"ဟတ်ချိုး...."
မနက်ခင်းရဲ့ ရောင်နီဝန်းကို နှာချေပြီး နှုတ်ဆတ်ရသည်က မနေ့ညက အိုက်စပ်စပ်ဖြစ်လာသည့် ကျွန်တော့်စိတ်၊ ထိုမှတဆင့် အပူတပြင်းဖြစ်လာပါသောခန္ဓာအား အေးချမ်းစေရန်အလို့ငှါ ရေချိုးချလိုက်ခြင်းကြောင့်ဖြစ်သည်။
အချိန်နောက်ကျမှ ရေချိုးခြင်းက အေးချမ်းမှုကို မဆောင်ကျဥ်းနိုင်ခဲ့သော်လည်း မနက်ကျ နေလို့မကောင်းဖြစ်နိုင်သည်ကို ကြိုတွေးမိသည်။ သို့သော်စိတ်နဲ့ဆန္ဒအရ ရေဖြင့်ငြိမ်ချမ်းစေမလားလို့တွေးပြီး အားကိုးတကြီး ချိုးခဲ့မိသည်။ အဲ့တာက အခုတော့ အခက်တွေ့ရပြီ။ မိဘအိမ်လည်းမဟုတ်၊ ကျင်လည်ခဲ့ဖူးပါတဲ့ ဘဘုန်းကျောင်းမှာလည်း မဟုတ်နဲ့ တစ်ခုခုဖြစ်နေရင်......
"သော်ရေ..."
"ကျွန်တော် အထဲမှာရှိတယ် အကို၊ ဟတ်ချိုး "
"နှာချေနေတာလား သော်။ မှန်းစမ်း နေမကောင်းချင်ဘူးလား။"
အမေးနှင့်ထပ်တူ ကျွန်တော့် နဖူးပေါ်ကျရောက်လာပါတဲ့ အကို့လက်ခုံ ခပ်နွေးနွေးကြောင့် ဖျားနာခြင်းကို ကြောက်ရွံ့နေခြင်းတို့က အရှင်းပျောက်ကွယ်သွားရလေသည်။ ကျွန်တော်နေထိုင်နေသည်က အကိုနဲ့နီးရာ ဒေသ။ အကိုရှိသည်။
အကိုရှိသည် ဆိုသော အတွေးထက် ပိုလို့ကောင်းပါတဲ့ ဆေးဆိုသည် ကျွန်တော့်ကမ္ဘာမှာ မပေါ်သေး။
"ဖျားချင်ချင်ဖြစ်နေတာပဲ။ အခုမနက် သော်ဘာမှ မစားရသေးဘူးမဟုတ်လား။"
"အခုမှ အိပ်ရာထ,တာ။"
"ကိုယ်က မနက်စာ စားဖို့ သော့်ကိုလာခေါ်တာ။ အမောင်လူကလေးက တယ်လည်း အပျင်းတစ်ပါလား။"
"ညက နောက်ကျမှ အိပ်ပျော်လို့ပါ အကိုရာ"
ကျွန်တော့်ရဲ့ ခပ်ထွေထွေအပြောကြောင့် အကိုက ကျွန်တော်မျက်လုံးတွေကို တစ်ချက်စိုက်ကြည့်ပြီးမှ အကြည့်လွှဲသွားကာ...
"ဒါဆို သော်မျက်နှာသစ်ထား။ ကိုယ် သော့်အတွက်မနက်စာနဲ့ ဆေးနဲ့ ယူခဲ့မယ်။ အရမ်းကြီးတော့ အဖျားမရှိသေးပါဘူး။ ညက သော် ရေကိုင်တာများသွားတာဖြစ်မယ်။"