"မင်းက ဘာလာလုပ်တာလဲ"
အသံထက်အရင် အဝန်းရဲ့နောက်ကျောပြင်ဆီကို ကျရောက်လာသည်က စာအုပ်ထူထူ တစ်ခု။ အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်မို့ ထိုင်နေသည့် ခုံမှ အရှေ့သို့ အလိုအလျောက် ခါးကိုင်းမိသွားရသည်။
အသားနာတာနဲ့ ထပ်ထူ ဖြစ်တည်လာသော ဒေါသတို့သည် အဝန်းမျက်ဝန်းတို့တွင်ထင်ဟပ်နေသည်။ နောက်ကျောဘက်ဆီသို့လှည့် ကြည့်လိုက်တော့ သက်လျာကို မြင်လိုက်ရသည်မို့...
"သီချင်းခွေ လာလုပ်တာ ကိုသက်၊ ကိုသက်ရော ဘယ်လိုရောက်လာတာလဲ။""မိတ္ထူလာဆွဲတာ။ နေပါဦး မင်းကို ငါက ဘာကိစ္စပြောပြရမှာလဲ ငါ့ဘာငါ ဘာလုပ်လုပ်ပေါ့။ ဒါကိုထားဦး .....မင်း မနေ့ကငါ့စောင်တွေကို ဘယ်လိုသယ်လာတာလဲ။ ပြောပါဦး"
"မြင်းလှည်းနဲ့ သယ်ခဲ့တာလေဗျာ..."
"ခွေးကောင်လေး။ ငါ့စောင်တွေမှာ မြင်းခြေမှုန်တွေကြည့်ပဲကွ။ ညက ငါ့မယ် သဲပုံထဲအိပ်ရသလိုပဲ"
"အရှေ့မှာထားလိုက်မိတာ ထင်တယ် ကိုသက်။ တောင်းပန်ပါတယ်ဗျာ....."
"မင်းနော် မင်း။ ဂရုစိုက်..."
"ဟုတ်ကဲ့ ကိုသက်။"
"မင်းအကိုကြီးကြည်သာ့ကို စောင့်ကြည့်ထား။ တစ်ခုခုဆို ငါ့ကိုချက်ချင်းလာပြော။ ငါပြောတာ နားလည်လား။"
"ဟုတ်ကဲ့။"
"မင်းရှိရဲ့နဲ့ သူတစ်ခုခုသာဆိုရင် မင်းမလွယ်ဘူး..."
ဒီတစ်ခါမှာတော့ အဝန်းခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြလိုက်သည်။ တစ်ခါတည်း စိတ်ထဲမှာ တွေးမိတာက ဒီတစ်နှစ်လုံး အကိုကြီးဘာမှမဖြစ်စေရပါ။ ရှေ့နှစ်ကတော့ မပြောတတ်။
"အဝန်းရေ အခွေရပြီဟေ့။ သီချင်းတစ်ပုဒ်ထဲဖြစ်နေလို့ သီချင်းမလာခင် ကြေငြာလေးတစ်ခုထည့်ထားပေးတယ်။"
"ရပါတယ်ဗျာ။ ဘယ်လောက်ပေးရမလဲ"
"၅ရာ...ဒါနဲ့ ဒီသီချင်းကို ကြည်သာ ဂီတာနဲ့ဆိုမှာလားကွ။ ဘယ်နေ့လဲ..."
မနှစ်က အကိုကြီးနဲ့လာရင်း ဒီဆိုင်ကို ပထမဆုံးရောက်ဖူးခဲ့ခြင်းဖြစ်သည်။ မှတ်မှတ်ရရ ပထမနှစ်မှာ ဒီဆိုင်ကို ၉ခေါက်တိတိရောက်ခဲ့သည်။ အကိုကြီးအတွက် တိတ်ခွေလာသွင်းတဲ့ အချိန်ရော၊ ကိုသက်အတွက် လိုအပ်တဲ့ စာရွက်တွေမိတ္ထူလာကူးပေးတဲ့ အချိန်နဲ့ ဒီဆိုင်က အဝန်းနဲ့တော်တော်လေး ရင်းနှီးခဲ့သည်။