အနွေးဓာတ်လေးက ကြည်သာ ကိုလွမ်းခြုံလာသလိုပင်။ အဝန်းအနားကို ရောက်သွားတိုင်း နွေးထွေးတဲ့ ခံစားချက်တွေဖြစ်ပေါ်လာသည်က ဘာကြောင့်ရယ်ဆိုတဲ့ အကြောင်းပြချက်များမရှိပါ။