"မင်းအကိုက ကြာလှချည်လား အောင်။"
ကိုလွင်မောင်၏ စကားသံကြောင့် တံခါးဝဆီကနေ အကြည့်တွေကိုရုတ်သိမ်းလိုက်ပြီးနောက် အကိုမှာခဲ့သည့်အတိုင်း..
"သီချင်း ဆက်ချိန်တော့ အမှီပြန်လာမယ် ပြောခဲ့တာပဲ။"ယသော်ဓရာဇာတ်အကြောင်းပြောပြီးနောက်မှာတော့ ညဘက်သီချင်းဆက်ချိန်အမှီပြန်လာခဲ့မယ်ဟု ပြောပြီး ကျွန်တော့်အိမ်ကနေ ထွက်သွားပါတဲ့ အကိုဟာ အခု သီချင်းဆက်ချိန် ညချမ်းအခါရောက်သည်အထိ ပြန်မလာသေးပါ။
မနက်ဖြန် ကျောင်းစတက်ရတော့မည်မို့ ဒီညချမ်းက အားလုံးအတွက် အေးချမ်းပျော်ရွှင်ဖွယ်ရာကောင်းလှသည်။ ဒီလိုညမှာ အကိုတို့အဆောင်က သီချင်းဆက်လို့ ပျော်ရွှင်ကြသည်တဲ့။ သို့သော်လည်း ဒီအကြောင်းအရာကိုပြောပြခဲ့သည့်သူသည် အခုထိ ပြန်မလာသေးပေ။
"လွင်မောင်ရေ ကိုကြည်သာဆီဖုန်းဆက်စမ်း။ အဝန်းရန်ဖြစ်လို့တဲ့။"
အမောတကောနဲ့အပြေးဝင်လာတဲ့ ကိုသန်းတိုးအောင်က မောနေသည့်ကြားကနေပြောလာတဲ့ ဒီစကားကြောင့် ကျွန်တော့်မှာ ထိတ်လန့်သွားရသည်။
"မမနွဲ့တို့အိမ်သွားတာကို..."
"အပြန်မှာဖြစ်တာတဲ့။ ထားပါကွာ မြန်မြန်ဆက်လိုက်။ ကိုကြည်သာလိုက်မှရမယ်တဲ့။ သူ့အိမ်ကိုလည်း မဆက်ခိုင်းဘူးလေ...ငါတို့လည်း လိုက်ရအောင်။"
လိုက်ရအောင်လို့ပြောပြီး အဆောင်ရှိရာဘက်သို့ ပြေးဝင်သွားတဲ့ ကိုတိုးနောက်သို့ ကျွန်တော်ပြေးလိုက်သွားမိသည်။ အဆောင်ထဲရောက်တော့ ရေဗူးနဲ့မုန့်တစ်ချို့ကို ယူနေသည်ကြောင့်...
"အကိုက အခုဘယ်မှာလဲ ကိုတိုး...""အချုပ်ထဲရောက်နေပြီလေ။ မင်းတော့မလိုက်ခဲ့နဲ့။ ဒီမှာပဲ ငါတို့ကိုစောင့်..."
ပြောပြီးပြေးထွက်ပြန်တဲ့ ကိုတိုးနောက်သို့ ကျွန်တော်လိုက်ရပြန်သည်။
"ကျွန်တော်လည်း လိုက်မယ်။ ဒီမှာထိုင်ပြီး ဘာမှန်းမသိပဲ စိတ်ပူမနေချင်ဘူးဗျာ..."
"အဝန်းက မင်းကိုမခေါ်လာနဲ့တဲ့ကွ။ နေခဲ့စမ်းပါကွာ...အခုထိအသက်ပြည့်သေးတာ မဟုတ်ဘူး မင်းက၊ နေခဲ့ နေခဲ့..."