"ညနေ စောင်းနေပြီကို ဘယ်သွားမလို့လဲ သား.."
အိမ်ပြန်ရောက်နေပြီ ဖြစ်တဲ့ အဖေရဲ့အမေးကို အဝန်းမှာ လန့်ဖြန့်သွားရသည်။
"ငါပါကွ။ မင်းကလည်း ကိုယ့်အဖေကိုယ် လန့်နေရသလား။"
"ရုတ်တရပ်မို့ပါ အဖေရာ။ သား လေးမအေးတို့အိမ် ခဏသွားလိုက်ဦးမယ်။ မကြာဘူး ခဏပဲ။"
"ဘာသွားလုပ်မှာတုန်း။ ပြောခဲ့ဦး"
အိမ်တံခါးရောက်နေပြီ ဖြစ်တဲ့ အဝန်းရဲ့ ခြေလှမ်းတို့က သူ့အဖေ၏ အမေးကြောင့် ရပ်တန့်သွားပြီး အလိုမကျခြင်းတို့စုဝေးထားသော မျက်နှာဖြင့် ဖခင်ဖြစ်သူထံသို့ ကြည့်လိုက်တော့သည်။
"ဟမ်လို့..."
"အဖေရာ။ သားအရေးကြီး နေလို့ပါ။ ပြန်လာမှ ပြောပြမယ်..."
ပြောပြီး အမြန်ပဲ အိမ်ကနေ ထွက်လာခဲ့လိုက်သည်။ နောက်ကျောဆီက အဖေ့ရဲ့ ခေါ်သံ "ဟေ့ ဟေ့ကောင်" ဆိုသည်ကို အဝန်း အဆုံးထိ လျစ်လျူ ရှုထားလိုက်သည်။
အခုပဲ ညနေစောင်းနေပြီမို့ အချိန်က တစ်ရက်ပဲရှိတော့သည်။ တစ်ရက်အတွင်း ဒီစာက သော့်လက်ထဲ ရောက်ပါ့မလားလို့ တွေးပူပြီး သူအမြန်ပဲ လျှောက်သွားမိသည်။
"အန်တီမြင့် လေးမအေးရှိလား။"
"ဘယ်သူတုန်းကွဲ့။"
"ကျွန်တော် အဝန်းပါ။"
"အော် အေး။ ဝင်လာလေ အဝန်း။"
"ဟုတ်ကဲ့..."
အမျိုးသမီး သုံးယောက်က သူတို့အိမ်ရှေ့က တန်းလျားမှာ ရေနွေးထိုင်သောက်နေကြသည်။ သို့သော်လည်း အိမ်ရှင်အန်တီမြင့်မှလွဲလို့ ကျန်နှစ်ယောက်ကို အဝန်းမသိပါ။
"မမအေးကို လာရှာတာလား။ အန်တီမြင့်ကို ပြောခဲ့လေ။ မင်းအဒေါ်က စျေးဆိုင်သွားလို့"
"ဒါဆို ကျွန်တော် စျေးဆိုင်လိုက်သွားဦးမယ်။"
ချက်ချင်းပဲ မိန်းလမ်းဘေးရှိ ကုန်စုံဆိုင်၊ သူတို့အခေါ် စျေးဆိုင်သို့ ဦးတည်ကာ ခြေသုတ်တင် လျှောက်ခဲ့လိုက်ရသည်။ ဘယ်အရာဖြစ်ဖြစ် လိုအပ်ပြီဆို ခက်ခက်နဲ့ကြိုးစားရတာက အဝန်းရဲ့ ကံကြမ္မာလိုကို ဖြစ်နေတော့သည်။