"ပြန်ခွင့်ပြုပါဦး မမနွဲ့"
စားပြီးသောက်ပြီးတော့ ပြန်ဖို့စတင်ပြောလာသူက သိမ့်သိမ့်စိုးမြင့်ပင်။
"ပြန်ကြတော့မလို့လား။ နေဦးလေ အချိုပွဲတော့ စားသွားပါဦး"
သစ်သိီးတွေစိပ်ထားသည့်ပန်းကန်တွေထည့်ထားသော ဗန်းကိုကိုင်ကာ ထွက်လာပါတဲ့ မမနွဲ့အမေ၏ စကားသံကြောင့် ကျွန်တော့်ဘေးက အကိုသည် ချက်ချင်းပဲ ထ,သွားပြီး ဗန်းကို ကူသယ်ပေး၏။
မသိရင် အကိုက ဒီအိမ်ကလူကျလို့။
"အဝန်းက အခုထိ မပြောင်းလဲဘူး"
သူမလက်ထဲက ဗန်းကို ကူသယ်ပေးတဲ့ အဝန်းကိုကြည့်ပြီး နွဲ့မေမေမှာ သဘောကျလို့မဆုံးဖြစ်နေတော့သည်။
"အန်တီလည်း အခုထိ လှတုန်းပါဗျာ..."
"အယ်တော်။ စကားလည်း ပြောကောင်းတုန်းပဲပေါ့။ နောက်ထပ် မုန့်ထပ်ကျွေးမှပဲရတော့မယ်။"
"ဟာ...မလုပ်ပါနဲ့ အန်တီရာ။ တော်ကြာ ကျွန်တော်ဝလာရင် မလှပဲဖြစ်သွားဦးမယ်....."
ရယ်သံဖက်လို့ ပြောကြရင်း ကျွန်တော်တို့ထိုင်နေသည့် စားပွဲဝိုင်းဆီသို့ ရောက်လာတော့ အကိုက ဗန်းကို စားပွဲပေါ်တင်သည်။ ဝိုင်းဘေးနားမှာ ရပ်နေပါတဲ့ မမနွဲ့က အကိုချလိုက်သည့် ဗန်းထဲက ပန်းကန်တွေကို စားပွဲပေါ်ချပေးသည်။
တစ်ယောက်နဲ့တစ်ယောက် ကူညီညာပေးရင်းနဲ့ တကယ့်မိသားစုတွေလိုပဲ။ လိုက်ဖက်လွန်းလှပါသည်။
"ဒါဆို ညစာပါ စားပြီးမှ ပြန်တော့ အဝန်း။ အန်တီ မင်းအကြိုက် ပုစွန်းချက်ထားတယ်။ အဝန်းအကြိုက်တော့ မပြောင်းသေးဘူးမဟုတ်လား။"
အကို့လက်မောင်းကို ကြင်ကြင်နာနာကိုင်ပြီး အကို့မျက်နှာကို မော့ကြည့်ကာ မေးနေတဲ့မမနွဲ့၏ အမေသည် အခုမှသားကိုပြန်တွေ့ပါတဲ့ မိခင်အလားပဲ၊ ဘေးမှာထိုင်နေကြသည့် ကျွန်တော်တို့ကိုတောင် မြင်ပါရဲ့လား မသိပါ။
"အဲ့လိုပဲ လုပ်ရမလား..."
အကိုက မမနွဲ့ကိုကြည့်ပြီး ထိုသို့မေးတော့ မမနွဲ့က လှလှလေးရယ်ပြီး...
"အဝန်းရှိတော့ ညစာဝိုင်းက ပိုပြည့်စုံသွားတာပေါ့။"