"မနက်ဖြန်တော့ ကျွန်တော်လိုက်လို့မရဘူး အကိုကြီး။ ညနေဘက်အတန်းချိန် နှစ်ချိန်ဖြတ်ပြီး အိမ်ပြန်မို့..."
"မရဘူး...."
"မဟုတ်ဘူး အကိုကြီးရ။ ပိတ်ရက်တုန်းကလည်း ကျွန်တော် သင်တန်းတွေနဲ့ မအားလို့ အိမ်မပြန်ခဲ့ရဘူး။ ကြာရင် ကျွန်တော့်ညီမက ကျွန်တော့်ကို မေ့သွားတော့မယ်။ ဒါကြောင့် အခုပတ်ပြန်မှရမှာ..."
"ရှေ့ပတ်မှ ငါတို့နဲ့အတူပြန်ကွာ။
မင်း သစ္စာမဖောက်နဲ့နော် ရောင်နီဝန်း။
ဒီတစ်ခေါက် ခရီးစဥ် ထားခဲ့လိုက်ရမလား""အကိုကြီးကတော့ ညစ်ပြီဗျာ..."
ထိုနေ့ညက စိတ်ညစ်လက်ညစ်ဖြစ်ခဲ့ပါသော အကိုသည် သောကြာနေ့ည သီချင်းသွားဆိုဖို့ရန် အချိန်ရောက်လာတော့ ဂီတာထမ်းလို့ပြုံးရွှင်ကာဖြင့် အဆောင်ထဲကနေ ထွက်လာသည်။
အကိုရယ်၊ ကိုကြည်သာရယ်၊ ကိုသက်၊ နောက်ထပ် လွင်မောင်နဲ့ ကိုတိုးတို့က အားဖြည့်ကာ သွားကြလေတော့ ကျွန်တော့်မှာ ပထမဆုံးအကြိမ် အမျိုးသမီးအိမ်ရှေ့ သီချင်းသွားဆိုရမည့်အရေးကို သိပ်ပြီးမကြောက်တော့။
"ဟေ့ သော်။ ကိုယ့်ဆီလာခဲ့.."
ကိုကြည်သာ့ဆိုင်ကယ်နောက်မှာ ဂီတာကို ပခုံးပေါ်တင်လို့ထိုင်နေပါသော အကိုသည် မလှမ်းမကမ်းမှာရပ်နေသည့် ကျွန်တော့်ကိုလှမ်းခေါ်လေသည်။ ထို့ကြောင့် ကျွန်တော်လည်း သူတို့ဆီသို့ သွားဖို့ရန် ခြေလှမ်းလိုက်တော့ ကျွန်တော့်လက်ကို ကိုသက်ဆွဲထားလေသည်။
"နှစ်ယောက်စီးတာတောင် ကျပ်လှပြီ။
အပိုတွေ မလုပ်စမ်းနဲ့ ရောင်နီဝန်း"မျက်ထောင့်နီနှင့် အကိုဆီသို့လှမ်းကာ မာန်ပါသော ကိုသက်ကြောင့် အကို့မှာ ဇာတ်ကလေး ပုသွားလေသည်။
"ဟေ့ကောင်လေး တက်။
မင်းလည်း သူတို့နဲ့ပေါင်းပြီး အထဲရောက်မှ အေးမှာ""ဗျာ..."
"အင်း။ ဂဲမလောက်ဖြစ်ရင်ဖြစ် မဖြစ်ရင် အထဲရောက်မှာလေ...."
အေးသက်စွာပင် ပြောပါသော ကိုသက်သည် ဂဲမဆိုသည် နာကျင်ဖွယ်မဟုတ်၊ အထဲဟုရည်ညွှန်းပါသော အချုပ်ကိုလည်း အမှုထားပုံမပေါ်ပါ။ ဖြစ်မှာကို သိလျှင် ရှောင်သင့်သည်ကို ရှောင်ရှားရမည်ဟု သိခဲ့သော်လည်း ကိုသက်ကတော့ဖြင့် ကြိုသိနေသည့်တိုင် မတုန်မလှုပ်ရှိသည်။