"အကို။ ကျောင်းသွားတော့မလို့လား။"
စက်ဘီးကို တွန်းရင်း စာအုပ်တွေတစ်ဖက်နဲ့မို့ မနိုင်မနင်းဖြစ်နေပါသော အဝန်းသည် သော့်အသံကြောင့် ကြည့်မိလိုက်ရာ သော်က သူ့ထံသို့ ပြုံးကြည့်နေသည်ကို မြင်လိုက်ရသည်။
"အင်း။ သော်လည်း ၈ခွဲအချိန်ရှိတာလား။
လာလေ အကို့နောက်ကလိုက်ခဲ့""ရပါတယ်ဗျာ။ အကို မောနေပါ့မယ်"
"မမောပါဘူး သော်ရ။ သော်ပါတော့ ကိုယ့်စာအုပ်တွေ ကိုင်ပေးမယ့်သူ ရတာပေါ့"
"ကျွန်တော့်ကို ခိုင်းစားမယ်လား"
"အင်း။ ဟား ဟားးး..."
"အကိုနဲ့တော့..."
ထိုသို့ ပြောလိုက်ပြီး အကို့လက်ထဲက မနိုင်မနင်းဖြစ်နေတဲ့ စာအုပ်တွေကို လက်လွှဲယူလိုက်ရင်း အကို့စက်ဘီးရဲ့ ကယ်ရီယာမှာ ထိုင်လိုက်သည်။ အားနာတာမျိုး၊ စိတ်မသက်မသာ ဖြစ်ရတာမျိုးတွေ မရှိပဲ စိတ်သက်သာစွာနှင့် အကို့နောက်က လိုက်လာမိခဲ့သည်က အကို့စာအုပ်တွေကို သယ်ထားပေးရသည် ဟူသော အသိကြောင့်ပင်။
"သီချင်း ဆက်ကြမလား သော်။"
နန်းတော်ရှေ့က ကျုံးလမ်းဘေးမှာ ခပ်မှန်မှန်နဲ့ နင်းနေတဲ့ စက်ဘီးလေးသည် သာယာနာပျော်ဖွယ် လေထုကို ဖန်တီးယူတော့မည်။
"အကို စ,လေ။"
"အင်း။ ဒီတစ်ခါတော့ စည်းကမ်းလေး သတ်မှတ်ရအောင် သော်။ သီချင်းကို အစအဆုံးဆိုကြေးကွာ..."
"အဲ့လို လုပ်မလို့လား။ အကိုအလှည့်ကျရင် စက်ဘီးနင်းထားရတာနဲ့ အကိုမောနေပါ့မယ်။"
"ဒါဆို သော် တစ်လှည့်နင်းလေ။"
"မနင်းတတ်ဘူး အကိုရ။"
"တကယ်။"
မယုံကြည်နိုင်လွန်း ဖြစ်ရတာကြောင့် အဝန်းမှာ စက်ဘီးနင်းနေရင်းနဲ့မှ နောက်ပြန်လှည့်ပြီး ကြည့်မိသည်။
"ကျွန်တော် တကယ်ပြောတာ။ ဘုန်းကြီးကျောင်းမှာပဲ အနေများတော့ အဲ့တာတွေလုပ်ဖို့ ကျွန်တော်သတိမထားမိခဲ့ဘူး။ ဒီတိုင်း ကဗျာတွေ၊ စာတွေကိုပဲ သတိမူခဲ့မိတာ။"