ကိုသက်နဲ့အတူ ပြန်လာသည်မို့ မန္တလေးမှာနေဦးမည့်အရေးကို အကြောင်းပြချက်ရှာရလေသည်။
"ပါမောက္ခ ဦးတင်မောင်ဆီမှာ မေးစရာလေးရှိလို့ပါ" ဆိုပြီး ပြောသည်ကို ကိုသက်က မျက်လုံးပြူးပြီး ကြည့်သေး၏။ သို့သော်လည်း မသိချင်ယောင်ဆောင်ကာ မန္တလေးသို့ရောက်မည့်ကားကို လက်မှတ်ဖြတ်လိုက်သည်။
"ပြင်ဦးလွင်ကို အရင်လိုက်ခဲ့.." ဟူသော စကားကို လျစ်လျူရှုသဖြင့် ကားစီးသည့် တစ်လျှောက်လုံး အနားမှနေ၍ ပွစိပွစိရေရွတ်သည့်ဒဏ်ကို တော်တော်လေး သည်းခံရသည်။ ခက်သည်။
ခက်သည်ဆိုသည်က မြို့ထဲကို ကားဝင်သည်နှင့် အလိုလိုပင် စိတ်ထဲ ပေါ့ပါးလာရသည်။ မန္တလေးသို့ ရောက်ရောက်ခြင်းမှာ စာတိုက်သို့ အရင်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ပင်။
"ဒါနဲ့ အဝန်း၊ မနေ့က မင်းတို့ရောက်နေတာ ဘယ်သူ့အိမ်လဲ။ "
"ကိုသု...ကိုသုမောင်တဲ့။ အကိုကြီးတို့ဆေးရုံကပဲလေ၊ သန့်ရှင်းရေးဝန်ထမ်း။"
"သြော်..."
ကိုသက်မျက်နှာကို မသိမသာနဲ့ အကဲခတ်ကြည့်လိုက်တော့ ဘာမှ အထွေအထူးဖြစ်မသွားသည်ကြောင့် ကျိတ်ပြီးသက်ပြင်းချမိသည်။ တကယ်မလွယ်ပါ...အမှန်တရားကိုသာ ကိုသက်သိသွားရင် သူတော့ရိုက်ပုတ်ထုထောင်းခံရမည်။
လိမ်ရကောင်းလားဆိုပြီး ဆွဲထိုးချင်ထိုးဦးမည်မို့...ကြိုတွေးကာ ရင်မောပေမယ့်...
"ခရီးသည်များ ခင်ဗျာ၊ ကားကွင်းရောက်ပါပြီ" ဆိုသော အသံကြောင့် ခြေရင်းအနားမှ ချထားသော လက်ဆွဲအိတ်ကို ကောက်ကိုင်ကာ ချက်ချင်းပဲ ကားပေါ်က ဆင်းခဲ့လိုက်သည်။"ဆိုင်ကယ်ပဲ ငှားမယ်။"
"ဟုတ်ကဲ့ ကိုသက်၊ ကျွန်တော်သွားငှားလိုက်မယ်"
သွက်လက်စွာနဲ့ပင် ကိုသက်အနားကနေထွက်လာခဲ့ပြီး ကယ်ရီဆရာများစုဝေးရာ ကားကွင်းပေါက်နားသို့ အပြေးသွားလိုက်သည်။
ကယ်ရီအရေအတွက် များသည်ကြောင့် နှစ်စီးငှားခဲ့သည်။
"တစ်စီးတည်းငှားခိုင်းတာကွ။"