နောက်တစ်နေ့ ကျွန်တော်ရေဝတ်လဲနေသည့် အချိန်တွင် အနောက်ဆီမှ ခြေသံကြောင့် လှည့်ကြည့်လိုက်တော့ သမင်အရုပ်ကလေးကိုင်ထားပါတဲ့ အကို။
"သော့်အတွက်..."
အရုပ်ကမ်းပေးတဲ့ အကို့မျက်နှာ၏ရွှင်လန်းမှုတို့ကို ကြည့်ပြီး ရေခါဖို့ရန်အတွက် မေ့လျော့သွားကာ လက်ထဲရှိ ပုဆိုးအား ဒီအတိုင်းသာ ကိုင်ထားမိပြီး...
"ကျွန်တော့်ဖို့ ပေးတာ..."ယုံကြည်ခြင်းတစ်ဝက်၊ မယုံနိုင်ခြင်းတစ်ဝက်နဲ့ပဲ ကျွန်တော်ဟာ အကို့မျက်လုံးတွေကို အသေအချာကြည့်ပြီး အတည်ပြုမေးမိသည်။
"အင်း။ သော့်ဖို့ ကိုယ်လုပ်ပေးထားတာ။ အိမ်ထဲရောက်မှယူလေ...ကိုယ် အိမ်ထဲကနေစောင့်မယ်နော်။ မြန်မြန်လာခဲ့ သော်...အအေးမိမယ်"
နေရာကနေ အကိုထွက်သွားပြီးနောက် ချက်ချင်းမှာပဲ ကျွန်တော်ဟာ ပုဆိုးရေစိုကို ကြိုးတန်းပေါ်တင်ခဲ့ပြီး အကို့နောက်သို့ ချက်ချင်းလိုက်လာမိသည်။
"အဝတ်လဲလေ ကောင်လေး။ ဘာတွေ အဲ့လောက်ထိ မယုံနိုင်ဖြစ်နေတာလဲ။"
အကို့လက်ထဲရှိ သမင်အရုပ်ကလေးထံကြည့်နေပါတဲ့ ကျွန်တော်သည် အသိစိတ်လွတ်နေပါသည့် လူတစ်ယောက်နှယ်။ အကိုဟာ သူ့ညီမအတွက် အထူးသဖြင့် အကွေးအတွက်ဆိုပြီးရည်စူးထားတဲ့ ဒိီအရုပ်ကို ကျွန်တော့်ကိုပေးတယ်ဆိုတာ....
ဒါ ဒါက တကယ်ပဲလား။ အကိုကလေ ကျွန်တော့်ကိုဦးစားပေးတယ်ပေါ့နော်။
"ကဲ အဝတ်သွားလဲဆို။"
"ဟုတ်...ဟုတ်ကဲ့ အကို၊ ခဏနော်။
ခဏလေးပဲ။ ခဏပဲစောင့်...."ခဏတွေအများကြီးပြောကာ အဝတ်လဲဖို့ရန်အတွက် အမြန်ပင် ပြေးထွက်လာခဲ့ပြီး ခပ်သွက်သွက်ပင် အင်္ကျီနှင့်ပုဆိုး လဲခဲ့သည်က ခေါင်းကိုပင် ရေခြောက်အောင်မသုတ်ခဲ့ရပါ။
"ခေါင်းလည်း ပြောင်အောင်မသုတ်ဘူး။ သော်က ကလေးလားကွာ....အရုပ်ကို အဲ့လောက်ထိကြိုက်ရသလား ကောင်လေးရ"
သြော် အကို့နှယ်။ အခုလောက်ထိ ကျွန်တော်အပေါ် ပြုစားဖို့ မသင့်ပါဘူးဗျာ။ အပြုံးမျက်နှာနဲ့ ဂရုဏာတရားတွေအလျှံအပယ်ယိုဖိတ်နေတဲ့ ဒီမျက်နှာလေး။ တစ်လောကလုံးရဲ့ စိတ်ချမ်းသာကြည်နူးမှုတွေနဲ့ ယှဥ်ရင်တောင်မှ ကျွန်တော်ဟာ ဒီလူသားရဲ့အခုလို မျက်နှာလေးကိုပဲ ရွေးချယ်ဦးမှာ။