"ကိုသက် အကို့အခန်းက ဘယ်နေရာလဲဗျ။"
အကိုတို့အဆောင်ဝင်ပေါက်ဘေးရှိ ရေစည်တွင် မျက်နှာသစ်နေပါသော ကိုသက်ကို တွေ့လိုက်သည်မို့ ကျွန်တော် အရဲစွန့်ကာ မေးလိုက်မိသည်။ မေးသာမေးရသည် ကြောက်စိတ်ကြောင့် အသံက ယိုင်ချင်ချင်ဖြစ်သည်။
ကြောက်နေပါတယ်ဆိုမှပဲ မျက်နှာသစ်နေရာမှ မော့ကြည့်လိုက်သော ကိုသက်မျက်နှာက တည်တည်တင်းတင်းဖြစ်သည်။ မျက်နှာသစ်ထားခါစမို့လားတော့ မသိ မျက်လုံးတွေက နီရဲလို့နေသည်။
"အထဲဝင်သွားလိုက်။"
"ဟုတ်။ ဟုတ်ကဲ့...."
ကိုသက်ရှေ့ကနေ ချက်ချင်းထွက်ခွာပြီး အလျင်စလိုနဲ့ အဆောင်ထဲဝင်လိုက်တော့ အဆောင်တံခါးဝမှာ လူတစ်ယောက်နဲ့တိုက်မိသည်။
"ဟို Sorry၊ sorry...."
ရင်ဘက်နဲ့တိုက်မိသည်လား၊ ကျောက်ဆောင်ကျောက်သားနှင့်တိုက်မိသည်လားဆိုသည်တော့ ဝေခွဲမရဖြစ်ရပါသည်။ တိုက်မိလို့ နာသွားတဲ့ နဖူးကို လက်ဖဝါးဖြင့် ပွတ်သပ်ရင်း မော့ကြည့်မိတော့...
"ကိုကြည်သာ။""အကိုကြီးလို့ပါ ခေါ်ပါကွာ။
မင်း ဘယ်လာတာလဲ။""မနက်စာစားမို့ အကို့ကို လာခေါ်တာပါ"
"သြော်...မင်းရဲ့အကိုကို ရအောင်နိုးပေါ့ကွာ။
ကဲ ငါသွားပြီ ညီလေး"တံခါးဝကနေထွက်သွားတဲ့ ကိုကြည်သာသည် မျက်လုံး ထောင့်ချိုးဖြစ်နေတဲ့ ကိုသက်ကို ဆွဲခေါ်ပြီး အဆောင်ကနေ ထွက်သွားလေသည်။
"စန္ဒသော်ကအောင် ပါလား။ ဘာလာလုပ်တာလဲဟ။"
ဘောလုံးဘောင်းဘီအတိုတစ်ထည်သာ ဝတ်ဆင်ထားသော ကိုတိုးက ပဆိုးကွင်းကို ပခုံးမှာ စလွယ်သိုင်းထားသည်။ လက်ထဲမှာလည်း ရေခွက်နဲ့မို့ မျက်နှာသစ်ဖို့သွားမည်ထင်ရသည်။
"အကို့ကို လာခေါ်တာ ကိုတိုး။
သူ့အခန်းက ဘယ်မှာလဲမသိဘူး။""ဟိုး ထိပ်ဆုံးအခန်းပဲ။ "
သို့နှင့် ကိုတိုး လမ်းညွှန်းရာဆီသို့ ကျွန်တော်လျှောက်ခဲ့လိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်သိသည့်အချိန်မှာ ဂလန့်မထိုးထားသည်မို့ လွယ်လင့်တကူပင် ဖွင့်ကြည့်လိုက်ရာ ကုတင်နှစ်လုံးအနက် တစ်လုံးက လူလွတ်နေသည်။