"သော် ဒီမှာထိုင်။"
သော့်ကို ကြည်သာတို့ဝိုင်းက ခုံမှာ ထိုင်စေပြီး သူကိုယ်တိုင်ကတော့ဖြင့် မထိုင်သေးပဲ...
"နွဲ့ကို ကိုယ်လိုက်ပို့ပြစေ..."
လေပြေညှင်းနွဲ့ဘက်သို့လှည့်ပြီး သူကထိုသို့ခွင့်တောင်းသည့်အခါမှာ လေပြေညှင်းနွဲ့ကိုယ်တိုင်ကလည်း အပြုံးမျက်နှာဖြင့် ခေါင်းကို ခပ်မှန်မှန်လေး ငြိမ့်ပြသည်။
"သွားရအောင်.."
နှစ်ဦးသား ဘေးချင်းယှဥ်လျှောက်လို့ ကြည်သာတို့ထိုင်နေသည့် စားပွဲဝိုင်းအနားကနေ ထွက်သွားလေသည်။
"အဝန်း...အဝန်းနဲ့အောင်နဲ့က တစ်မြို့တည်းသားချင်းတွေပဲလား။"
တော်တော်လေး ရင်းနှီးနေတဲ့ပုံပေါက်တာမို့ သူမမေးကြည့်လိုက်တော့ အဝန်းက ခေါင်းခါပြသည်။
"ဘာဖြစ်လို့ အဲ့လိုမေးတာလဲ ...."
သူမဘက်သို့ ခေါင်းငှဲ့ကာ ကြည်သာသော အသံဖြင့် မေးတဲ့အဝန်းကို သူမကငေးမော့လို့ကြည့်ရသည်။ ငယ်ငယ်ကလို မဟုတ်တော့ပဲ အရပ်ရှည်ရှည်နဲ့ အဝန်းက သူ့နေရာနှင့်သူ ကြည့်ကောင်းသော အမျိုးသားတစ်ဦး အသွင်ပြောင်းလဲလာခဲ့သည်ကို ကြည့်ပြီး သူမရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးဝမ်းသာရသည်။
မတွေ့တာကြာပြီဖြစ်တဲ့ အဝန်းကို ငေးကြည့်နေဆဲမှာ
"နွဲ့..." ဆိုသော ခေါ်သံကြောင့် ပြာပြာသလဲနှင့်။"အင်း အဝန်း။ အဝန်းတို့က တော်တော်လေး ရင်းနှီးတဲ့ပုံပေါက်နေလို့ပါ။ ဒါဆို ဒီရောက်မှခင်ကြတာ ဆိုပါတော့"
"ဟုတ်တယ်။ ကျောင်းစဖွင့်တဲ့နေ့ကခင်တာလေ။"
"ဟင်း...အဲ့လိုဆိုမှ တို့တွေ ဘာလို့အခုလောက်ကွာခြားနေရသလဲဆိုတာ သိရတော့တယ်။ ဟင်း....ကျောင်းစဖွင့်တဲ့နေ့ အဝန်းကသွားတက်တယ်၊ တို့ကတော့ အဲ့ဒီအချိန် အိပ်လို့ကောင်းတုန်းပဲ။ ဒါကြောင့် အဝန်းက အခုလိုဆရာဝန်းလောင်းလေးဖြစ်လာပြီး တို့ကတော့ ဘွဲ့ရနွားကျောင်းဖြစ်တော့မယ်ထင်တယ်။"
"နွဲ့ ဘာနဲ့ကျောင်းပြီးထားလဲ။"
"မြန်မာစာနဲ့ပါ။"