"ဘာဖြစ်လို့လဲ အကို"
ထိုင်ခုံတွင် ထိုင်နေပါသော အကို့ဘေး သူတို့အဆောင်ကလူတွေ အုံနေခြင်းက အကိုများတစ်ခုခုဖြစ်နေသလားဆိုတဲ့ အသိနဲ့ ကျွန်တော့်ရင်ကို ဗလောင်ဆူသွားစေသည်။
"မျက်ဆံကို ရွေ့လေကွာ။ အလယ်ကနေ ဘေးကို ရောက်အောင် ဒီဘက်ကိုကြည့်။"
"မျက်နှာကိုမလှည့်ပဲ မျက်လုံးနဲ့ပဲကြည့်မှပေါ့ အဝန်းရ"
ကိုလွင်မောင်နဲ့ ကိုတိုးက လက်ထဲမှာ အင်္ကျီတစ်ထည်ဆီကိုင်ထားရင်း အကို့ကိုပြောနေသည်။ နောက်မှာ ရှိနေသည်က အကို့သူငယ်ချင်းကိုသန့်။ ကိုသန့်က အကို့ခေါင်းကို ကိုင်ထားပေးသည်။
"ဟေ့ကောင် ငြိမ်ငြိမ်နေနော်.."
"အင်း။"
မျက်ရည်တွေ စီးကျနေပါတဲ့ အကို့ပါးပြင်သည် အထက်သို့ အနည်းငယ်မို့တက်သွားသည်။ အကို့ မျက်ခွံတို့ကလည်း ပိတ်ကျချင်နေသည်။ သို့သော်လည်း ကိုလွင်မောင်က အကို့နဖူးပေါ် လက်ခုံတင်ကာ လက်ချောင်းတို့ဖြင့် အကို့အပေါ်ဘက် မျက်ခွံကို ပိတ်ကျမသွားရအောင် ဆွဲထားလေသည်။
"မျက်တောင်မွှေးက မျက်ဆံနားပြန်ရောက်သွားပြီ အဝန်း။ မျက်သားပေါ် ရောက်အောင် ပြန်လုပ်ဦး"
နဖူးတွင် ချွေးစို့နေပါသော ကိုလွင်မောင်က အင်္ကျီလတ်ပြတ်ကို လက်ချောင်းနဲ့ စွပ်ထားရင်း အကိုမျက်လုံး အခြေအနေကိုကြည့်ကာ ပြောလေသည်။ ထိုအပြောကြောင့် ကျွန်တော်လည်း သူတို့အားလုံး စုဝေးနေသည့် အကို့ညာဘက်မျက်ဝန်းဆီကို ကြည့်မိလိုက်တော့ ရွှေရင့်ရောင် မျက်ဆံလေးအနီးမှာ ထောင့်ဖြတ်သဖွယ် နေရာယူထားသည့် အနက်ရောင် အမွှေးလေး။
ဒီမျက်တောင်မွှေးလေးကို ဖယ်ထုတ်ဖို့ ကြိုးစားနေသည်များက ကိုလွင်မောင်၊ ကိုတိုး ၊ ကိုသန့်နဲ့ တခြားသူတွေလည်း ပါသည်။ သူတို့သည် အကို့မျက်ခွံတွေကို ထိရင်း၊ ပြောရင်းနဲ့ပဲ ချွေးပြန်နေကျသည်။ သို့သော်လည်း တစ်ယောက်မှ မျက်ဆံအနီးရှိမျက်တောင်မွှေးကို ထုတ်ရဲကြပုံမပေါ်။ ဒီလူတွေနဲ့တော့ သမားဂုဏ်တို့က မြင့်တက်လို့နေပြီ။